ယောင်လူမျိုး

ဝီကီပီးဒီးယား မှ

ယောင်လူမျိုး

ယောင်လူမျိုးသည် မွန်ခမာအနွယ်ဝင်ဖြစ်၍ မျောင်၊ ယောင်လူမျိုးအုပ်စုခွဲတွင် ပါဝင် သည်။ ၁၉ဝ၁ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းတွင် ယောင်လူမျိုးကိုသော်၎င်း၊ မျောင်လူမျိုး သို့မဟုတ် မြောင်ဇီးလူမျိုးကိုသော်၎င်း မဖော်ပြခဲ့ချေ။ မျောင်စီးလူမျိုးနှင့် ယောင်လူမျိုးတို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အနှံ့အပြားနေထိုင်ကြ၍ ကျိုင်းတုံနယ်နှင့် မိုင်းပိန်နယ် တို့၌လည်း ယောင်လူမျိုးတို့ နေထိုင်သော ကျေးရွာအချို့ရှိခြင်းကြောင့် မြန်မာနိုင်ငံတွင်းသို့ နောက်ကျစွာဝင်ရောက်လာသော လူမျိုးစုဖြစ်သည်ဟု ဆိုသည်။

ယောင်လူမျိုးတို့သည် ပုံပန်းသဏ္ဌာန်အားဖြင့်သော်၎င်း၊ နေထိုင်ပုံအားဖြင့်သော်၎င်း တရုတ်အမျိုးသားတို့နှင့် နီးစပ်သည်။ တရုတ်ယဉ်ကျေးမှုကိုလည်း မပျောက်ပျက်ရအောင် ထိန်းသိမ်းထားကြသည်။ ယောင်လူမျိုးတို့၏ ကျေးရွာတိုင်းတွင် တရုတ်စာကို သင်ကြားပေးမည့်သူ ရှိ၍၊ ထိုဆရာအား ရွာသားတို့က ထောက်ပံ့ထားရသည်။ တရုတ်အမျိုးသားဆရာကို မရနိုင်လျှင် ယောင်အမျိုးသားထဲမှ တရုတ်စာထက် တစ်ဦးဦးကို ဆရာအဖြစ် ခန့်ထားလေ့ရှိသည်။ အိမ်တိုင်း၌လည်း တရုတ်စာပေဆိုင်ရာ စာအုပ်တစ်မျိုးမျိုးကို တရိုတသေထား၍ ကလေးသူငယ်တို့ကို မကြာခဏ သင်ကြားပေးလေ့ရှိကြသည်။

ယောင်အမျိုးသားတို့သည် တရုတ်အမျိုးသားတို့ကဲ့သို့ပင် ဝတ်ဆင်ကြသည်။ အမျိုးသမီးတို့ကမူ မိမိတို့လူမျိုးစု ဓလေ့အတိုင်း ရင်ဖုံးအင်္ကျီနှင့် ထဘီတိုကို ဝတ်ဆင်ကြသည်။ ယောင်အမျိုးသမီးတို့ ခေါင်းပေါင်း ပေါင်းပုံမှာ ထူးခြားသည်။ သုံးထောင့်ချွန် ဝါးဘောင်ပေါ်တွင် သားရေတစ်ထပ်ဖုံး၍ အဝတ်နီဖြင့် ရစ်ပတ်ထားသော ခေါင်းပေါင်းကို ဝတ်ဆင်လေ့ရှိကြသည်။

တောင်ယာစိုက်ပျိုးလုပ်ကိုင်၍ အသက်မွေးကြသည်။ ဆန်စပါး၊ ဝါ၊ ပြောင်းနှင့် ဘိန်းပင်ကို စိုက်ပျိုးသည်။ ယောင်လူမျိုးတို့သည် မိမိတို့ဘာသာ နေထိုင်လေ့ရှိသည်။ နတ်ကိုးကွယ်သူများ ဖြစ်ကြသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)