မောင်သာရ

ဝီကီပီးဒီးယား မှ
၂၀၀၈ ခု၊ နိုဝင်ဘာလ ၂၃ ရက်နေ့က လော့စ်အိန်ဂျယ်လစ်မြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် စာပေ ဟောပြောပွဲတွင် ဆရာ မောင်သာရ ဟောပြောနေစဉ်။ (ဓာတ်ပုံ - မိုးမခ)

မောင်သာရ (၁၉၃၁-၂၀၁၆)၏ အမည်ရင်း သိန်းလွင် ဖြစ်ပြီး ၁၉၃၁ ခုနှစ် မွေးဖွားသည်။ မွေးချင်း မရှိပေ။ ဇာတိမှာ မန္တလေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားခိုက်မှာ မိဘများ အိမ်ထောင်ပျက်ခဲ့ပြီး မိခင် ကျောင်းဆရာမ၊ အဒေါ်ကျောင်းအုပ် ဆရာမနှင့် ဖွားအေတို့၏ အုပ်ထိန်းမှုအောက်တွင် ဗိုင်းကောင်းကျောက်ဖိ ကြီးပြင်းခဲ့သည်။ အသက် ၁၆ နှစ် မပြည့်မှီမှာပင် တက္ကသိုလ်ဝင် ဆယ်တန်း စာမေးပွဲကို တနိုင်ငံလုံးမှာ သင်္ချာ ပထမ ရပြီး အောင်ခဲ့သည်။ သို့သော် အသက်မပြည့်သေးသည့်အတွက် တက္ကသိုလ်ဝင်ခွင့် မရခဲ့ပါ။ နောက်တစ်နှစ်တွင်မှ ဂုဏ်ထူးဆောင် ပညာတော်သင် စရိတ်ဖြင့် မန္တလေးတက္ကသိုလ်တွင် စတက်ခဲ့သည်။ ထိုစဉ် ပြည်တွင်းစစ်ဖြစ်ပြီး မန္တလေးကို သူပုန်သိမ်းခဲ့သဖြင့် ကျောင်းတွေအားလုံး ပိတ်ခဲ့ရသည်။

၁၉၅၁ ခုနှစ်၊ ရန်ကုန်မြို့ရွှေတိဂုံ အလယ်ပစ္စယံ အနောက်တောင်ထောင့် ဇရပ်တဆောင်တွင် ပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးက စတင်မွေးဖွား ဖွဲ့စည်းလိုက်သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ် - ABFSU) တွင် ဗဟိုအလုပ်အမှုဆောင်၊ ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေးဗျူရို အတွင်းရေးမှူးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

၁၉၅၂-၅၃ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ တိုးတက်သော ကျောင်းသားအင်အားစု၊ ဗဟိုကလပ်စည်းအဖွဲ့ဝင်ဖြစ်သည်။

၁၉၅၃ ခုနှစ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦးခေါင်းဆောင်ဘဝဖြင့် တိုက်ပွဲဝင်စဉ် ဖဆပလအစိုးရက ပုဒ်မ (၅) နဲ့ ဖမ်းဆီးပြီး ၁၉၅၃ မှ ၁၉၅၅ အထိ ထောင်သွင်းအကျဉ်းချထားခဲ့သည်။ ထိုစဉ် တက္ကသိုလ်မှ ရာသက်ပန် ကျောင်းထုတ်ပစ်ခံခဲ့ရသည်။

၁၉၅၅ ခုနှစ်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း ရှုမဝမဂ္ဂဇင်းမှာ "ညှာရွှေတခက် ကြွေရက်စော" ဝတ္ထုရှည်ဖြင့် စာပေနယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။

၁၉၅၈ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးသမားများနှင့်အတူ စာရေးဆရာများ ဖြစ်ကြသော ဗန်းမော်တင်အောင်သခင်မြသန်းနှင့် မြသန်းတင့် တို့ကိုပါ ဖမ်းဆီးပြီး ကိုကိုးကျွန်း (တကျွန်းအကျဉ်းထောင်) ပို့သည့်အခါ အထက်အဖွဲ့အစည်း၏ ညွှန်ကြားချက်အရ တိမ်းရှောင် ပုန်းအောင်းနေခဲ့သည်။ ထို့နောက် အကြောင်းကြောင်းကြောင့် နိုင်ငံရေးကို စိတ်ကုန်စွန့်လွှတ်ပြီး စာပေနယ်ထဲ၌သာ ကျင်လည်နေခဲ့သည်။

၁၉၇ဝ ခုနှစ်တွင် "မတ်တပ်ရပ်လို့ လမ်းမှာငို" ဝတ္ထုဖြင့် အမျိုးသား စာပေဆုရခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအထိ ကိုယ်ပိုင် လစဉ်ထုတ် "သာရ" မဂ္ဂဇင်း အပါအဝင် စာရေးသမျှနှင့် ရေးခွင့်အားလုံးအပိတ်ခံရချိန်အထိ လုံးချင်း စာအုပ်ပေါင်း ၆ဝ နှင့် ဝတ္ထုတိုပေါင်း ၃၀ဝ ကျော် ရေးသားခဲ့သည်။ တချို့ကို နိုင်ငံရပ်ခြားမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်။ တချို့ကို ပြည်တွင်း၌ ရုပ်ရှင် ရိုက်ခဲ့သည်။

၁၉၉၉ ဇူလိုင်လတွင် တိုင်းပြည်မှ ထွက်ခွာခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ နီဗားဒါး၊ လပ်စ်ဗေးဂတ်စ်တွင် ပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။

အာအက်ဖ်အေ (RFA လွတ်လပ်တဲ့ အာရှအသံ) မှ အပတ်စဉ်ပုံမှန် အနုပညာနှင့် စာပေဆောင်းပါးများ အသံလွှင့်ခဲ့သည်။

သို့သော်လည်း ဝတ္ထုဇာတ်လမ်း ရေးသားခြင်းများ ပြတ်တောက်နေသဖြင့် ၂၀၀၉၊ မတ်လက နှလုံးခွဲစိတ် ကုသမှုခံယူပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသော ဆရာမောင်သာရအား တဖန် ပြန်လည်ရေးသားရန် မိုးမခက မေတ္တာရပ်ခံခဲ့ရာ၊ ဆရာက ရံဖန်ရံခါ ရေးဖြစ်သော ဝတ္ထုများကို ပရိသတ်နှင့် မျှဝေပေးမည်ဟု အဖြေပေးခဲ့သည်။[၁]

မောင်သာရ၏ သမီးမှာ စာရေးဆရာမ ဖြိုးသာရ‎ ဖြစ်သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်သည်။

မောင်သာရ ဝတ္ထုရှည် စာရင်း

  1. မျိုးမမ ပကာသနီ
  2. လမ်း၌တွေ့သော သစ်ပင်တပင်
  3. လှသည်၊ လွယ်သည်၊ သို့သော် လည်သည်
  4. ချစ်သူကနေ့၊ ကိုယ်က ည
  5. မောင်သိန်းလွင်၏ မစန်းစန်းဝင့်
  6. ထဘီကျွတ်၍ လွှတ်လိုက်မည်
  7. တယောက်မျက်နှာ တယောက်ကြည့်ကာ
  8. မြည်းတကောင်နှင့် သားအဖနှစ်ယောက်
  9. မကူးသောငါး၊ မနားသော ငှက်
  10. မတ်တပ်ရပ်လို့ လမ်းမှာငို
  11. ရွှေစော်နံ ပြန်လိုက်ဦး
  12. ပြီးတော့….လူကိုပါယူသည်
  13. ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း
  14. အရုပ်မျက်နှာ ပန်းမျက်နှာ
  15. သူ့အယင်က တယောက်၊ သူက တစ်ယောက်
  16. ပြန်မပြောရင် ပြောချင်တယ်
  17. အထက်တဝက် အောက်တဝက်
  18. စီးပလေစေ မောင်မသုတ်နဲ့
  19. အသနက်မ အောင်လံကြီးထူ
  20. ကျဉ်တုပ်ခံဝံ့ မခံဝံ့
  21. အမေက ငယ်သေးတယ်တဲ့ရှင်
  22. ရင်ခုန်သံ နည်းနည်းမြန်သည် (ပ၊ဒု)
  23. ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့်
  24. ဝဋ်လိုက်တတ်တယ် မောင်မောင်သတိထား
  25. ယုန်နှင့်အတူပြေး၊ ခွေးနှင့်အတူလိုက်
  26. ရှင်ဘုရင်နဲ့ညားရင် မိဖုရား
  27. ဂူတဂူထဲ ခြင်္သေ့နှစ်ကောင်
  28. ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ
  29. မငိုရဘူး မရယ်ရဘူး
  30. မနှတ်လောက်တော့ တဆယ်ချေး
  31. ပြောပြန်ရင်လဲ မောင်သာရ လွန်ရာကျမယ်
  32. ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လို (ပ၊ဒု)
  33. နက်ဖြန်မှဖြစ်မှာ လာမပြောနဲ့
  34. မချစ်ပြန်ရင်လဲ အားနာစရာ
  35. သုမနကျောမှာ ဒဏ်ရာတွေနဲ့
  36. ဇီးကွက်ရုပ် အသည်းနှလုံး
  37. ရွာငယ် ဇနပုဒ် မီးကလေး မှိတ်တုပ် ( မိုးမိုး အင်းလျား၏ ပန်းရိုင်းတရာနှင့် ပူးတွဲ)
  38. လှမျက်ခြယ် ရာ့သက်ဝယ်ဘယ်မမုန်းပြီဘု
  39. နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ
  40. ငရုတ်မှန်လျှင် စပ်ရမည် (မစန္ဒာ၏ မစပ်သောငရုပ်နှင့်ပူးတွဲ)
  41. မောင် ….သူက ဘယ်သူလဲဟင်
  42. ပုစွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေး မြို့တော်သူ
  43. ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်
  44. တို့ဘက်က ကြည့်တော့ သူရဲကောင်း ၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက်
  45. မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်း
  46. လေတိုက်လို့ သစ်ပင်လှုပ်တာ၊ သစ်ပင်လှုပ်လို့ လေတိုက်တာ
  47. ကောင်းပြီဆို ခံရပြီသာမှတ်
  48. ဝက်လူးကျေးရွာသွား တောလား
  49. မိန်းမရှားသလား ဟုတ်စ
  50. ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာရေရှာ၍ မရသကဲ့သို့
  51. မုန့်လုံးစက္ကူကပ် ဇာတ်လမ်း
  52. အိပ်ကောင်းခြင်းလည်း မအိပ်ရ (နုနုရည် အင်းဝ ၏ တက်ကျိုးတော့ လက်ထိုးလှော်မယ် နှင့် ပူးတွဲ)
  53. လက်ညှိုးညွန်ရာ လိုရာဖြစ်စေ
  54. ဘိုကေတစ်ထောင်မှာ တယောက်လောက်တော့

ကိုးကား

  1. ၂၀၀၉ ဩဂုတ် ၆ ရက်နေ့က မိုးမခ ကွန်ရက် စာမျက်နှာမှ