ဘာကီးနားဖားဆိုနိုင်ငံ

ဝီကီပီးဒီးယား မှ

ဘာကီးနားဖားဆိုနိုင်ငံ (Burkina Faso) (အတိုကောက်အားဖြင့် ဘာကီးနား) သည် အနောက်အာဖရိက ရှိ ကုန်းတွင်းပိတ်နိုင်ငံ တစ်ခု ဖြစ်သည်။ မြောက်ဘက်တွင်မာလီ၊ အရှေ့ဘက်တွင် နိုင်ဂျား၊ အရှေ့တောင်ဘက်တွင် ဘီနင်၊ တောင်ဘက်တွင် တိုဂို နှင့် ဂါနာ၊ အနောက်တောင်ဘက်တွင် အိုင်ဗရီကို့စ်ထ် နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

ဧရိယာစတုရန်းကီလိုမီတာပေါင်း (၂၇၄,၂၀၀) ရှိပြီး လူဦးရေ ၁၅,၇၅၇,၀၀၀ ကျော် ရှိသည်။ ရှေးယခင်က အထက်ဗိုလ်တာသမ္မတနိုင်ငံ (Republic of Upper Volta) ဟုခေါ်ဆိုခဲ့သည်။ ၁၉၈၄ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့တွင် ထိုစဉ်က သမ္မတဖြစ်သူ သောမတ်စ်ဆန်ကာရာ (Thomas Sankara) က နိုင်ငံတွင်း လူများစုဖြစ်သော မိုရေး (Mòoré language) နှင့် ဒီယိုလာ (Dioula language)ဘာသာစကားအားဖြင့် the land of upright people ဟုအမည်ရသော ဘာကီးနားဖားဆိုအဖြစ်အမည်ပြောင်းခဲ့သည်။ ဘာကီးနားဟူသည် မိုရေးဘာသာစကားအားဖြင့် စည်းလုံးညီညွတ်ခြင်းဟု အဓိပ္ပါယ်ရပြီး ဖားဆိုမှာ ဒီယိုလာဘာသာစကားအားဖြင့် ဖခင်အိမ်ဟုအဓိပ္ပါယ်ရသည်။ ဘာကီးနားဖားဆိုနိုင်ငံသားများကို ဘာကီးနားဘေး (Burkinabè) ဟုခေါ်ဆိုသည်။

ဘီစီ (၁၄,၀၀၀) မှ ဘီစီ (၅,၀၀၀) ကြားတွင် စတင်၍ နိုင်ငံ၏အနောက်မြောက်ပိုင်းတွင် အမဲလိုက်သော လူသားများအခြေချနေထိုင်ခဲ့သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သော လူသားများမှာ ဘီစီ (၃,၆၀၀) မှ ဘီစီ (၂,၆၀၀) အတွင်း စတင် အခြေချနေထိုင်လာခဲ့ကြသည်။ ဘာကီးနားဖားဆို၏ အလယ်ဗဟိုပိုင်း တွင် မော့ဆီဘုရင့်နိုင်ငံ (Mossi kingdoms) များ အများအပြား ရှိခဲ့ဖူးသည်။ ၁၈၉၆တွင် ပြင်သစ် အစောင့်အရှောက်ခံနိုင်ငံ (French protectorate) ဖြစ်လာခဲ့သည်။ ၁၉၆၀ တွင် လွတ်လပ်ရေးရသည်။ ထို့နောက်တွင် နိုင်ငံရေး ပြောင်းလဲမှုများ များစွာဖြစ်ပွားခဲ့ပြီး သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ လက်ရှိသမ္မတမှာ ဘလေ့စ်ကွန်ပါရေး (Blaise Compaoré) ဖြစ်သည်။

ဘာကီးနားဖားဆို၏ မြို့တော်မှာ ဝါဂါဒူဂူ (Ouagadougou) ဖြစ်သည်။ အာဖရိကသမဂ္ဂ (African Union) ၊ အစ္စလမ်ကွန်ဖရင့်အဖွဲ့ (Organization of the Islamic Conference)၊ အနောက်အာဖရိက စီးပွားရေးအဖွဲ့ (Economic Community of West African States)၊ Community of Sahel-Saharan States နှင့် La Francophonie တို့၏အဖွဲ့ဝင်ဖြစ်သည်။

သမိုင်းကြောင်း