ဗမာ့ကာကွယ်ရေးတပ်မတော်

ဝီကီပီးဒီးယား မှ
၀၄:၂၈၊ ၂၉ နိုဝင်ဘာ ၂၀၂၀ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ရိုဘော့ - မြန်မာ့ သမိုင်း ကို မြန်မာနိုင်ငံ၏ သမိုင်း ဖြင့် အစားထိုးနေသည်) တည်းဖြတ်သည့်မူ

ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)

အင်အားကြီးမားသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဂျပန်တို့သည် အလိမ္မာနှင့် ချုပ်ချယ်ရန်ကြိုးစားလာကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးပေးတော့မည်ဖြစ်၍ ဗမာ့လွတ်လပ်ရေးတပ်မတော်ဟူသော အမည်သည်လည်း အဓိပ္ပါယ်မရှိဖြစ်နေသည်။ လွတ်လပ်သည့်မြန်မာနိုင်ငံအတွက် ကာကွယ်ရန်သာ အရေးကြီးသဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဘီဒီအေဟု အမည်ပြောင်းရန်နှင့် တပ်သားအရေအတွက် လျှော့ချရန် ဂျပန်များက ဆိုလာကြသည်။ ဤတွင် ဘီအိုင်အေ ခေါင်းဆောင်များက ဂျပန်ကိုပြန်၍ မတော်လှန်နိုင်သေးသဖြင့် ဘီဒီအေဖွဲ့ရန် သဘောတူလိုက်ရသည်။


ဗိုလ်မိုးကြိုးအား ဂျပန်ပို့လိုက်ပြီးနောက် ၁၉၄၂ ခု၊ ဇူလိုင်လ (၂၇)ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရမည်ဟုဆိုကာ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ဗမာ့တပ်မတော်သားများကို ရန်ကုန်နှင့် မန်တလေးတွင် စုဝေးစေပြီး လက်နက်ကို သိမ်းယူခဲ့သည်။ ပြန်လည်ဖွဲ့စည်းလိုက်သော ဗမာ့ကာကွယ်ရေးတွင် ဌာနချုပ်မှအစ တပ်ရင်းတပ်ဖွဲ့တိုင်း၌ ဂျပန်စစ်ဖက်အကြံပေးအရာရှိများ တွဲဖက်ထားရှိသည်။ လက်နက်ခံယမ်းမီးကျောက်များကိုလည်း သာမန်မျှသာ ခွင့်ပြုထားသည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ သေနာပတိအဖြစ် ဗိုလ်ချုပ်အောင်ဆန်းအား ခန့်ထားခဲ့သည်။ ဘီဒီအေခေတ်တွင် စစ်ဝန်ကြီးရုံး၊ စစ်တက္ကသိုလ် စသည်တို့ ပေါ်ပေါက်လာ။ ၁၉၄၃ ခု၊ ဩဂုတ်လ (၁)ရက်နေ့တွင် ဂျပန်တို့သည် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သည်။

ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို လွတ်လပ်ရေးတိုက်ပွဲ အတွက် စစ်ချီတက်ရင်း အရေးပေါ် ကောက်ကာငင်ကာ စုဖွဲ့ရတာမို့ စနစ်တကျ စိစစ်မှု မပြုနိုင်ခဲ့တာကြောင့် အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ ပါဝင်ခဲ့သည်။ ယင်း အနေအထားကြောင့် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ အင်အား (၅၀ဝ၀ဝ) ကျော်ရှိတဲ့ (BIA) တပ်မတော်ကြီးကို ဖျက်သိမ်းကာ အင်အား(၃၀ဝ၀) နဲ့ (BDA )“ဗမာ့ကာကွယ်ရေး တပ်မတော်” ကို အရည်အသွေး ကောင်းအောင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

BDA တပ်မတော်ကိုပြင်ဆင်စုဖွဲ့ခဲ့ရာမှာတော့ စနစ်တကျ စိစစ်မှုများပြုနိုင်ခဲ့သောကြောင့် တပ်ပုံစံ ဝင်ခဲ့သည်။ တပ်ရင်း၊ တပ်ခွဲ၊တပ်စု ၊ တပ်စိတ်များကို စည်းကမ်း စည်းမျဉ်း လုပ်ထုံးလုပ်နည်းနဲ့ အညီ စုဖွဲ့ နိုင်ခဲ့သလို အရည်အသွေး ပိုမို မြင့်စေဖို့ အတွက် အခြေခံ စစ်ပညာသင်တန်း၊ မွမ်းမံတိုးမြှင့်သင်တန်းအပြင် ဗိုလ်သင်တန်းကျောင်းကိုပါ သင်တန်းများပေးဖို့ စနစ်တကျ ဖွင့်လှစ်နိုင်ခဲ့သည်။ ဗိုလ်သင်တန်းကျောင်းက အရည်အသွေး ပြည့်ဝစွာ ဆင်းတဲ့ အရာရှိလောင်းတွေကို ဂျပန်နိုင်ငံ့ ဘုရင့်စစ်တက္ကသိုလ် သို့ အသုတ်လိုက် စေလွှတ်ကာ ဆည်းပူးသင်ယူ လေ့ကျင့်စေခဲ့သည်။

တပ်မတော်အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

၁၃-၃-၁၉၄၄ မှာ BDA ဗမာ့တပ်မတော်ခေတ် ဗိုလ်သင်တန်းကျောင်းဆင်းပွဲ တစ်ခုတွင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ ့ ကျောင်းဆင်းပွဲ မိန့်ခွန်းတွင် “ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ ဗမာနိုင်ငံဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။တို့တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီနိုင်ငံ အကျိုးကို ကာကွယ်ရမယ်။ ဗမာ့တပ်မတော်ဟာ ဗမာ တနိုင်ငံလုံး တမျိုးသားလုံး အတွက်ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတစ်ဦး တစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ ဒီတပ်မတော်ဟာ တစ်ဖွဲ့၊ တစ်ပါတီ၊ လူတစ်စုအတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်” လို့ ပြောကြားခဲ့သည်။