ပြန်ကြားရေးဝန်ကြီးဌာန
ဤဆောင်းပါး သည် ပင်မရင်းမြစ်များပေါ်တွင် အများဆုံးမှီခို ကိုးကားထားသည်။ |
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
ပြည်ထောင်စုဝန်ကြီး | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၂၆ စက်တင်ဘာ ၁၉၄၆ |
ဌာနချုပ် | ရုံးအမှတ် (၇)၊နေပြည်တော် |
ဝန်ကြီးများ | ဦးချစ်နိုင် |
ဒုတိယဝန်ကြီးများ | ဦးအောင်လှထွန်း |
ဝက်ဘ်ဆိုက် | moi.gov.mm |
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ပြည်သူ့ပြန်ကြားရေးနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနထားရှိပါသည်။ လက်ရှိဝန်ကြီးမှာ ဦးချစ်နိုင်ဖြစ်သည်။
သမိုင်းကြောင်း
ပြန်ကြားရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံတွင် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ရေတွက်လျှင် ပြန်ကြားရေး ဝန်ကြီးဌာန သက်တမ်းသည် (၇၁)နှစ်ခန့် ရှိပြီဖြစ်သည်။ပြန်ကြားရေးဝန်ကြီး ဌာန၏ ပင်မ တာဝန်မှာ ပြည်သူလူထုအား ခေတ်မီလူထုဆက်သွယ်ရေး နည်းလမ်းများအသုံးပြု၍ သုတ၊ ရသသက် ရောက် သော ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖြေဖျော်ပေးခြင်းတို့ဖြစ်ပါသည်။
၁၅-၃-၁၉၇၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ ကြေညာချက်အမှတ်(၉၇)အရ အတွင်းဝန်များရုံးအား ဖျက်သိမ်း၍ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ် ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနကို အောက်ပါအတိုင်း ဦးစီးဌာန(၁)ခု၊ ကော်ပိုရေးရှင်း (၃)ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ပြန်ကြားရေးဌာနခွဲနှင့် အသံလွှင့်ဌာနခွဲကိုပေါင်း၍ ပြန်ကြားရေးနှင့်အသံလွှင့် ဦးစီးဌာန၊ဗဟိုပုံနှိပ်တိုက်၊ ပြည်သူပိုင်ပုံနှိပ်တိုက်များ ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ၊ စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့နှင့် မြဝတီပုံနှိပ်တိုက်တို့ကိုပေါင်း၍ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း၊လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၊ The Working People’s Daily၊ ကြေးမုံသတင်းစာ၊ ဗိုလ်တထောင်သတင်းစာ၊ The Guardian Daily၊ မြန်မာ့အလင်းသတင်းစာနှင့် ဟံသာဝတီ သတင်းစာတို့ကိုပေါင်း၍ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့၊ ဗဟိုရုပ်ရှင်ဌာနခွဲ၊ ရုပ်ရှင်လုပ်ငန်းမြှင့်တင်ရေးအဖွဲ့နှင့် နိုင်ငံခြား ရုပ်ရှင်ကားတင်သွင်းရေးအေဂျင်စီတို့ကိုပေါင်း၍ ရုပ်ရှင်ကော်ပိုရေးရှင်း ဟူ၍ဖွဲ့စည်းခဲ့သည်။
နောက်ပိုင်းတွင် ဦးစီးဌာနနှင့်လုပ်ငန်းများအဖြစ် အောက်ပါအတိုင်း အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
- မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
၁၉၄၆ခုနှစ်တွင် ဗမာ့အသံ ၊ ၁၉၅၈ခုနှစ်တွင် မြန်မာ့အသံ၊ ၁၉၇၂ ခုနှစ်တွင် ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန၊ ၁၉၈၀ ပြည့်နှစ်တွင် ရောင်စုံ ရုပ်မြင် သံကြား အစီအစဉ်ကို စတင်ထုတ်လွှင့်ခဲ့ပြီး ၂၄-၁-၁၉၉၁ ရက်နေ့မှ စတင်၍ မြန်မာ့ ရုပ်မြင်သံကြားနှင့်အသံလွှင့်ဦးစီးဌာန၊ ၂၂-၁၁-၁၉၉၇ ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဟု အမည်ပြောင်းလဲခဲ့ပါသည်။
- ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ပြန်ကြားရေးနှင့်အသံလွှင့်ဦးစီးဌာန လက်အောက်တွင်ရှိသည့် ပြန်ကြားရေးဌာန ခွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖြစ် ၂၄-၁-၁၉၉၁ ရက်နေ့ တွင် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ထိုမှတစ်ဆင့် ၁၅-၁-၂၀၁၅ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၅) ၏ သဘောတူညီချက်အရ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဦးစီးဌာန (ယခင်မြန်မာ့ ရုပ်ရှင်လုပ်ငန်း)ကို ဖျက်သိမ်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနအောက်တွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအဖြစ် ထည့်သွင်းပြင်ဆင်ဖွဲ့စည်းခဲ့သည်။
- ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန
ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်းကို ၁-၄-၁၉၈၉ရက်နေ့တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ယခုအခါ၁၃-၁-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၆)၏ သဘောတူညီချက်အရ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၂၂-၁-၂၀၁၆ ရက်စွဲပါစာအမှတ်၊၁-၂(၃/၂၀၁၆)/၀၁၃၅ ဖြင့် အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့သည်။
- သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းကို ၁-၄-၁၉၉၈ရက်နေ့တွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းဟု အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ရုပ်ရှင်ဆင်ဆာဘုတ်အဖွဲ့၊ ဗဟိုရုပ်ရှင်ဌာနခွဲ၊ ရုပ်ရှင်လုပ်ငန်းမြှင့်တင်ရေး အဖွဲ့နှင့် နိုင်ငံခြား ရုပ်ရှင်ကားတင်သွင်းရေး အေဂျင်စီတို့ကိုပေါင်း၍ ရုပ်ရှင်ကော်ပိုရေးရှင်း ဟုလည်းကောင်း၊ ရုပ်ရှင်ကော်ပိုရေးရှင်းကို မြန်မာ့ရုပ်ရှင်လုပ်ငန်းဟု လည်းကောင်း အဆင့်ဆင့် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး၁-၄-၂၀၁၄ ရက်နေ့မှစ၍ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဖြစ်ဖွဲ့စည်းခဲ့ပါသည်။ ၁၅-၁-၂၀၁၅ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏ သဘောတူ ညီချက်အရ မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနကိုဖျက်သိမ်းပြီး ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနအောက်တွင် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဖွဲ့စည်းပုံ
ဝန်ကြီးရုံး လက်အောက်တွင် ဦးစီးဌာန နှစ်ခုနှင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အောက်ခြေ အဖွဲ့အစည်းကို တာဝန်ခံခြင်း၊ ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် အောက်ခြေ အဖွဲ့အစည်းများကို လမ်းညွှန်ကွပ်ကဲခြင်း တာဝန်များကို ထမ်းဆောင်လျှက်ရှိသည်။ လက်အောက်ခံ စီးပွားရေးလုပ်ငန်းများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များကို နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိသည်။ လက်အောက်ခံ ဦးစီးဌာနနှင့် လုပ်ငန်းများမှာ အောက်ပါတို့ ဖြစ်ကြသည်-
- မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(Myanma Radio and Television)
- ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Information and Public Relation Department)
- ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန(Printing and Publishing Department)
- သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(News and Periodicals Enterprise)တို့ ဖြစ်ကြသည်။
ကိုးကား
[၁] Archived 15 July 2012 at the Wayback Machine.ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုက်