နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ်

ဝီကီပီးဒီးယား မှ
၀၈:၅၂၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ

တပါတီစနစ်ကို လုံးဝ အယုံအကြည်မရှိ၊ အလိုမရှိတော့သော ပြည်သူလူထုကြီးမှာ မဆလ ပါတီဖျက်သိမ်းရေးနှင့် ဒီမိုကရေစီရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ဆက်လက်တောင်းဆို ဆန္ဒပြခဲ့ကြပေသည်။ သို့နှင့် (၁၉၈၈)ခုနှစ် စက်တင်္ဘာလ(၁၈)ရက်နေ့တွင် နိုင်ငံ၏ ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသော မြန်မာ့တပ်မတော်မှခေါင်းဆောင်များသည် ညှာတာမှုကင်းမဲ့စွာဖြင့် ပြည်သူကို ကာကွယ်ရန်ဖြစ်သော လက်နက်များကိုပင်အသုံးပြုကာ ဒီမိုကရေစီလှုပ်ရှားမှုကြီးတွင်ပါဝင်သော ရဟန်းရှင်လူ ကျောင်းသား ပြည်သူအား ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်စေခိုင်းခဲ့၏။ ထို့နောက် နိုင်ငံတော်အာဏာကိုသိမ်းယူပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(စစ်အစိုးရ)ကို နဝတအမိန့်အမှတ် (၁/၈၈)ဖြင့် ဖွဲ့စည်းခဲ့သည်။

စစ်တပ်မှ အာဏာသိမ်းသည်နှင့် နိုင်ငံတဝှမ်းလုံးတွင် ဒီမိုကရေစီကို လိုလားတောင့်တနေသော ပြည်သူလူထုကြီးမှာ စစ်တပ်၏ ရက်စက်မှုအောက် အသက်သွေးမြေကျရခြင်း၊ ပျောက်ဆုံးသွားရခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ နိုင်ငံ၏ပြင်ပသို့ ထွက်ခွာသွားရခြင်း-စသော ဖိနှိပ်မှုပေါင်းစုံကိုခံခဲ့ရပေသည်။ အာဏာသိမ်းသည့် (၁၉၈၈)ခုနှစ် စက်တင်္ဘာလ(၁၈) ရက် နေ့တွင် ထုတ်ပြန်ခဲ့သော နဝတ ကြေညာချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(ကြေညာချက်အမှတ် ၁/၈၈)
(၁၃၅ဝ)ပြည့်နှစ် တော်သလင်းလဆန်း (၈)ရက်၊ (၁၉၈၈)ခုနှစ် စက်တင်္ဘာလ (၁၈)ရက်

၁။ နိုင်ငံတော်တစ်ဝှမ်းလုံးတွင် အဘက်ဘက်မှ ယိုယွင်းနေသောအခြေအနေကို အချိန်မှီ ထိန်းသိမ်း နိုင်ရန်အတွက် ပြည်သူပြည်သား အားလုံးအကျိုးငှာ တပ်မတော်သည် အောက်ပါ လက်ငင်း လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရန် ယနေ့မှစ၍ နိုင်ငံတော်အာဏာ အရပ်ရပ်ကို လုံးဝတာဝန်ယူလိုက်သည်။

  • (က) တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊
  • (ခ) လမ်းပမ်းဆက်သွယ်မှုလုံòခံချောမွေ့စေရေး၊
  • (ဂ) ပြည်သူများ စာဝတ်နေရေးချောင်လည်စေရန် ဤအဖွဲ့မှ အစွမ်းကုန်ကြိုးပမ်း ဆောင် ရွက်ပေးရန်နှင့် ပုဂ္ဂလိက၊ သမဝါယမတို့ ဆောင်ရွက်နိုင်အောင်လည်း တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်ရေး။
  • (ဃ) အထက်ပါ လုပ်ငန်းရပ်များ ပြည့်စုံပြီးလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေး၊

၂။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းအကောင်အထည် ဖော်နိုင်ရန် လက်ရှိပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်ကို ဆက်လက်ထားရှိမည်။

၃။ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် အဆင်သင့်ဖြစ်နေရန်အတွက် စစ်မှန်သော ဒီမိုကရေစီကို လက်ခံကျင့်သုံးမည့် ပါတီအဖွဲ့အစည်းများသည် ယခုအခါမှစ၍ ပြင်ဆင်ဖွဲ့စည်းလို်က်ပါသည်။

၄။ အထက်ပါ လုပ်ငန်းရပ်များအောင်မြင်စေရန်အတွက် လက်ရှိလှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ၊ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းပါသည်။

အထက်ဖော်ပြပါကြေညာချက်အရ မြန်မာ့တပ်မတော်သည် နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် မဆလ အစိုးရ လက်ထက်က ဖွဲ့စည်းခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်များဆက်လက် တာဝန်ပေးအပ်ခဲ့ပြီး စစ်မှန်သောဒီမိုကရေစီကို လက်ခံကျင့်သုံးမည့် နိုင်ငံရေးပါတီအဖွဲ့အစည်းများကို ပြင်ဆင်ဖွဲ့ စည်းစေခဲ့ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင်၏ တိုင်းပြည်သို့တင်ပြချက်များ

ထိုကာလအတွင်း (၁၉၈၈)ခုနှစ် စက်တင်္ဘာလ (၂၃)ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်က နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှုတည်ဆောက်ရေးအဖွဲ့(စစ်အစိုးရ)၏ “တင်ပြမေတ္တာရပ်ခံချက်”ကို တိုင်းပြည်သို့ ကြေညာခဲ့လေသည်။ ထိုမေတ္တာရပ်ခံချက်တွင်-

“ကျြနော်တို့အနေနဲ့အစိုးရကိုဖွဲ့စည်းခြင်းဟာ နိုင်ငံတနိ်ုင်ငံမှာ ရှိသင့်ရှိထိုက်တဲ့အင်္ဂါတရပ် နဲ့ပြည့်စုံစေဖို့၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ တာဝန်တွေကို ခွဲဝေထမ်းဆောင်နိုင်ဖို့ အတွက်သာဖြစ်ပြီး ပုဂ္ဂိုလ်အနည်းငယ်မျှနဲ့သာ တာဝန်တွေ များပြားစွာပေးအပ်ထားခြင်းကနိုင်ငံတော် အာဏာကို ကြာရှည်လေးမြင့်စွာ ရယူလိုသောဆန္ဒ လုံးဝမရှိကြောင်းကို ထင်ရှားစေပါတယ်။ ကျနော်တို့နှင့်တကွ လုပ်ဖော်ကိုင်ဖက်များ၊ တပ်မတော်သားအားလုံးက နိုင်ငံတော် အာဏာကို ကြာရှည်စွာရယူလိုသော ဆန္ဒမရှိကြောင်း၊ ရဟန်းရှင်လူ ပြည်သူအပေါင်းကို ရိုသေလေးစားတည်ကြည်စွာကတိပြုပါတယ်” ဟူ၍ ၎င်းနှင့်အတူ ၎င်း၏လုပ်ဖော်ကိုင်ဖက် တပ်မတော်သားများ နိုင်ငံတော်အာဏာကို ကြာရှည်စွာ ရယူထားလိုစိတ် မရှိကြောင်းကို ရဟန်းရှင်လူ ပြည်သူအပေါင်းအား ကတိပေးခဲ့ပေသည်။

ထိုမေတ္တာရပ်ခံချက်မှာပင်- “-တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့လည်း နိုင်ငံ့ကျေးဇူးသစ္စာကို ခံယူထားတဲ့ အဖွဲ့အစည်းဖြစ်လို့ နိုင်ငံတော်နဲ့နိုင်ငံသားများအပေါ် ဝန်ခံထားရှိပြီးဖြစ်တဲ့ ကတိသစ္စာကို မည်သို့သော အကြောင်း ကြောင့်မျှ ပယ်ဖျက်ဖောက်ဖျက်မှာ မဟုတ်ကြောင်း ယုံကြည်ထားရှိကြစေလိုတယ်-”ဟူ၍ တပ်မတော်သားများ၏ ကတိသစ္စာ တည်ကြည်မှုကို ယုံကြည်စေရန် ထပ်လောင်း၍ ပြောဆိုခဲ့ပေသည်။

ထို့ပြင်- “- ကျနော်တို့ တာဝန်ယူရမယ့် ကာလဟာ အလွန် တိုတောင်းတဲ့အတွက် ကျန်းမာရေး၊ ပညာရေး၊ အခြားလူမှုရေးဆိုင်ရာ လုပ်ငန်းများကို ထိုက်သင့်သလောက်သာ ထိန်းသိမ်း ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ရေရှည်ကို ပြုပြင်ဆောင်ရွက်မယ့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများကိုတော့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်ပပြီးနောက် တက်ရောက်လာမယ့် အစိုးရအဖွဲ့အစည်းကဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ ပြည်သူ ပြည်သားများက မိမိတို့ ဒီမိုကရေစီ ရပိုင်ခွင့်အရ လွတ်လပ်မျှတစွာ ရွေးချယ်တင်မြှောက်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ အစည်းကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးပြီးတာနဲ့ ကျနော်တို့ရဲ့ မူလတာဝန်ဖြစ်တဲ့ နိ်ုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်တွေကိုသာ ဆက်လက်ဆောင်ရွက်သွားဖြစ်ကြောင်း ထပ်မံကတိပေးလိုပါတယ်။” ဟူ၍ ၎င်းတို့တာဝန်ယူမည့်အချိန်မှာ အလွန် တိုတောင်းမည်၊ ရွေးကောက်ပွဲပြီးလျှင် ပြည်သူလူထုမှ ရွေးချယ် တင်မြှောက် ပေးလိုက်သောအဖွဲ့အစည်းအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေကာ စစ်တန်းလျားပြန်မည်ဟု ပြည်သူလူထု တရပ်လုံးအား ထပ်မံ ကတိပေးပါသည်။ ထိုကဲ့သို့တိုင်းပြည်ကို အုပ်ချုပ်နေသော အစိုးရမှ ကတိများ ထပ်တလဲလဲ ပေးပြီး နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအား ထုတ်ပြန်ခဲ့လေသည်။[၁]

ကိုးကား

  1. ၁၉၉၀ ရွေးကောက်ပွဲ: စစ်တပ်မှ အာဏာသိမ်းခြင်း။ 21 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 February 2012 တွင် ပြန်စစ်ပြီး။