ကြယ်တံခွန်

ဝီကီပီးဒီးယား မှ
Comet Tempel collides with Deep Impact's impactorComet 67P/Churyumov–Gerasimenko orbited by Rosetta
Comet en:17P/Holmes and its blue ionized tailComet Wild 2 visited by Stardust probe
Hale–Bopp seen from Croatia in 1997Comet Lovejoy seen from orbit
Comets – nucleus, coma and tail:

ကြယ်တံခွန်ဆိုရာ၌ တစ်ခါတစ်ရံသာလျှင် မြင်ရသော မီးရှုးသဏ္ဌာန် အရောင်တန်းထွက်နေသည့်ကြယ်ကို ဆိုလိုသည်။ ကောင်းကင်တန်ဆာတို့တွင် ကြယ်တံခွန်များသည် အံ့ဩစရာ ကောင်းပေသည်။ ကြယ်တံခွန်တို့သည် ရုတ်တရက် ပေါ်လာတတ်၍၊ ရက်အနည်းငယ်သော်၎င်း ရက်ပေါင်းများစွာသော်၎င်း ကြာအောင် မြင်မြင်ထင်ထင် ရှိပြီးနောက်၊ နေမှဝေးရာသို့ ဆုတ်ခွာပျောက်ကွယ် သွားတတ်ကြသည်။ ရှေးအခါက ကြယ်တံခွန်နှင့် စပ်လျဉ်း၍ ယုံမှတ်မှုများစွာ ရှိခဲ့၏။ များသောအားဖြင့် ကြယ်တံခွန်ပေါ်လာလျှင် ကပ်ဘေးများ ဆိုက်ရောက်တတ်သည်ဟု ယုံကြည်ခဲ့ကြသည်။

မည်သို့မည်ပုံ ဖြစ်ပေါ်လာ

ကြယ်တံခွန်သည် မည်သို့မည်ပုံ ဖြစ်ပေါ်လာ၍၊ မည်သည့်အရပ်သို့ ထွက်သွားသည်ကို ယခုတိုင် ရှင်းလင်းစွာ မသိကြရသေးချေ။ ကြယ်တံခွန်ကို မှုန်မှီမှုန်မွှား သဏ္ဌာန်က စတင်၍ မြင်ရတတ်သည်။ နေဆီသို့ ချဉ်းကပ်လာသောအခါတွင်မှ ဦးခေါင်း၊ ဦးခေါင်း၏ နျူးကလီးယပ်အပိုင်းနှင့် အမြီးတို့သည် ကွဲကွဲပြားပြား ပေါ်လွင်လာသည်။ ကြယ်တံခွန်၏ ဦးခေါင်းတွင် နျူးကလီးယပ်အပိုင်းမှာ ပိုမိုထွန်းလင်း၍၊ ထိုအပိုင်းကို ကိုးမားခေါ် မှုန်မွှားမွှားလင်းနေသောအပိုင်းက အိမ်ဖွဲ့ကာ ဝိုင်းရံထားသည်။


ကြယ်တံခွန်သည် အမြီးသည် နေနှင့် နီးကပ်လာမှ ပေါ်လာတတ်သည်။ ထို့ပြင် အမြီးသည် ဦးခေါင်း နောက်၌လည်း အမြဲမနေချေ။ နေဆီသို့ ကြယ်တံခွန်ချဉ်းကပ်သွားချိန်တွင် ကြယ်တံခွန်နောက်၌ အမြီးသည် ကြယ်တံခွန်၏ ဦးခေါင်းရှေ့သို့ ရောက်သွားသည်။ အခြားတစ်နည်းပြောရသော် ကြယ်တံခွန်သည် နေဖက်သို့ အမြဲဦးခိုက်နေသည်ဟု ဆိုလိုသည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ နေ၏မျက်နှာပြင်တွင် လျှပ်စစ် 'ဓာတ်မ'ရှိ၍၊ ကြယ်တံခွန်၏ အမြီးတွင်လည်း လျှပ်စစ် 'ဓာတ်မ'ရှိသဖြင့် နေ၏'ဓာတ်မ'က ကြယ်တံခွန်အမြီး၏ 'ဓာတ်မ'ကို တွန်းခွာသောကြောင့် ဖြစ်တန်ရာသည်ဟု ဆိုသည်။ ကြယ်တံခွန်သည် နေရှိရာသို့ ပြန်လာသည်လည်း ရှိသည်။ နောက်ထပ်ပြန်မလာတော့ဘဲ တစ်ခါတည်း အစအနပျောက်သွားသည်လည်း ရှိသည်ဟု ယူဆခဲ့ကြသည်။ သို့ရာတွင် ယခုအခါ နက္ခတ်ဆရာအများကပင် ကြယ်တံခွန်ကို နေစကြဝဠာတွင် အပါအဝင်ဖြစ်သည်ဟူ၍၎င်း၊ ယင်းသည် နေနှင့်ဂြိုဟ်များ ဖြစ်ပေါ်ရာ နက်ဗျူလာကြီး၏ ပါးသောအစွန်းအနားမှ ပေါ်ပေါက်လာဟန် ရှိသည်ဟူ၍၎င်း ယုံကြည်ယူဆလာကြ လေပြီ။ ကမ္ဘာမှမြင်ရသော ကြယ်တံခွန်တို့သည် ဂြိုဟ်များ ကဲ့သို့ပင် ကိုယ်ပိုင်လမ်းကြောင်းများဖြင့် နေကိုလှည့်ပတ်နေ ကြသည်။ သို့သော် ကြယ်တံခွန်၏ လမ်းကြောင်းကား ဂြိုဟ်တို့၏ ဘဲဥပုံလမ်းကြောင်းတို့ထက် များစွာ ပို၍ ရှည်လျားသည်။ ယင်းသို့ လှည့်ပတ်နေကြယင်း ကြယ်တံခွန်သည် နေရှိရာသို့ ပြန်လည်ရောက်ရှိလာမည်ဟု ယူဆကြရာ၊ ဤသို့ ယူဆသည့်အတိုင်းလည်း နေရှိရာသို့ အချိန်မှန် ပြန်လည့်လာသော ကြယ်တံခွန်များကို တွေ့မြင်ရပေသည်။


ကြယ်တံခွန်များကို အချိန်ကြာ ကြယ်တံခွန်နှင့် အချိန်တို ကြယ်တံခွန်ဟူ၍ ၂ မျိုး ၂ စား ခွဲခြားထားသည်။ အချိန်ကြာ ကြယ်တံခွန်သည် အလွန်တောက်ပ၍ သာမန်မျက်စိနှင့် မြင်နိုင်သော အမြီးပါရှိသည်။ အချိန်တိုကြယ်တံခွန်မျိုးတွင် အမြှီးမပါ သလောက် ဖြစ်သည်ကို တွေ့ရ၏။

ဟယ်လီကြယ်တံခွန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဟေလီကြယ်တံခွန်

၁၆၈၂ ခုနှစ်တွင် နာမည်ကျော် အင်္ဂလိပ်လူမျိုး သင်္ချာနှင့် နက္ခတ်ဆရာကြီး အက်ဒမန်ဟယ်လီသည် အလွန်တောက်ပသော ကြယ်တံခွန်ကြီးတစ်လုံးကို ကြည့်ရှုစစ်ဆေးပြီးနောက်၊ ထိုကြယ်တံခွန်သည် နောက် ၇၆ နှစ်ကြာ၍၊ ၁၇၅၈ ခုနှစ်သို့ရောက်လျှင် ကမ္ဘာမှမြင်နိုင်အောင် ပြန်လာလိမ့်မည်ဟု ကြိုတင် အဟောထုတ်ခဲ့လေသည်။ ဤသို့ အဟောထုတ်ခဲ့သည့်အတိုင်း ထိုကြယ်တံခွန်သည် ၁၇၅၈ ခုနှစ်၌ ပြန်လည်ရောက်ရှိလာပေသည်။ ဟောကိန်းထုတ်ခဲ့သူ နက္ခက်ဆရာကြီး၏ အမည်ကို အစွဲပြု၍၊ ထိုကြယ်တံခွန်ကိုလည်း ဟယ်လီကြယ်တံခွန်ဟု ခေါ်ကြသည်။ ဟယ်လီကြယ်တံခွန်သည် ၇၆ နှစ်တွင် တစ်ကြိမ် ကမ္ဘာသို့ ချဉ်းကပ်လာ၍၊ နောက်ဆုံးအကြိမ် ပေါ်ခဲ့သောနှစ်မှာ ၁၉၁၀ ခုနှစ် ဖြစ်လေသည်။

အခြားထင်ပေါ်ကျော်ကြားသော ကြယ်တံခွန်များမှာ အင်ကီကြယ်တံခွန်၊ ဗီအဲလားကြယ်တံခွန်၊ ဒိုနားတီးကြယ်တံခွန်တို့ ဖြစ်ကြသည်။ အင်ကီကြယ်တံခွန်သည် ၃ နှစ်နှင့် ၆ လကြာတိုင်း ကမ္ဘာသို့ တစ်ကြိမ် ချဉ်းကပ်လာသည်။ ဗီအဲလားကြယ်တံခွန်သည် ၁၈၄၆ ခုနှစ်တွင် ၂ ခြမ်းကွဲ သွားပြီးနောက်၊ အစိတ်စိတ်အမြွာမြွာ ထပ်မံ၍ ကွဲထွက်သွားပြန်သည်။ ဒိုနားတီးကြယ်တံခွန်မှာ ၁၉ ရာစုအတွင်း ပေါ်သော ကြယ်တံခွန်တို့အနက် အထွန်းလင်းဆုံး ကြယ်တံခွန် ဖြစ်၏။ ကြယ်တံခွန်သည် အရွယ်ပမာဏအားဖြင့် အလွန်အမင်း ကြီးမားကြပေသည်။ ကြယ်တံခွန်၏ ဦးခေါင်းမှာ မိုင်ပေါင်း ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိကျယ်ပြန့်၍၊ အမြီးမှာ မိုင်ပေါင်း အသိန်းအသန်း ရှည်လျားသည်။ ကြယ်တံခွန်ဦးခေါင်း၏ နျူးကလီးယပ် အပိုင်းသည် မိုင် ၃၊ ၄ ရာမှ မိုင် ၇၊ ၈ ထောင်အထိ ကျယ်ပြန့်သည်။ ကြယ်တံခွန်တို့သည် အေးစက်နေသော အလင်းမဲ့ဒြဗ်ထုများ ဖြစ်၍၊ ယင်းတို့တွင် အစိုင်အခဲရော ဓာတ်ငွေ့များပါ ပါဝင်ကြသည်။ ကြယ်တံခွန်တို့သည် နေသို့ချဉ်းကပ်လာမှ အလင်းရောင် ထွက်လာသည်။ ထိုအလင်းရောင်သည် နေရောင်မှ ပြန်ဟပ်သော အလင်းရောင်ပြန်လော၊ သို့မဟုတ် နေပူရှိန်ကြောင့် ပူပြင်းတောက်လောင်ရာမှ ထွက်လာသော အလင်းရောင်လော ဆိုသည်ကိုမူ အတိအကျ မသိရသေးပေ။ နေနှင့်ဝေးချိန်၌ ကြယ်တံခွန်တို့သည် နှေးကွေးစွာ ရွေ့လျားကြသော်လည်း နေသို့ ချဉ်းကပ်လာသောအခါ တစ်စက္ကန့်တွင် မိုင် ၃၀၀ (တစ်မိနစ်တွင် မိုင်ပေါင်း ၁၈၀၀)နှုန်း ပေါက်အောင်ပင် ကြောက်ခမန်းလိလိ လျင်မြန်လာတတ် ပေသည်။


ကြယ်တံခွန်နှင့် ကျွန်ုပ်တို့ကမ္ဘာ ဝင်တိုက်မိတတ် ပေသည်။ ကြယ်တံခွန်နှင့် ကျွန်ုပ်တို့ကမ္ဘာ ဝင်တိုက်မိသည့်အခါမျိုးနှင့် ကြုံကြိုက်ခဲ့ဘူးသော်လည်း၊ ကမ္ဘာ၌ မည်သို့မျှ ဘေးအန္တရာယ် မဖြစ်ခဲ့ပေ။ ဝင်တိုက်မိမှန်းကိုပင် မသိရချေ။[၁]

ကြယ်တံခွန် နေအဖွဲ့အစည်းအတွင်းမှ သေးငယ်သော အရာဝတ္ထုများဖြစ်ပြီး နေကိုလှည့်ပတ်လျှက်ရှိသည်။ နေနှင့် နီးလာသည်နှင့်အမျှ နေရောင်ခြည်လေ (solar wind) ၏သက်ရောက်မှု့ကြောင့် တောက်ပသော အမြီးထွက်ပေါ်လာသည်။

ကြယ်တံခွန်များသည် နေနှင့်ဝေးသောအချိန်၌ ကိုမာနှင့် အမြီးပိုင်းများ မရှိသေးပဲ အစိုင်အခဲအနေဖြင့်သာ တည်ရှိသည်။ ရွှေရှားနှုန်းမှာလဲ အလွန်နှေးသည်။

ကြယ်တံခွန်များ၏ အစိတ်အပိုင်း ၃ ပိုင်း

  • ၁။ ဝတ်ဆံပိုင်း (nucleus)
  • ၂။ ကိုမာ/ဦးခေါင်းပိုင်း (coma)
  • ၃။ အမြီးပိုင်း (tail) တို့ဖြစ်သည်။

ဝတ်ဆံပိုင်း (nucleus)

ဝတ်ဆံပိုင်း (nucleus) သည် ရေခဲနှင့်ဖုန်မှုန့်များရောနှောနေခြင်းဖြစ်သည်။ အရွယ်အစားမှာ အချင်းမိုင်အနည်းငယ်မျှသာရှိတက်သည်။ အများအားဖြင့် ၁၀ကီလိုမီတာ (၆ မိုင်) ခန့်သာ ရှိတက်ပါသည်။ ဤအပိုင်းသည် အေးလွန်းသဖြင့် အဆိုင်အခဲဖြစ်နေသော အမာခံ ကျောက်တုံးကျောက်ခဲ အပိုင်းဖြစ်သည်။ အထူးသဖြင့် ရေခိုးရေငွေ့များ၊ မီသိန်း၊ မီသိုင်းစိုင်ယင်နိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ အမိုးနီးယား မြူမှုန်များ၊ ဖုန့်မှုန့်များ နှင့် အခြားဟိုက်ဒရိုကာဗွန်များ စုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။

နေနှင့်နီးလာသည်နှင့်အမျှ နေရောင်ခြည်၏သက်ရောက်မှု့ကို ခံစားရပြီး ဓာတ်ငွေ့နှင့်ဖုန်များပန်းထွက်လာပြီး ဝတ်ဆံပိုင်းကို တိမ်တိုက်သဖွယ် ဖုံးအုပ်ထားသည်။ ၎င်းကို ကိုမာ (coma) ဟုခေါ်သည်။

ကိုမာ/ဦးခေါင်းပိုင်း (coma)

ကြယ်တံခွန်များသည် နေနှင့်နီးလာသည်နှင့်အမျှ ဝတ်ဆံအပိုင်း မှဓာတ်ငွေ့များက လေထုသဖွယ် ဖြစ်ပေါ်လာသည်။ ၎င်းအပိုင်းကို ကိုမာ (coma) ဟုခေါ်သည်။ ကိုမာအပိုင်းသည် ၈၀၀၀၀ ကီလိုမီတာ (မိုင် ၅၀၀၀၀) ခန့်လောက်ထိရှိတက်ပြီး ဝတ်ဆံပိုင်း(nucleus)ကို တိမ်တိုက်များသဖွယ် ဖုံးအုပ်ထားသည်။ ကိုမာအပိုင်းသည် နေနှင့်အနီးဆုံးအချိန်တွင် အကြီးဆုံးတွေ့မြင်ရပြီး နေနှင့်ဝေးလေ အချင်းငယ်သွားလေဖြစ်သည်။ [[File:Comet Daniel - 1907.jpg|thumb|200px|နေနှင့် ပို၍နီးကပ်လာသောအခါ နေ၏ဆွဲအားကြောင့် အရှိန်ပိုမြန်လာသည်။ နေရောင်ခြည်လေ (solar wind) သက်ရောက်မှု့ကြောင့် ဓာတ်ငွေ့နှင့် ဖုန်မှုန့်များသည် အမြီးအဖြစ် ပန်းထွက်လာသည်။

အမြီးပိုင်း (tail)

ကြယ်တံခွန်၏ ပတ်လမ်းသည် ဘဲဥပုံရှိသည်။ အမြီး ၂ ခုပါဝင်ပြီး အိုင်ယွန်းအမြီးသည် နေနှင့် အစဉ် ဆန်ကျင်ဘက်သို့ဦးတည်နေပြီး ဖုန်မှုန့်အမြီးကား ပတ်လမ်းကြောင်းကို လိုက်၍ကွေးလျှက်ရှိသည်။

ကြယ်တံခွန်များသည် နေနှင့်နီးလာသည်နှင့်အမျှ နေရောင်ခြည်လေ (solar wind) အားသက်ရောက်မှု့ကို ပိုမိုခံလာရပြီး ကိုမာမှ ဓာတ်ငွေ့များနှင့် ဖုန်မှုန့်များ သည် နောက်တွင်အမြီးသဏ္ဌာန် တန်း၍ထွက်ပေါ်လာသည်။ ကြယ်တံများ၏ အမြီးပိုင်းသည် နေနှင့်ဆန့်ကျင်ဘက် ကို အမြဲတစေတန်းလျှက်ရှိကြသည်။ နေ၏ အနီးနားသို့ ရောက်လာသည်နှင့် အမျှ နေမှထုတ်လွှင့်သော ခရမ်းလွန်ရောင်ခြည်များနှင့် ကြယ်တံခွန်မှ ဓာတ်ငွေ့အမှုန်များ တိုက်ရိုက်ထိတွေ့ကြသဖြင့် ကြယ်တံခွန်တို့၏အရောင်သည် ပို၍တောက်ပလာသည်။ အမြီးသည်လည်း ပို၍ရှည်လျားလာသည်။ ကြယ်တံခွန်တစ်လုံးတွင် အမြီး ၂ ပါရှိသည်။ ဖုန်မှုန့် အမြီး နှင့် အိုင်ယွန်းအမြီး တို့ဖြစ်သည်။

ပြင်ပလင့်များ


ကိုးကား

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)