ကျော်ထင်၊ ဦး (သူရ)

ဝီကီပီးဒီးယား မှ
ဦးကျော်ထင် (သူရ)
Kyaw Htin
၁၉၂၄ ခုနှစ် ၊ ဇွန်လ(၆) - ၁၉၉၆ ခုနှစ် ၊ ဇန်နဝါရီလ (၂၆)
ကျော်ထင် (သူရ)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး
ကိုယ်ရေး အချက်အလက်
မွေးရက် ၁၉၂၄ ခုနှစ် ၊ ဇွန်လ(၆)
မွေးရပ်ဇာတိ ပြည်မြို
လူမျိုး ဗမာ
နိုင်ငံသား မြန်မာ
ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ပါတီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ကွယ်လွန်ရက် ၁၉၉၆ ခုနှစ် ၊ ဇန်နဝါရီလ (၂၆)
ကွယ်လွန်ရာဒေသ ရန်ကုန်
စစ်မှုထမ်း အချက်အလက်
ဌာန စစ်မှုထမ်း
၁၉၄၃ - ၁၉၈၅
ရာထူး ကာကွယ်ရေးဦးစီးချုပ်


နိုင်ငံကောင်စီ အတွင်းရေးမှူး (အငြိမ်းစား)၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) သူရကျော်ထင်ကို အဖ ဘီအိုစီ စာရေး ဦးဘသိန်း၊ အမိ ဒေါ်စံရွှေတို့က ၁၉၂၄ ခုနှစ်၊ ဇွန်လ(၆) ရက်နေ့တွင် ပြည်မြို၌ ဖွားမြင်သည်။ မွေးချင်းသုံးဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။ သူရဦးကျော်ထင်သည် ငယ်စဉ်က ၁၉၃၁ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ သဲကုန်းမြို့တွင် လည်းကောင်း၊ ၁၉၃၂ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ သာယာဝတီမြို့ အေဘီအမ် ကရင်အထက်တန်းကျောင်းတွင် လည်းကောင်း၊ ၁၉၃၇ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ပြည်မြို့ အစိုးရအထက်တန်းကျောင်းတွင် လည်းကောင်း ပညာသင်ယူသည်။

လွတ်လပ်ရေးကြိုးပမ်းမှုကာလ

ဒုတိယကမ္ဘာစစ်ဖြစ်သာအခါ ကျောင်းဆက်မနေတော့ဘဲ အာရှလူငယ်အစည်းအရုံးတွင် ပါဝင်သည်။ သူရဦးကျော်ထင်သည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A) သို့ တပ်သားအဆင့်ဖြင့် ဝင်ရောက်ပြီး ရန်ကုန်မြို့ စမ်းချောင်းရှိ စစ်ဝန်ကြီးရုံးကင်းတပ် နှင့် အလုံရှိ လေယာဉ်ပစ်အမြောက်တပ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံသင်တန်းကျောင်းဖွင့်လှစ်သော စတုတ္ထအပတ်ဗိုလ်သင်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) ၌ တပ်စုမှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၅ ခုနှစ် ၊ မတ်လ (၂၇) ရက်နေ့တွင် စတင်ခဲ့သော ဂျပန်တော်လှန်ရေးတွင် မျိုးချစ်ဗမာ့တပ်မတော်တိုင်း( ၁) တပ်ရင်း (၁၀၄) ၌ တပ်စုမှူးတာဝန်ဖြင့် ပြည်ခရိုင် ၊ပေါင်းတည်မြို့နယ်၊ သာယာဝတီခရိုင် ၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ဖြူးတို့ တွင် တာဝန်ထမ်းဆောင်သည်။ ၁၉၄၅ ခုနှစ် ၊အောက်တိုဘာလတွင်မျိုးချစ်ဗမာ့တပ်မတော်အား ဖျက်သိမ်းသောအခါ ပြည်မြို့ ၌ ပြန်လည်နေထိုင်သည်။

စစ်မှုထမ်းဘဝ

သူရဦးကျော်ထင်သည် ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်မြို့ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ်ရင်းသို့ တပ်သားအဆင့်ဖြင့် ပြန်လည် ဝင်ရောက်သည်။ ဒုတိယတပ်ကြပ် ၊တပ်ကြပ်အဆင့်များဖြင့် တပ်စိတ်မှူးတာဝန်ကိုလည်းကောင်း၊ တပ်ကြပ်ကြီးအဆင့်ဖြင့် တပ်ခွဲတပ်ထောက်တာဝန်ကို လည်းကောင်း ထမ်းဆောင်သည်။ ၁၉၄၈ ခုနှစ် ၊စက်တင်ဘာလတွင် ဒုတိယဗိုလ်အဆင့်ဖြင့် လည်းကောင်း ၊၁၉၄၉ ခုနှစ် မတ်လတွင် ဗိုလ်အဆင့်ဖြင့် လည်းကောင်း ၊တပ်စုမှူး နှင့် တပ်ခွဲမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။တပ်စုမှူးနှင့် တပ်ခွဲမှူးတာဝန်များ ထမ်းဆောင်စဉ် ပုသိမ်ခရိုင် ၊မအူပင်ခရိုင် ၊ ဟင်္သာတခရိုင်နှင့် ပဲခူးခရိုင်အတွင်း ပြုလုပ်သော စစ်ဆေးရေးများတွင် ပါဝင်သည်။ သူရဦးကျော်ထင်သည် ၁၉၅၃ ခုနှစ် နိုဝင်ဘာလတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လေ့ကျင့်ရေးနှင့်အင်အားဖြည့်တင်းရေးတပ်၌ တပ်ရေးဗိုလ်ကြီးတာဝန်ကို လည်းကောင်း၊ ၁၉၅၅ ခုနှစ် မေလတွင် ယာယီဒုတိယ တပ်ရင်းမှူးတာဝန်ကို လည်းကောင်း ထမ်းဆောင်သည်။ ၁၉၅၇ ခုနှစ်၊ဧပြီလတွင် ချောင်းမြို့တပ်မဟာ (၁၀) ၌ ယာယီဒုတိယလက်ထောက်စစ်ရေးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၅၇ ခုနှစ်၊ မေလတွင်ဗိုလ်မှူးအဆင့်ကို တိုးမြှင့်ပေးအပ်ခြင်းခံရပြီး ဒုတိယလက်ထောက်စစ်ရေးနှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မဟာ (၁၀) တပ်ပေါင်းစု ဗိုလ်မှူးတာဝန်ကိုလည်းကောင်း၊ ၁၉၅၉ ခုနှစ် ဇန်နဝါရီလတွင် မော်လမြိုင်မြို့ အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်း ယာယီတပ်ရင်းမှူး တာဝန်ကိုလည်းကောင်း ထမ်းဆောင်သည်။

သူရဦးကျော်ထင်သည် ၁၉၅၁ ခုနှစ်တွင် ပြင်ဦးလွင်မြို့၌ ဖွင့်လှစ်သော အရာရှိငယ်သင်တန်း အမှတ်စဉ်(၅)၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ ၌ ဖွင့်လှစ်သော ဥပဒေနှင့် အုပ်ချုပ်ရေးသင်တန်း အမှတ်စဉ် (၁)၊ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်သော ပညာဉာဏ်သစ်လောင်းသင်တန်း အမှတ်စဉ် (၇) နှင့် ၁၉၆၂ ခုနှစ်တွင် အမေရိကပြည်ထောင်စု ၌ ဖွင့်လှစ်သော စစ်ဦးစီးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၂၅၀)တို့ကို တက်ရောက်သည်။


၁၉၆၂ ခုနှစ် ၊မေလတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီးအမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်း တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် သထုံခရိုင်၊ ကျိုက္ခမီခရိုင် ၊ ဘားအံခရိုင်အတွင်း ပြုလုပ်သော စစ်ဆင်ရေးများတွင် ပါဝင်သည်။ သူရဦးကျော်ထင်သည် ၁၉၆၃ ခုနှစ် ၊ဒီဇင်ဘာလတွင် အရှေ့တောင်စစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း)အဖြစ် လည်းကောင်း၊ ၁၉၆၄ ခုနှစ် ၊စက်တင်ဘာလတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)စစ်ဆင်ရေးဌာန၌ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် လည်းကောင်း တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၆၄ ခုနှစ် ၊အောက်တိုဘာလတွင် ကာကွယ်ရေးဝန်ကြီးဌာန အမြောက်နှင့် သံချပ်ကာ ယန္တယားညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးတာဝန်ကို ပူးတွဲထမ်းဆောင်သည်။ ၁၉၆၆ ခုနှစ် ၊ မေလတွင် အမှတ် (၇၇) ခြေမြန်တပ်ရင်းဌာနချုပ် ယာယီ ဒုတိယတပ်မှူးအဖြစ်တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၆၇ ခုနှစ် ၊ ဩဂုတ်လတွင် ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်းခံရပြီး ဒုတိယတပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၆၈ ခုနှစ် ၊ ဩဂုတ်လတွင် အမှတ် (၉၉) ခြေမြန်တပ်ရင်းဌာနချုပ် တပ်မမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၆၆ ခုနှစ်မှ ၁၉၆၉ ခုနှစ်အတွင်း ဟင်္သာတခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ သာယာဝတီခရိုင်နှင့် ဗန်းမော်ခရိုင်တို့တွင် ပြုလုပ်သော စစ်ဆင်ရေးများတွင် ပါဝင်သည်။


သူရဦးကျော်ထင်သည် ၁၉၆၉ ခုနှစ် ၊ ဇူလိုင်လတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၄ ခုနှစ်၊ မတ်လတွင် ဗိုလ်မှူးချုပ်အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၆ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သည်။ ၁၉၈၅ ခုနှစ် ၊နိုဝင်ဘာလတွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေး ဦးစီးချုပ်တာဝန်မှ အငြိမ်းစားယူသည်။

နိုင်ငံရေးဘဝ

သူရဦးကျော်ထင်သည် ၁၉၆၉ မှ ၁၉၇၁ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ရန်ကုန်တိုင်း ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌတာဝန်ကို လည်းကောင်း၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ရန်ကုန်တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတာဝန်ကို လည်းကောင်းထမ်းဆောင်သည်။ ၁၉၇၁ ခုနှစ် ပထမအကြိမ် ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီဝင်နှင့် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၁ခုနှစ်မှ ၁၉၇၄ခုနှစ်အထိ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်သည်။ ၁၉၇၃ ခုနှစ် ဒုတိယအကြိမ်မြောက် ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်းခံရသည်။

၁၉၇၆ ခုနှစ်မှစ၍ တပ်မတော်ပါတီ အတွင်းရေးမှူးနှင့် တပ်မတော်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်သည်။ ၁၉၇၇ ခု တတိယအကြိမ် ပါတီညီလာခံ ၊၁၉၈၁ ခုနှစ် စတုတ္ထအကြိမ် ပါတီညီလာခံနှင့် ၁၉၈၅ခုနှစ် ပဉ္စမအကြိမ် ပါတီညီလာခံများတွင် ပါတီဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် အရေးပေါ် ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီနှင့် ပါတီတွဲဖက် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံရသည်။

သူရဦးကျော်ထင်သည် ၁၉၇၄ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ၊ ၁၉၈၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲနှင့် ၁၉၈၅ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများတွင် မဂင်လာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၇၅ ခုနှစ် မတ်လတွင် နိုင်ငံတော်ကောင်စီက ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၆ ခုနှစ် ၊ မတ်လတွင် ကျင်းပသောပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးတွင် ဝန်ကြီးအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရပြီး ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၁ ခုနှစ် ၊ နိုဝင်ဘာလတွင် ကျင်းပသော တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးများတွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် ၊ ဇူလိုင်လ တွင် ကျင်းပသော စတုတ္ထအကြိမ်ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် ၊ စက်တင်ဘာလတွင် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးအဖြစ်မှ အငြိမ်းစားယူသည်။

သူရဦးကျော်ထင်သည် နိုင်ငံတော်တာဝန် ထမ်းဆောင်နေစဉ်အတွင်း ၁၉၇၄ ခုနှစ်တွင် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ နှင့် ဂျာမာန်ဒီမိုကရက်တစ် သမ္မတနိုင်ငံများသို့ လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံများသို့ လည်းကောင်း၊ ၁၉၇၇ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒီမိုကရက်တစ် ကမ်ပူးချားနိုင်ငံ (ယခု ကမ္ဘောဒီးယားနိုင်ငံ)များသို့ လည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံသို့ လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ အိန္ဒိယနိုင်ငံများသို့ လည်းကောင်း၊ ၁၉၈၅ ခုနှစ် အနောက်ဂျာမနီ၊ တရုတ်၊ ဆွစ်ဇာလန်နိုင်ငံများသို့ လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ဗြိတိန်၊ ဂျပန်၊ စင်ကာပူနိုင်ငံများသို့ လည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် ဆွစ်ဇာလန်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံများသို့လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျာမနီနိုင်ငံများသို့ လည်းကောင်း တာဝန်ဖြင့် သွားရောက်ခဲ့ရသည်။

ဂုဏ်ပြုချီးကျူးခံရခြင်း

သူရဦးကျော်ထင်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ကိုယ်ကျိုးမငဲ့ဘဲ ပါဝင်ခြင်း၊ နိုင်ငံတော်နှင့်တပ်မတော်တာဝန်များကို သက်စွန့်ကြိုးပမ်း ရွက်ဆောင်ခြင်းတို့ကြောင့် နိုင်ငံတော်က ချီးမြှင့်သော လွတ်လပ်ရေးစည်းရုံးရေးတံဆိပ်၊ လွတ်မြောက်ရေးတံဆိပ်၊ လွတ်လပ်ရေးတံဆိပ်၊ စတားတံဆပ်၊ ဘားအားစတားတံဆိပ်၊ ကမ္ဘာ့စစ်တံဆိပ်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)၊ ပြည်ပရန်နှိမ်တံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ သူရဘွဲ့နှင့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) တို့ကို အသီးသီး ရရှိခဲ့သည်။

မိသားစုဘဝ

သူရဦးကျော်ထင်သည် ၁၉၅၁ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ပျဉ်းမနားမြို့နေ ဦးခင်မောင်နှင့် ဒေါ်မြရင်တို့၏ သမီး ဒေါ်ခင်ဝင်းမြင့် နှင့် လက်ထပ်ခဲ့ရာ သားငါးဦး ၊သမီးသုံးဦး ထွန်းကားသည်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် သည် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ သား ဖြစ်သည်။

ဘဝနိဂုံး

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သော နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး (ဒုတိယအဆင့်၊ အငြိမ်းစား)၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး (အငြိမ်းစား)၊ ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) သူရဦးကျော်ထင်သည် ၁၉၉၆ ခုနှစ် ၊ ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ဝင်းမြင့် ၊ သားငါးဦး၊သမီး သုံးဦးနှင့် မြေး (၁၇)ဦး ကျန်ရစ်ခဲ့လေသည်။

ကိုးကား