ကံကြမ္မာနတ်ဘုရား ခုနစ်ပါး

ဝီကီပီးဒီးယား မှ
ဘားန်သမိုင်းပြတိုက်တွင် ပြသထားသော ကံကြမ္မာနတ်ဘုရားခုနှစ်ပါးကို သရုပ်ဖော်ထားသည့် နက်စုကီရုပ်တုငယ် အဆင်တန်ဆာ
ဘရွတ်ခ်လင်းပြတိုက် - ရှီဘာတ ဇရှင် (ဂျပန်၊ ၁၈၀၇-၁၈၉၁)။ ကံကြမ္မာနတ်ဘုရားခုနှစ်ပါး (၁၈၈၅ ဝန်းကျင်ခန့်က)
ဘယ်မှညာသို့ : ဟိုတဲ၊ ဂျူရိုဂျင်း၊ ဖုကုရိုကုဂျု၊ ဘီရှာမွန်တန်၊ ဘန်ဇိုင်တန်၊ ဒိုင်ကိုကုတန်၊ အဲဘီဆု

ကံကြမ္မာနတ်ဘုရား ခုနစ်ပါး ([七福神 Shichifukujin] အမှား။ {{Lang-xx}}: text has italic markup (အကူအညီ)) သည် ဂျပန် နိုင်ငံတွင် ကိုးကွယ်​သော ကံ​ကောင်းမှုနှင့် သက်ဆိုင်သည့် နတ်ဘုရား ခုနစ်ပါး အုပ်စု ဖြစ်သည်။ အဆိုပါ နတ်ဘုရားများသည် ကံကြမ္မာကောင်းများကို ​​ဆောင်ကြဉ်းပေးနိုင်သည်ဟု ဂျပန်များက ယုံကြည်ကြသည်။ ၎င်းနတ်ဘုရား ခုနစ်ပါး၏ ပုံ​တော်ကို အိမ်တို့တွင် အမြတ်တနိုးဖြင့် ချိတ်ဆွဲပူ​ဇော်ထားကြသည်။

ကံကြမ္မာနတ်ဘုရား ခုနစ်ပါးဟုဆို​သော်လည်း နတ်ခုနှစ်ပါးစလုံးသည် ဂျပန်နတ်ဘုရားများ မဟုတ်​ပေ။ ဂျပန်နတ်စစ်စစ်ဆို၍ အဲဘီဆု တစ်ပါးသာ ပါသည်။ အများစုမှာ ဟိန္ဒူဘာသာမှ ဆင်းသက်လာ​သော နတ်ဘုရားများ၊ ​တောက် (Tao) ဘာသာမှ နတ်ဝိဇ္ဇာများသာ ဖြစ်ကြသည်။

ကံကြမ္မာနတ်ဘုရား ခုနစ်ပါးကို ပထမဆုံး ဖန်တီးခဲ့သူမှာ ဘုန်း​တော်ကြီး တန်ကိုင် (Tenkai) ဖြစ်သည်။ သူသည် ရှိုဂွန်အမတ် အိအဲမိစု တိုကူဂါဝါနှင့် ​ဆွေး​နွေး၍ နတ်ဘုရား ခုနစ်ပါးကို ​ရွေးထုတ်ကာ ကံကြမ္မာနတ်ဘုရား ခုနစ်ပါးဟု အမည်​ပေးလိုက်သည်။ ၎င်း နတ်ဘုရား ခုနစ်ပါးသည် သက်တမ်းကြာရှည်မှု၊ ကံ​ကောင်းမှု၊ လူကြိုက်များမှု၊ ရိုးသားမှု၊ ကြင်နာ သနားမှု၊ ဂုဏ်သိက္ခာ၊ သ​ဘောထားကြီးမှု ဟူ​သော အရည်အ​သွေး ၇မျိုးကို ကိုယ်စားပြုကြသည်။

ကံကြမ္မာနတ်ဘုရား ခုနစ်ပါးသည် နှစ်သစ်ကူး ကာလတိုင်းတွင် ရတနာသင်္ဘောစီး၍ ​ကောင်းကင်မှ ဆင်းကာ လူ့ပြည်ကို ​လေ့လာတတ်သည်ဟု ဆိုကြသည်။ ထို့​ကြောင့် ကံကြမ္မာ နတ်ဘုရား ခုနစ်ပါးကို ရတနာသ​င်္ဘော စီး၍ ငါးဖမ်း​နေဟန်ဖြင့်လည်း ​ရေးဆွဲကြ​လေသည်။

အဲဘီဆု(ဂျပန်ဘာသာ: 恵比寿 Ebisu)

ပထမ ကံကြမ္မာ နတ်မင်း အဲဘီဆုသည် တံငါသည် တို့ကို အထူး​စောင်မ​သော နတ်ဖြစ်သည်။ ထို့​ကြောင့် အဲဘီဆုကို တံငါသည်တို့၏ ဝတ်စားဆင်ယင်ပုံ အတိုင်း ဝတ်ဆင်၍ လက်တစ်ဖက်က ငါးမျှားတံ၊ လက်တစ်ဖက်က ငါးကြီး တစ်​ကောင်ကို ကိုင်​ဆောင် ထားဟန် ​ရေးဆွဲကြသည်။

အဲဘီဆုသည် စီးပွား​ရေး ကြွယ်ဝချမ်းသာမှု၊ ​ကောက်ပဲသီးနှံ ​ပေါကြွယ်ဝမှု၊ စားနပ်ရိက္ခာ ​ပေါများမှုတို့ကို ဖြစ်​စေ​သော နတ်ဖြစ်သည်။

ဂျပန်ဒဏ္ဍာရီအရ အဲဘီဆုသည် အီဇာနာဂီ နတ်ဘုရားနှင့် အီဇာနာမီ နတ်ဘုရားမတို့၏ သားဦး ဖြစ်သည်။ သို့​သော် အရိုးများ မပါဘဲ ​မွေးလာခဲ့သဖြင့် မိဘနှစ်ဦးက ​ကျူရိုးဖောင်မှာ တင်၍ ပင်လယ်ထဲ ​မျှောချလိုက်​ကြောင်း ​ရေးသားထားသည်။

ဒိုင်ကိုကုတန်(ဂျပန်ဘာသာ: 大黒天 Daikokuten)

ဒုတိယ ကံကြမ္မာ နတ်မင်း ဒိုင်ကိုကုတန်သည် ပု​သေး​သော ခန္ဓာရှိသည်။ သူသည် အမဲ​ရောင် ဦးထုပ်ကို ​ဆောင်းထားပြီးလျှင် သူ၏ မျက်နှာသည် အမြဲ ပြုံးရွှင်​နေသည်။ သူ၏ လက်ထဲတွင် "ဥချီဒဲ နို ကိုဇူချီ" အမည်ရှိ ​ရွှေ​ရောင် ကံကြမ္မာ ​မှော်တင်းပုတ် ကို ကိုင်ထားသည်။ သူ၏ ပခုံး ထက်တွင်လည်း ရတနာအိတ်ကို ထမ်းထားသည်။ ဒိုင်ကိုကုတန် နတ်မင်းအား ဆန်အိတ်များထက်တွင် မတ်တတ်ရပ်နေပုံဖြင့် သရုပ်​ဖော်ကြသည်။

ဒိုင်ကိုကုတန် နတ်မင်းသည် ကုန်သွယ်​ရေး နှင့် ကြွယ်ဝချမ်းသာမှုများကို ကိုယ်စားပြုသည်။ ထို့အပြင် စားဖိုမှူး၊ လယ်သမား၊ ဘဏ်လုပ်ငန်းရှင်များကို ​စောင့်​ရှောက်​သောနတ်၊ ​ကောက်ပဲသီးနှံများ မပျက်စီးရ​အောင် ​စောင့်​သောနတ်၊ မိစ္ဆာများကို နှိမ်နင်း​သော နတ်လည်း ဖြစ်သည်။

အမှန်တွင်မူ ဒိုင်ကိုကုတန်သည် ဂျပန်နတ်စစ်စစ် မဟုတ်​ပေ။ သူ၏ မူရင်းမှာ အိန္ဒိယပြည်မှ ဟိန္ဒူ ဘုရား "မဟာကာလ ​ခေါ် သီဝ (ၐီဝ) နတ်မင်း" ဖြစ်သည်။ ၎င်း မဟာကာလဘုရားသည် မဟာယာန ဗုဒ္ဓဘာသာတွင် ​ရောပါသွားပြီး ဗုဒ္ဓဘာသာဆိုင်ရာ ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ ယင်းနတ်မင်းကို ကိုးကွယ်မှု အ​လေ့အထသည် ဗုဒ္ဓဘာသာနှင့် အတူ တရုတ်၊ ကိုရီးယား၊ ဂျပန်သို့တိုင်​အောင် ပျံ့လာခဲ့ခြင်း ဖြစ်သည်။

ဘီရှာမွန်တန် (ဂျပန်ဘာသာ: 毘沙門天 Bishamonten)

တတိယ ကံကြမ္မာ နတ်မင်း ဘီရှာမွန်တန်သည် နတ်စစ်သူကြီး ဖြစ်ပြီး စစ်ဝတ်တန်ဆာများဖြင့် ​ရေးဆွဲ​ဖော်ပြကြသည်။ သူ၏ ဘယ်လက်တွင် စေတီ တဆူကို ကိုင်ထားပြီး ညာလက်ဖြင့် လှံတံ တစ်ခုကို ကိုင်​ဆောင်ခါးသည်။ စေတီကို ကိုင်ထားခြင်းမှာ ဗုဒ္ဓ ဘာသာကို ကာကွယ်​စောင့်​ရှောက်သည့် နတ်ဖြစ်​ကြောင်း ​ဖော်ပြသည်။ လှံတံကို ကိုင်ထားခြင်းမှာ မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းရန်အတွက် ဖြစ်သည်။

ဘီရှာမွန်တန် နတ်မင်းသည် စစ်ပွဲများနှင့် ဆက်နွှယ်​နေ​သော စစ်နတ်ဘုရား ဖြစ်သည်။ စစ်ပွဲများအတွင်း ကံ​ကောင်းခြင်းများ ရရှိ​စေရန် ​စောင်မ​ပေးသည်။ စစ်နတ်ဘုရား ဘီရှာမွန်တန်သည် စစ်သည်​တော်များ ကို ကာကွယ်​ စောင့်​ရှောက်​ပေးသည်။

ဘီရှာမွန်တန် နတ်မင်းသည်လည်း အိန္ဒိယပြည်ဖြစ် နတ်တစ်ပါး ဖြစ်သည်။ ဟိန္ဒူ ဘာသာနှင့် ဗုဒ္ဓ ဘာသာတွင် ထင်ရှား​သော နတ်ဖြစ်ပြီး "​ဝေဿဝဏ် သို့မဟုတ် ကု​ဝေရ နတ်မင်း" ဟု​ခေါ်သည်။ ဗုဒ္ဓ ဘာသာ ကျမ်းစာများအရ ​လောကကို ​စောင့်​ရှောက်​သော စတု​လောကပါလ နတ်​လေးပါး အဝင် ဖြစ်သည်။ ​နောက်အခါ မဟာယာန ဗုဒ္ဓဘာသာနှင့် အတူ ဂျပန်သို့ ​ရောက်လာပြီး ဘီရှာမွန်တန် အမည်ဖြင့် ထင်ရှားလာသည်။

ဘန်ဇိုင်တန် (ဂျပန်ဘာသာ: 弁才天 Benzaiten)

စတုတ္တ​မြောက် ကံကြမ္မာ နတ်သမီး ဘန်ဇိုင်တန်သည် ဂျပန်ပြည်တွင် လူသိများ​သော နတ်သမီးဖြစ်ပြီး ဘန်တန် (Benten-弁天) ဟုလည်း ​ခေါ်သည်။ဘန်ဇိုင်တန် နတ်သမီးသည် ရုပ်ဆင်း​ပြေပြစ်​ ချော​မော၍ ဂုဏ်သိက္ခာရှိ အမျိုးသမီး တစ်​ယောက်၏ အသွင် ရှိသည်။ ဘန်ဇိုင်တန် နတ်သမီးသည် ဂီတကို ကိုယ်စားပြုသည့်အ​နေနှင့်"ဘီဝါ" တူရိယာကို ကိုင်ဆောင်ထားပြီး ​အနားတွင် မြွေဖြူ တစ်​ကောင်က ​ခစား စောင့်​ရှောက်နေသည်။

ဘန်ဇိုင်တန် နတ်သမီးသည် အနုပညာနှင့် ဆက်နွှယ်​နေ​သော နတ်ဖြစ်သည်။ ထို့အပြင် စီးပွား​ရေး ဆိုင်ရာ လာဘ်လာဘ၊ စွမ်းရည်၊ ရုပ်ဆင်းလှပမှု၊ ဂီတ တို့ကိုလည်း ကိုယ်စားပြုသည်။ အနုပညာသည်များ၊ စာ​ရေးဆရာများ၊ က​ချေသည်များ၊ ​ဂေးရှားမယ် စသည့် အနုပညာနှင့် ပတ်သက်​နေသူများကို အထူး​စောင်မသည်။

ဘန်ဇိုင်တန် နတ်သမီး၏ မူရင်းဇစ်မြစ်မှာ အိန္ဒိယမှ ဖြစ်ပြီး အနုပညာ နတ်သမီး သူရဿတီ (သက္ကတ - သရသွတီ) ဟု လူသိများသည်။ ၎င်းသူရဿတီ နတ်သမီးသည် မဟာယာန ဗုဒ္ဓဘာသာနှင့်အတူ ​ရောပါသွားပြီး တရုတ်၊ ကိုရီးယားမှသည် ဂျပန်အထိ ပြန့်နှံ့သွားခဲ့သည်။

ဂျူရိုဂျင်း (ဂျပန်ဘာသာ: 寿老人 Juroujin)

ပဉ္စမ​မြောက် ကံကြမ္မာ နတ်မင်း ဂျူရိုဂျင်းသည် တရုတ်ပြည်မှ နတ်ဝိဇ္ဇာ တစ်ပါး ဖြစ်၍ သမိုင်းထဲတွင် အမှန်တကယ် ရှိခဲ့​သော သူဟုလည်း ဆိုကြသည်။ သူသည် ​တောက် (Tao) ဘာသာမှ ​နန်ကျီ လောက်ရန် နတ် ဝင်စားသူ ဟုလည်း ယူဆကြသည်။

ဂျူရိုဂျင်းသည် အသက်ရှည်မှု ကို ကိုယ်စားပြု​သော နတ်ဖြစ်သဖြင့် သက်ကြီးရွယ်အို တစ်​ယောက်၏ အသွင်ဖြင့် ​ရေးဆွဲကြသည်။ သူသည် အရပ် ၁.၈၂ မီတာမျှ ရှိပြီးလျှင် ရှည်လျား​သော ဦး​ခေါင်းနှင့် ရှည်လျား​သော မုတ်ဆိတ်ဖြူ ရှိသည်။ သူ၏ လက်ထဲတွင် ​တောင်​ဝှေးနှင့် စာလိပ်တခု ရှိ​နေပြီး ယင်းစာလိပ်ထဲတွင် ကမ္ဘာတခုလုံးမှ သက်ရှိများ၏ သက်တမ်းကို ​ရေးထားလျက် ရှိ​နေသည်။ သူ၏ အနားတွင် အသက်ရှည်ခြင်း၏ သင်္ကေတ အဖြစ် သမင် တစ်​ကောင် အမြဲပါသည်။ ရံဖန်ရံခါ ကြိုးကြာ နှင့် လိပ်များကိုပါ ထည့်သွင်း​ရေးဆွဲကြ​လေသည်။

ဟိုတဲ (ဂျပန်ဘာသာ: 布袋 Hotei)

ဆဋ္ဌမမြောက် ကံကြမ္မာနတ်မင်း ဟိုတဲသည် ထင်ရှား​ကျော်​စောမှုကို ကိုယ်စားပြုပြီး က​လေးများကို ​စောင့်​ရှောက်သူလည်း ဖြစ်သည်။

ဟိုတဲသည် အမှန်တွင် ဈာန်ဗုဒ္ဓဘာသာ ဘုန်းကြီး ဖြစ်သည်။ သူသည် ဝဖြိုး​သော ခန္ဓာ ရှိပြီး သူ၏ မျက်နှာမှာ အမြဲ ပြုံးရွှင်​နေသည်။ ဟိုထဲ၏ ခန္ဓာသည် ဝလွန်းသဖြင့် အဝတ် သင်္ကန်းများသည် သူ၏ ဗိုက်ကို မဖုံးနိုင်ဘဲ ရှိသည်။ သူ၏ ပုခုံးတွင် အိတ်ကြီး တစ်ခုကို လွယ်ထားပြီး ယင်းအိတ်ထဲတွင် ကံ​ကောင်းခြင်း လက်​ဆောင်များ ထည့်ထားသည်ဟု ဆိုသည်။ သူ့ကို ယုံကြည် ကိုးကွယ်သူများကို ယင်းလက်​ဆောင်များ ​ပေးတတ်​လေသည်။

ဟိုတဲ၏ မူလဇစ်မြစ်မှာ တရုတ်ပြည်မှ ဖြစ်ပြီး "ပုတိုက်" ဟူ​သော အမည်ဖြင့် ထင်ရှားသည်။ ပုတိုက် သည် သမိုင်းထဲတွင် အမှန်တကယ် ရှိခဲ့​သော ပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ အမည်ရင်းမှာ ခိုက်ရှီ ဖြစ်၍ ​အေဒီ ၁၀ရာစု ဝန်းကျင်က တရုတ်ပြည်မှာ ​နေခဲ့သည်။

ပုတိုက် ဘုန်းကြီးသည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ဆန်း ဖြစ်၏။ အဝတ်များ ထည့်ထား​သော အိတ်ကြီး တစ်လုံးကို လွယ်၍ ခြေဦးတည့်ရာသို့ ​လျှောက်၍ သွားနေတတ်သည်။ ကြုံသည့်​နေရာတွင် ကြုံသလို အိပ်သည်။ သို့​သော် ပုတိုက်သည် တန်ခိုးရှိ​သော ပုဂ္ဂိုလ်ဖြစ်​လေရာ ချမ်း​အေးသော ​ဆောင်းရာသီ တွင်ပင် နှင်းကိုက်ခြင်း ​ဝေဒနာများ မဖြစ်ခဲ့​ပေ။

သူသည် က​လေးချစ်တတ်သူလည်း ဖြစ်သဖြင့် သွား​လေရာရာတွင် က​လေးများနှင့် ရယ်ရယ်​မော​မော ​ပျော်​ပျော်ပါးပါး ​နေတတ်သည်။ ထို့အပြင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ဆန်း ပုတိုက်သည် လူအများ၏ ကံကြမ္မာ များကို ကြိုတင်​ဟော​ပြောခဲ့​လေသည်။ ရာသီဥတု အခြေအ​နေတို့ကိုလည်း ​ဟော​ပြောနိုင်ခဲ့သည်။

ပုတိုက်သည် ​အေဒီ ၉၁၆တွင် ပျံလွန်ပြီး မပျံလွန်ခင် သူသည် လူ့ပြည်သို့ ​ခေတ္တ ဝင်စားလာ​သော အရိ​မေတ္တယျ (သက္ကတ - မဲ​တြေယ) ဘုရား​လောင်း ဖြစ်​ကြောင်း စာချန်ထားရစ်ခဲ့သည်။ထို့​ကြောင့် လူအများက ပုတိုက်ကို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အဖြစ် ကိုးကွယ် ပူ​ဇော်လာကြသည်။

ဖုကုရိုကုဂျု (ဂျပန်ဘာသာ: 福禄寿 Fukurokuju)

​နောက်ဆုံး ကံကြမ္မာနတ်မင်းမှာ ဖုကုရိုကုဂျု ဖြစ်ပြီး အသိပညာ၊ ကံကြမ္မာ၊ အသက်ရှည်ခြင်း၊ ဓနဥစ္စာ၊ ​ပျော်ရွှင်မှုတို့ကို ကိုယ်စားပြုသည်။ သူ၏ နာမည် ကိုပင် ခွဲခြမ်းစိတ်ဖြာပါက (ဖုကု-​ပျော်ရွှင်ခြင်း) (ရိုကု-ကြွယ်ဝခြင်း) (ဂျု-အသက်ရှည်ခြင်း) ဟူသည့် အဓိပ္ပါယ် ၃မျိုး ထွက်​လေသည်။ ဖုကုရိုကုဂျု နတ်ဝိဇ္ဇာသည် စစ်တုရင် ထိုးခြင်းကို နှစ်သက်ပြီး စစ်တုရင် သမားတို့ကို ​စောင်မသူလည်း ဖြစ်သည်။

ဖုကုရိုကုဂျုသည် ဂျပန်နတ်စစ်စစ် မဟုတ်ပဲ တရုတ်ပြည်ဖြစ် နတ်တစ်ပါး ဖြစ်သည်။ သူသည် နတ်မဖြစ်ခင် လူဘဝက တရုတ်ပြည် စုန့်မင်းဆက်​ခေတ်တွင် ရ​သေ့ ဖြစ်ခဲ့ဖူးသည်ဟု ဆိုသည်။ ​တောက် ဘာသာမှ ရွှမ်းဝူ နတ်ဘုရား ဝင်စားသူ ဟုလည်း ဆိုကြပြန်သည်။ ထို့အပြင် ဖုကုရိုကုဂျုသည် အစာ မစားဘဲ ​နေနိုင်ခြင်း၊ ​သေသူကိုပင် အသက်ပြန်ရှင်​စေနိုင်ခြင်း စသည့် တန်ခိုးသိဒ္ဓိများ ရှိ​လေသည်။

ဖုကုရိုကုဂျု သည် ကြီးမား​သော ဦး​ခေါင်း၊ ​ပြောင်​သော နဖူး၊ ရှည်​သော နှုတ်ခမ်း​မွှေး ရှိပြီး လက် တစ်ဖက်တွင် စာလိပ်၊ ​နောက်တစ်ဖက်တွင် ကြိုးကြာငှက်ကို ကိုင်ထားသည်။ ရံဖန်ရံခါ အသက် ရှည်ခြင်းကို ကိုယ်စားပြုသည့် သမင်၊လိပ် စ​သော သတ္တဝါများကိုပါ ထည့်သွင်း​ရေးဆွဲကြသည်။

ကီချီဂျိုတန်(ဂျပန်ဘာသာ:吉祥天 Kichijōten)

ကံကြမ္မာ နတ်ဘုရား ခုနစ်ပါးကို ​ဖော်ပြရာ၌ တခါ တရံတွင် ဖုကုရိုကုဂျုကို ပယ်၍ သူ၏ ​နေရာတွင် ကီချီဂျိုတန် နတ်သမီးဖြင့် အစားထိုး ​ဖော်ပြကြသည်။ ကီချီဂျိုတန် နတ်သမီးသည် အလှတရား၊ ​ပျော်ရွှင်မှု၊ မျိုးဆက် ပွားများမှုတို့ကို ကိုယ်စားပြုသည်။ ကီချီဂျိုတန် နတ်သမီး၏ လက်ထဲတွင် စိတ်အလိုကို ပြည့်​စေ​သော နျိုအိဟိုဂျု (စိန္တာမဏိ) ရတနာကို ကိုင်​ဆောင်ထားသည်။

ကီချီဂျိုတန် နတ်သမီး၏ မူလဇစ်မြစ်မှာ အိန္ဒိယ နိုင်ငံမှ လက်ရှမိ (သက္ကတ-လက္ၑမီ) မယ်တော် ဖြစ်သည်။ ​နောင်အခါ မဟာယာန ဗုဒ္ဓဘာသာဖြင့် ​ရောပါသွားပြီး တရုတ်၊ ကိုရီးယား၊ ဂျပန် ပြည်အထိ ​ရောက်သွားသည်။ မဟာယာန ဗုဒ္ဓဘာသာ ကျမ်းစာများတွင် သီရိမဟာ​ဒေဝီ(သက္ကတ-ၐြီမဟာဒေဝီ)ဟုလည်း ​ရေးသားသည်။

ကိုးကား