ကိုးပါးသီလ

ဝီကီပီးဒီးယား မှ
၂၁:၃၅၊ ၂၇ ဒီဇင်ဘာ ၂၀၂၀ နေ့က Bhonebsm (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-ပွါး +ပွား)) တည်းဖြတ်သည့်မူ
ဗုဒ္ဓဘာသာ သင်္ကေတ

ကိုးပါးသီလ ခံယူဆောက်တည်ပုံ (ပါဠိ-မြန်မာ)

အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။

((အရှင်ဘုရား တပည့်တော်သည် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် အားကိုးရာ ရတနာမြတ်သုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတော်မြတ်ကို တောင်းခံပါ၏။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ကိုးပါးသီလ ချီးမြှင့်တော်မူပါဘုရား။))

(ဘုန်းကြီး။ ယ မဟံ ဝဒါမိ၊ တံ ဝဒေထ။) ((ဘုန်းကြီး။ ဘုန်းကြီးဆိုသလို လိုက်ဆိုကြပါ။))

(လူများ။ အာမ ဘန္တေ။) ((လူများ။ မှန်ပါဘုရား။))

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

((ဘုန်းတော်ခြောက်ပါးရှိတော်မူသော ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေသော တရား အားလုံးကို မဖောက်မပြန် အမှန်ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားအားရှိခိုးပါ၏။))

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

((တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်- မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။ တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။ သံဃာတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။))

(ဘုန်းကြီး။ တိသရဏဂမနံ ပရိပုဏ္ဏံ။) ((ဘုန်းကြီး။ သရဏဂုံသုံးပါး ပြည့်စုံပါပြီ။))

(လူများ။ အာမ ဘန္တေ။) ((လူများ။ မှန်ပါဘုရား။))

၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။))

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။))

၃။ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((မမြတ်သော မေထုန်အမှုလည်း မပြုဘဲ အမြဲရှောင်ကြဉ်မည်။))

၄။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။))

၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((သေရည်အရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။))

၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((နေလွဲ ညစာ မစားဘဲ အမြဲရှောင်ကြဉ်မည်။))

၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((အကုသိုလ်ဖြစ်ပွားကြောင်းဖြစ်သော က ခုန် တီးမှုတ် ကြည့်ရှုနားထောင် ပန်းပန်ခြင်း အမွှေး နံ့သာ လိမ်းကျံရှူရှိုက်ခြင်းမှ အမြဲရှောင်ကြဉ်မည်။))

၈။ ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။ ((မြင့်သောနေရာ မြတ်သောနေရာ အိပ် ထိုင်ခြင်းမှ အမြဲရှောင်ကြဉ်မည်။))

၉။ မေတ္တာ သဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။ ((မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် သတ္တဝါရှိသော လောကကို ပျံ့နှံ့၍နေစေမည်။))

(ဘုန်းကြီး။ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။) ((ဘုန်းကြီး။ ဘုရား တရား သံဃာတည်းဟူသော အားကိုးရာသုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတရားမြတ်ကို ရိုသေစွာ ခံယူ ဆောက်တည်ကြပြီး၍ မမေ့မလျော့သော သတိဖြင့် ကုသိုလ်ကိစ္စအဝဝကို ပြည့်စုံအောင်အားထုတ်ကြပါ။))

(လူများ။ အာမ ဘန္တေ။) ((လူများ။ မှန်ပါဘုရား။))

အင်္ဂါ ၉-မျိုးနှင့် ပြည့်စုံသော ဥပုသ်သီလ-(ယခုအခေါ် ၉-ပါးသီလ)

နဝင်္ဂုပေါသထသုတ်၊

၁၈။ ရဟန်းတို့ အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည်-

အကျိုးကြီး၏၊

အာနိသင်ကြီး၏၊

တန်ခိုးကြီး၏၊

ကြီးသော ပျံ့နှံ့ခြင်းရှိ၏။

ရဟန်းတို့ အဘယ်သို့ ကျင့်သုံးအပ်သော အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်းရှိသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် ဤသို့ ဆင်ခြင်၏၊ ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ် ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တုတ်ကိုချထားပြီး ဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီး ဖြစ်ကုန်၏၊ ရှက်ခြင်း ရှိကုန်၏၊ သနားတတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ ပတ်လုံး အသက်သတ်ခြင်းကိုပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျက် တုတ် ကို ချထားလျက် လက်နက်ကို ချထားလျက် ရှက်ခြင်းရှိလျက် သနားလျက် ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေအံ့။ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုအံ့၊ ငါ့အားဥပုသ် ကျင့်သုံးအပ်သည် လည်း ဖြစ်ပေလိမ့်မည် ဟု ဆင်ခြင်၏။ ဤပဌမအင်္ဂါနှင့် ပြည့်စုံ၏။ ပ ။

ရဟန္တာတို့သည် အသက်ထက်ဆုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ညောင် စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေကုန်၏၊ ငါသည် လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေ ခြင်းကိုပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်လျက် ညောင်စောင်းငယ်၌ ဖြစ်စေ မြက်အခင်း၌ ဖြစ်စေ နိမ့်သော နေရာ၌ နေပါအံ့။ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည် ဟု ဆင်ခြင်၏။ ဤအဋ္ဌမအင်္ဂါနှင့် ပြည့်စုံ၏။

မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ၏။ ထို့ အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခု မြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။

ဤနဝမအင်္ဂါနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤသို့ ကျင့်သုံးအပ်သော အင်္ဂါကိုးမျိုးတို့နှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏ ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။

၈ - နဝင်္ဂုပေါသထသုတ်၊ သီဟနာဒဝဂ်၊ အင်္ဂုတ္ထိုရ်။

ကိုးပါးသီလပေးရာတွင် ဤသုံးမျိုး တွေ့ဖူးပါသည်။

၁။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ။ ၂။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။ ၃။ ယထာဗလံ မေတ္တာသဟဂတေန စေတသာ သဗ္ဗဝန္တံ လောကံ ဖရိတွာ ဝိဟရာမိ။

(ဆရာတော်အရှင်ဇနကာဘိဝံသ နှစ်သက်ပါသည်။)

ကိုးကား