ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့

ဝီကီပီးဒီးယား မှ
၂၃:၀၈၊ ၂၈ ဒီဇင်ဘာ ၂၀၂၀ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7) တည်းဖြတ်သည့်မူ

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (သို့) ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့ဟု သတ်မှတ်ထားသည်။ ထိုနေ့သည် အိတ်ချ်အိုင်ဗွီ ရောဂါပိုးမွှားကြောင့် ဖြစ်ပွားသည့် အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို သတိရှိစေရန် ရည်ရွယ်ချက်ဖြင့် သတ်မှတ်ထားသည့် နေ့ရက်ဖြစ်သည်။ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့မှာ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ ဖြစ်သည်။ ဤနေ့ကျရောက်တိုင်း ကမ္ဘာတဝန်းတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူများကို ရည်စူး၍ လွမ်းဆွတ်အောင့်မေ့ပွဲများ ကျင်းပလေ့ရှိသည်။ အစိုးရများနှင့် ကျန်းမာရေး အရာရှိများသည် ဤနေ့တွင် အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ မိန့်ခွန်းများ ပြောကြားခြင်း ဆွေးနွေးပွဲများ ကျင်းပခြင်း ရှိသည်။

ဆောင်ပုဒ်

Getting to Zero လုံးဝ ပပျောက်ရေး ဖြစ်ပါသည်။ ရောဂါကူးစက်ခံရသူ လုံးဝပပျောက်ရေးနှင့် ရောဂါကြောင့် သေဆုံးရသူ လုံးဝပပျောက်ရေးတို့ဖြစ်သည်။

သမိုင်း

၁၉၈၇ခုနှစ် ဩဂုတ်လအတွင်းတွင် ဂျနီဗာမြို့၊ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization)မှ ပြည်သူ့ပြန်ကြားရေးဝန်ထမ်းနှစ်ဦးဖြစ်သော ဂျိမ်းစ်ဘန်း (James Bunn) နှင့် သောမတ်စ်နက်တာ (Thomas Netter) တို့သည် အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုကူးစက်ရောဂါအတွက် အထိမ်းအမှတ်နေ့သတ်မှတ်ရန် စိတ်ကူးမိကြသည်။ ထို့နောက် ထိုနှစ်ဦးမှ ကုလသမဂ္ဂ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့(UNAIDS) ညွှန်ကြားရေးမှူး ဒေါက်တာဂျော်နသန်မန်း (Dr. Jonathan Mann) သို့ တင်ပြလိုက်သည်။ ဒေါက်တာမန်းမှလည်း သဘောကျ၍ အတည်ပြုပေးလိုက်သောကြောင့် ပထမဆုံးကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် စတင်ကျင်းပလိုက်သည်။

အနီရောင် ဖဲကြိုးသည် အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ခံရသူများ စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသည့် ကမ္ဘာတဝန်းလုံးတွင် အသုံးပြုသည့် သင်္ကေတဖြစ်သည်။

အနီရောင်ဖဲကြိုး

၁၉၉၁နှစ်တွင် အနီရောင်ဖဲကြိုးကို အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုကူးစက်ရောဂါ အသိနိုးကြားစေသော အပြည်ပြည်ဆိုင်ရာသင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။ ဤအနီရောင်ဖဲကြိုးလေးသည် ရောဂါသည်များကို ခွဲခြားဆက်ဆံခြင်းနှင့် ရှောင်ဖယ်ခြင်း ကင်းစေရန်အတွက်၊ ဤရောဂါဖြင့် သေဆုံးသွားသောလူများအတွက် အမှတ်တရရှိရန်အတွက်၊ ဤရောဂါကို အားလုံးစုပေါင်းတိုက်ဖျက်ရန်အတွက်၊ ရောဂါသည်များအပေါ်တွင် ဂရုတစိုက်ရှိမှုနှင့် စိုးရိမ်ပူပန်မှုများရှိကြောင်းကို ပြရန်အတွက်၊ ရောဂါသည်များကို တစိုက်မတ်မတ် အားပေးကူညီရန်အတွက်၊ ရောဂါသည်များအားလုံး စည်းလုံးညီညွတ်စေရန်အတွက် အစရှိသည့် လေးနက်သော အဓိပ္ပါယ်များဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့တွင် အမှတ်တရတပ်ဆင်ကြသည်။ [၁]

ကိုးကား

  1. World AIDS Day | The Red Ribbon။ 17 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 November 2012 တွင် ပြန်စစ်ပြီး။