ကန္နီမြင်းဖြူရှင်

ဝီကီပီးဒီးယား မှ

ကန္နီမြင်းဖြူရှင်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း

အဇာတသတ်မင်းလက်ထက်တွင် ၎င်း၏ အဆက်အနွယ်တော်စပ်သူမင်းတစ်ပါးသည် ရာဇဝတ်ဒဏ်ပေးခံရ၍ နှင်ထုတ်ခံခဲ့ရသည်။ ထိုအနှင်ထုတ်ခံရသူသည် ကလေးအရပ်သို့ရောက်ခဲ့သည်။ ကလေးမြို့သည် တောင်များဝိုင်းရံနေသဖြင့် ရာဇဂြိုဟ်ပြည်နှင့် ဆင်တူနေသဖြင့် ထိုအရပ်တွင် မြို့တည်ကာ နေထိုင်ခဲ့သည်။ ထိုမြို့ကိုလည်း "ကလေးတောင်ညို ရာဇဂြိုဟ်" ဟု အမည်ပေးခဲ့သည်။

ထိုမင်းသည် ၎င်း၏ မြေးတော်စပ်သူ ဖိုးမင်းဖြူကို တောင်ဘက်ရှိ ကန္နီအရပ်သို့ လွှတ်၍ မြို့တည်ခိုင်းသည်။ ဖိုးဖြူမင်းသည် ချင်းတွင်းမြစ်ကမ်းပါးရှိ တောင်ထိပ်ပေါ်တွင် မြို့တည်ကာ နေထိုင်ခဲ့သည်။

ထိုသို့ မြို့တည်ကာ နေထိုင်နေသည်ကို ပုဂံမင်း ကြားသိသောအခါ လာရောက်တိုက်ခိုက်၏။ ပုဂံမင်းသည် စစ်ရှုံး၍ လှည့်ပြန်သွားစဉ် ဖိုးမင်းဖြူ၏ မြို့သူ မိန်းမတစ်ဦးသည် လှောင်ပြောင်ကာ ဖင်ကုန်းပြခဲ့သည်။ ထိုသို့ ပြုမူသည် ပုဂံမင်း၏ စစ်သည်တို့သည် မြင်ပြီး နိမိတ်ကောင်းသည်ဟု ဆိုကာ ပြန်လည်ကာ တိုက်ခိုက်ခဲ့သည်။ ထိုအခါတွင်မူ ဖိုးမင်းဖြူဘက်မှ အရေးနိမ့်ခဲ့သည်။

အရေးနိမ့်သည့်အခါတွင် ဖိုးမင်းဖြူသည် ရန်သူ့လက်သို့ မပါလိုသဖြင့် ၎င်း၏ အခြွေအရံများနှင့် အတူတကွ မြင်းတို့၏ ခေါင်း၊ မျက်စိတို့တွင် အဝတ်များစီးကာ တောင်ကမ်းပါးထိပ်မှ ချင်းတွင်းမြစ်အတွင်းသို့ အတင်းဒုန်းစိုင်းကာ ဆင်း၍ ကွယ်လွန်ကာ အနိစ္စရောက်ခဲ့သည်။

အလောင်းစည်သူမင်းကြီးသည် တိုင်းခန်းလှည့်လည်လာရာတွင် ထိုအရပ်သို့ရောက်လေသည်။ ထိုအခါ ဖိုးမင်းဖြူနှင့် အခြွေအရံများသည် အစိမ်း၊ နတ်ဘဝနှင့် မြင်းကိုယ်စီစီးကာ ကိုယ်ထင်ရှား ပြလေသည်။ ထိုအခါ အလောင်းစည်သူမင်းကြီးသည် နတ်ကွန်း၊ နတ်နန်းများ တည်ဆောက်ပေးကာ အပိုင်စားနယ်ပယ်ကိုလည်း သတ်မှတ်ပေးခဲ့သည်။

ခုနှစ်သက္ကရာဇ်နှင့် ပုဂံမင်း၏ အမည်ကိုမူ ရှာဖွေ၍ မရပေ။[၁]

မြန်မာ့စွယ်စုံကျမ်းလာ သမိုင်း

အနော်ရထာမင်းလက်တွင် "ကန္နီနော်ရထာ" ဟူသည့် ဘွဲ့ဖြင့် ကန္နီမြို့ကို မြို့စားအရာရခဲ့သည်။ တစ်ခုသောအခါတွင် ကန္နီနော်ရထာသည် ပုန်ကုန်လေသည်။ ထိုအခါမင်းကြီး၏ တပ်သားများသည် လိုက်လံတိုက်ခိုက်ရာ ကန္နီနော်ရထာသည် မြင်းဖြူကို စီးကာ ကုန်းမြင့်ပေါ်မှ မြစ်တွင်းသို့ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ထင်ရှားလျက်ရှိသည့် ၃၇ မင်းအပါအဝင်နတ်များတွင် ပါဝင်သည့် မြင်းဖြူရှင်နတ်မှာ "ကန္နီနော်ရထာ" ဖြစ်သည်ဟု ဆိုကြသည်။

ကန္နီနယ်တွင် ဖိုးမင်းဖြူနတ်(သို့) မြင်းဖြူရှင်နတ်၊ ရွှေမြင်းဖြူနတ်၊ မြင်းဖြူရှင်နတ်ကို အလွန်ရိုသေကြသည်။[၁]

အမည်များ

ကန္နီနယ်မှ ဒေသခံများသည် ဖိုးမင်းဖြူနတ်၊ မင်းဖြူရှင်နတ်၊ ရွှေမြင်းဖြူနတ်ဟု ခေါ်ဆိုကြသည်။[၁]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ။ pp. ၁၃၅၊ ၁၃၆။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)