သခင်စိုး

ဝီကီပီးဒီးယား မှ
သခင်

စိုး
ဖိုင်:Thakhin Soejpeg.jpeg
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၀၆
မုပွန်ကျောက်တန်းရပ်၊ ကျိုက်ခမီခရိုင်၊ ဗြိတိသျှဘားမား
ကွယ်လွန်၁၉၈၉ ခုနှစ်၊ မေလ ၄
ရန်ကုန်မြို့ မြန်မာနိုင်ငံ
နိုင်ငံရေးပါတီဗမာပြည် ကွန်မြူနစ်ပါတီ
မိဘအဘ ဦးစံဒွန်း၊ အမိဒေါ်နှင်းအောင်
ကျော်ကြားမှုအလံနီ ကွန်မြူနစ်ပါတီ
ဆုတံဆိပ်များနိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)
ဖိုင်:Tha khin ko taw mine and tha khin soe.JPG
၁၉၆၃ ခုနှစ် တွင် အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မြို့ပေါ် တက်လာသော အလံနီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် သခင်စိုး က သခင်ကိုယ်တော်မှိုင်း အား လာရောက် ဂါရဝ ပြုစဉ်
ဖိုင်:Bo Htun Lwin Thakhin ThanTun Thakhin Soe.png
ဝဲမှယာ − ပြည်သူ့ရဲဘော် ဥက္ကဋ္ဌ ဗိုလ်ထွန်းလွင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်း၊ ကွန်မြူနစ်ပါတီ (ဗမာပြည်) အထွေထွေအတွင်းရေးမှူး သခင်စိုး

သခင်စိုး (၁၉၀၆-၁၉၈၉) သည် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတွင် အရေးပါသော တို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အပြင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ကို စတင်တည်‌ထောင်သူတစ်ဦးလည်း ဖြစ်သည်။[၁][၂]

ငယ်စဉ်ဘဝ နှင့် ပညာရေး

သခင်စိုးသည် မွန်အမျိုးသား တစ်ဦးဖြစ်ပြီး ၁၉၀၆ ခုနှစ်တွင် မွန်ပြည်နယ် ကျိုက်ခမီခရိုင်၊ မုပွန်ကျောက်တန်းရပ်တွင် အဘ ဦးစံဒွန်း၊ အမိဒေါ်နှင်းအောင်တို့မှ မွေးဖွားခဲ့သည်။ ညီအစ်ကို မောင်နှမများထဲတွင် အငယ်ဆုံးသား ဖြစ်သည်။ ကျောက်တန်းရွာ ဘုန်းတော်ကြီးကျောင်း၌ စတင်ပညာသင်ကြားသည်။ ထို့နောက် မော်လမြိုင်မြို့ မောင်ငံရပ် အမျိုးသားကျောင်း၌ ဆက်လက် ပညာသင်ကြားခဲ့သည်။ တဖန် ရှင်မဟာဗုဒ္ဓဃောသ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားသည်။ အင်္ဂလိပ်-မြန်မာ ခုနစ်တန်းထိ ပညာသင်ကြားခဲ့သည်။

ဘီအိုစီဝန်ထမ်း

ထို့နောက် ၁၉၂၃ ခု၊ မတ်လ၌ အစ်ကိုကြီး ဦးကျေးရင်ရှိရာ သန်လျင် (ဘီအိုစီ) ကုမ္ပဏီတွင် အလုပ်လုပ်ရန် မော်လမြိုင်မြို့မှ ထွက်ခဲ့သည်။ သန်လျင်ဘီအိုစီတွင် လက်ထောက်ဓာတ်ခွဲစမ်းသပ်သူ အဖြစ် လုပ်ကိုင်သည်။[၃] သခင်စိုးသည် ကျန်းမာရေး လိုက်စားသူတစ်ဦး ဖြစ်ရာ သန်လျင်တွင် အလုပ်လုပ်နေစဉ် ရေကူးခြင်း၊ သန်လျင်မှ ၁၅ မိုင်အကွာ သပြေကန်ရွာသို့ အသွားအပြန် လမ်းလျောက်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ဂီတအနုပညာ ဝါသနာပါသူတစ်ဦးဖြစ်လေရာ စန္ဒယားဆရာ ဦးဘလှ၊ ဆရာနွဲ့ကြီး၊ ဘာဂျာဆွဲ အငြိမ့်ဆရာ စိုးကြီး စသူတို့ထံတွင် တယောထိုးခြင်းစသော ဂီတသုခုမကို လေ့လာသင်ကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘီအိုစီတွင် အလုပ်လုပ်နေစဉ်ကာလတစ်လျောက် ကားလ်မတ်စ်၏ နိုင်ငံရေးကျမ်းကြီးများကို စူးစူးစိုက်စိုက်လေ့လာဖတ်ရှုခဲ့သည်။ ထိုစဉ် နယ်ချဲ့အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်နေသော လယ်သမားခေါင်းဆောင်ကြီး ဆရာစံအား ၁၉၃၁ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက ရုံးတင်ကြိုးပေးကွပ်မျက်လိုက်သည်ကို ကြားသိရသောအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရကို တော်လှန်လိုသော စိတ်ဓာတ်များ ပြင်းထန်လာခဲ့သည်။ ထို့ကြောင့် ဝါသနာထုံလှသော ဂီတကိုစွန့်ကာ နိုင်ငံရေးလောကသို့ ခြေစုံပစ်ခဲ့သည်။

တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခြင်း

အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများကို ပြောဟောလှုံ့ဆော်နေသော တို့ဗမာအစည်းအရုံးသို့ သခင်တစ်ဦးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး သခင်သိန်းမောင်ကြီး၊ သခင်ဘသောင်း စသော တို့ဗမာအစည်းအရုံး ခေါင်းဆောင်များ၏ လမ်းညွှန်မှုများဖြင့် အင်္ဂလိပ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။ ၁၃၀ဝ ပြည့် အရေးတော်ပုံကြီး ဖြစ်သော ရေနံမြေအလုပ်သမားများ၏ သပိတ်တိုက်ပွဲ ဆင်နွဲရန်အတွက် သခင်စိုးသည် ရေနံမြေသပိတ်ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်လှုပ်ရှားခဲ့သည်။ ရေနံမြေသပိတ်တပ်ကြီး ရေနံမြေမှ ရန်ကုန်သို့ ချီတက်စဉ် မကွေးတွင် နယ်ချဲ့ဆန့်ကျင်ရေးတရား ဟောပြောသဖြင့် သခင်စိုးသည် အခြားသခင်များနှင့်အတူ ထောင်ချခံရသည်။ ထိုအချိန်တွင် ဒေါက်တာဘမော်အစိုးရ ပြုတ်ကျပြီး ဦးပုအစိုးရတက်လာခဲ့ရာ သခင်စိုးကို ထောင်ဒဏ်သုံးလအစား နှစ်လနှင့်လွှတ်လိုက်သည်။ တို့ဗမာအစည်းအရုံးဝင်နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ၁၉၄၀ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဗြိတိသျှဆန့်ကျင်လှုပ်ရှားမှုအဖွဲ့ဟုလည်း ခေါ်ခဲ့သည်။

ဖက်ဆစ် တော်လှန်ရေး

၁၉၄၂ ခုနှစ်တွင် ဂျပန်ဆန့်ကျင်ရေး ပြောက်ကျားအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် နယ်ချဲ့တို့၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ ထောင်အကြိမ်ကြိမ်ကျခံကာ စွန့်စွန့်စားစား လုပ်ကိုင်ခဲ့သူဖြစ်သည်။

သခင်စိုးသည် ဂျပန်ခေတ်တွင် ဖက်ဆစ်ရန်ကို တွန်းလှန်တိုက်ဖျက်ရန်အတွက် သဘောတရားရေး၊ လက်နက်ကိုင်တိုက်ဖျက်ရေးတို့ဖြင့် စည်းရုံးလှုံ့ဆော်ခဲ့သူတစ်ဦး ဖြစ်သည်။ ထို့နောက် ၁၉၄၄ ခုနှစ်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) ကြီးကို ဖွဲ့စည်းရာ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးခေါင်းဆောင် ဖြစ်ခဲ့ပြီး သခင်စိုးသည် နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

အလံနီကွန်မြူနစ်ပါတီစတင်တည်‌ထောင်ခြင်း

၁၉၄၆ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးကို ကျင်းပရာတွင် သခင်စိုးက သခင်သန်းထွန်းနှင့် သခင်သိန်းဖေ (သိန်းဖေမြင့်)တို့ နုတ်ထွက်ပေးပြီးနောက် သခင်စိုးနှင့် ကျန်လူများ ဆက်လက် သဘောထားကွဲလွဲကြပြီး သခင်စိုးသည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထုတ်၍ ကွန်မြူနစ်ပါတီတစ်ရပ်ကို သီးခြားထူထောင်ခဲ့ရာ ‘ကွန်မြူနစ်ပါတီဗမာပြည်’ ဟုလည်းကောင်း၊ ‘အလံနီပါတီ’ ဟုလည်းကောင်း ခေါ်သည်။ သခင်စိုး၏ ကွန်မြူနစ်ပါတီ (ဗမာပြည်) ခေါ် အလံနီပါတီကို ၁၉၄၆ ခုနှစ်၊ ဇူလိုင်လတွင် အစိုးရက မတရားအသင်းအဖြစ် ကြေညာခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီတွင် သခင်စိုး၏ အလံနီ ကွန်မြူနစ်ပါတီသည် တောခိုခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေး အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် ဖိတ်ခေါ်သောအခါ သခင်စိုးသည် အလံနီကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် တော်လှန်ရေးအစိုးရနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးပွဲမှာ မအောင်မြင်ခဲ့ချေ။ ၁၉၇၀ ပြည့်နှစ်တွင် တော်လှန်ရေးအစိုးရ၏ ထိန်းသိမ်းခြင်းခံခဲ့ရပြီး နိုင်ငံတော်တော်လှန်ပုန်ကန်မှုဖြင့် သခင်စိုးအား နိုင်ငံတော်အစိုးရက တရားစွဲဆိုခဲ့သည်။ သို့သော် ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းအတည်ပြုခြင်း အထိမ်းအမှတ်အဖြစ် သေဒဏ်မှ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲကျခံခဲ့ရသည်။ ထို့နောက် ၁၉၈၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သောကြောင့် ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ် ၂/၈၀ ကို ထုတ်ပြန်လိုက်သဖြင့် သခင်စိုးသည် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့လေသည်။ သခင်စိုးသည် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ၁၉၈၁ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် မှတ်ပုံတင်ခဲ့သော ‘ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ’ ၏ နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

စာရေးသားမှုများ

သခင်စိုးသည် အင်္ဂလိပ်ခေတ်ကတည်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဆိုင်ရာ စာအုပ်စာပေများကို ရေးသားခဲ့သူ ဖြစ်သည်။ ကျွန်မချစ်လင်၊ အလုပ်သမားလောက၊ ဗမာတော်လှန်မှု၊ အလုပ်သမားလူတန်းစား ၊ ဖက်ဆစ်ဝါဒဆန့်ကျင်ရေး၊ အကျပ်အတည်းမှ လွတ်မြောက်ရာ တစ်ခုတည်းသောလမ်းသို့၊ ကမ္ဘာ့စီးပွားရေး ပြဿနာများကို ဖြေရှင်းပြခြင်း။ အမိနိုင်ငံတော်အတွက် တိုးတက်မှန်ကန်သော လမ်းများကို ရှာဖွေခြင်း စသည့် စာအုပ်များကို ရေးသားခဲ့သည်။

ထို့ပြင် ဘူဂေးရီးယားပြည်သား ဂျော့ဒီမစ်ထရော့စ်၏ အလုပ်သမား လူတန်းစား၏ ဖက်ဆစ်ဆန့်ကျင်ရေး စာအုပ်ကိုလည်း ဘာသာပြန်ခဲ့သည်။ ထို့ကြောင့် ၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ထောင်ထဲတွင် ရှိနေစဉ်အတွင်း အကျပ်အတည်းမှ လွတ်မြောက်ရာတစ်ခုတည်းသောလမ်းသို့ ကမ္ဘာ့စီးပွားရေးပြဿနာများကို ဖြေရှင်းပြခြင်း၊ အမိနိုင်ငံတော်အတွက် တိုးတက်မှန်ကန်သော လမ်းများကို ရှာဖွေခြင်း စသည့် စာအုပ်များကို ရေးသားခဲ့သည်။

မိသားစု

သခင်စိုး ပထမဇနီးမှာ လှလေးစိန်ဖြစ်ပြီး ၎င်း၏ညီမ မြလေးစိန်ကိုလည်း ယူထားသည်။ ထို့နောက် ဒေါ်ခင်စီနှင့် အိမ်ထောင်ပြုခဲ့သည်၊ ဒေါ်နှင်းမေနှင့် လက်ထပ်ခဲ့ရာတွင် သမီး ရီရီစိုး(ရဲနီမွန်လေး၏ ဇနီး)၊ နီ⁠နီစိုး (သမီး)တို့ ထွန်းကားခဲ့သည်။ ဂန့်ဂေါသူ ဒေါ်ခင်စုနှင့် ထပ်မံလက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၎င်းတို့မှာ ဦးခင်မောင်စိုး(၃၄)နှစ် (အမှတ် (၁၄/၁၆) (၅၃)လမ်း၊ ပုဇွန်တောင်မြို့နယ်တွင် နေထိုင် လျက်ရှိသည်။ ဒေါ်နွယ်နီစိုး(၃၂)နှစ်(သမီး)၊ အမှတ် (၂၉)၊ အခန်း(၈)၊ ဦးဝိစာရအိမ်ရာ၊ ဒဂုံမြို့နယ်တွင် နေသည်၊ ဒုတိယဇနီး ဒေါ်ခင်စုမှာ သမီးနှင့်အတူ တိုက် (၂၉)၊ အခန်း (၈)၊ ဦးဝိစာရအိမ်ရာ၊ ဒဂုံမြို့နယ်တွင် နေသည်။

ဘဝနိဂုံး

သခင်စိုးသည် ၁၉၈၉ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်စုနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။ ကြွင်းကျန်သော ရုပ်ကလာပ်ကို ကြံတောသုသာန်၌ ဂူသွင်းသင်္ဂြုလ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီး ခြောက်ယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား

  1. Lintner, Bertil. The Rise and Fall of the Communist Party of Burma (CPB). Southeast Asia Program series, no. 6. Ithaca, N.Y.: Southeast Asia Program, Cornell University, 1990. p. 6
  2. Alagappa, Muthiah (1995). Political Legitimacy in Southeast Asia: The Quest for Moral Authority. Stanford University Press.
  3. Lintner, Bertil (1999). Burma in Revolt: Opium and Insurgency since 1948. Silkworm Books.