ရဲတိုက်

ဝီကီပီးဒီးယား မှ
၀၈:၂၀၊ ၁၇ ဇွန် ၂၀၁၈ နေ့က NjsBot (ဆွေးနွေး | ပံ့ပိုး) (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း  (-သဏ္ဍာန် +သဏ္ဌာန်)) တည်းဖြတ်သည့်မူ
A castle high on a rocky peninsula above a plain. It is dominated by a tall rectangular tower rising above a main building with steep slate roof. The walls are pink, and covered with a sculptural pattern. There is a variety of turrets and details.
ဆီဂိုဗီးယား၏ အယ်လ်ကဇာ စပိန်နိုင်ငံ
A castle of square plan surrounded by a water-filled moat. It has round corner towers and a forbidding appearance.
အင်္ဂလန်နိုင်ငံရှိ ဘိုဒီယမ်ရဲတိုက်ကို ရေပြည့်နေသော ကျုံးဖြင့် ဝန်းရံထားပုံ

ရဲတိုက်ဆိုသည်မှာ ဥရောပနှင့် အရှေ့အလယ်ပိုင်း တို့တွင် အလယ်ခေတ်က ဆောက်လုပ်လေ့ ရှိကြသော ခံတပ် အဆောက်အအုံ တစ်မျိုး ဖြစ်သည်။ ပုံမှန်အားဖြင့် ရဲတိုက်ဆိုသည်မှာ ခံတပ်အနေနှင့် ဆောက်လုပ်ထားသော လော့ဒ် သို့မဟုတ် အထက်တန်းလွှာတို့၏ နေအိမ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ထို အသုံးအနှုန်းမှာ ခံတပ် (fortress) ဆိုသော အသုံးအနှုန်း နှင့် အများအတွက် ကာကွယ်ရေးအတွက် တည်ဆောက်ထားသော ခံတပ်မြို့ (fortified town) ဆိုသော အသုံးအနှုန်းတို့မှ ကွဲပြားခြားနားသွားသည်။ ထိုအဆောက်အအုံများမှာ ပုံမှန်အားဖြင့် တူညီသော ပုံသဏ္ဌန်များ ရှိတတ်ကြသည်။ ရဲတိုက်များကို တည်ဆောက်ခဲ့သော နှစ်ပေါင်း ၉၀၀ ခန့်အတွင်းတွင် ၎င်းတို့သည် ပုံစံအမျိုးမျိုးဖြင့် ဆောက်လုပ်ခဲ့ကြပြီး ၎င်းတို့တွင် တူညီသော ပုံသဏ္ဌာန်များလည်း ပါဝင်လေ့ ရှိကြသည်။

ရဲတိုက်များကို ဥရောပမှ စတင် တီထွင်ကြံဆခဲ့ကြပြီး ၉ ရာစုနှင့် ၁၀ ရာစုနှစ်များတွင် စတင်ခဲ့ကြသည်။ ကာရိုလင်ဂျီယန်း အင်ပိုင်ယာ ပျက်သုဉ်းပြီးသည့် နောက် နယ်မြေများကို လော့ဒ်များနှင့် မင်းသားများ အကြားတွင် ခွဲခြမ်းရယူခဲ့ပြီးသည့် နောက်တွင်ဖြစ်သည်။ ရဲတိုက်များသည် ၎င်း၏ ဘေးနားပတ်လည်တွင်ရှိသော နယ်မြေကို ထိန်းချုပ်ရန် အတွက်တည်ဆောက်ထားပြီး ကာကွယ်ရန်နှင့် တိုက်ခိုက်ရန် နှစ်မျိုးစလုံးအတွက် ဖြစ်သည်။ ရဲတိုက်များ အနေနှင့် တိုက်ခိုက်မှုကို စတင်ရန်နှင့် ရန်သူများထံမှ ကာကွယ်ရန် အခြေပြု စခန်းအဖြစ် အသုံးပြုလေ့ ရှိကြသည်။ ရဲတိုက်များကို လေ့လာရာတွင် စစ်ဘက်ဆိုင်ရာ ကိစ္စများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သောလည်း ရဲတိုက်များသည် အုပ်ချုပ်ရေးနှင့် ဩဇာအရှိန်အဝါ၏ အထိမ်းအမှတ် အဖြစ်လည်း တည်ရှိကြသည်။ မြို့ပြများရှိ ရဲတိုက်များသည် ဒေသခံ နေထိုင်သူတို့ကို ထိန်းချုပ်ရန် ကောင်းသော နေရာများ နှင့် အရေးပါသော ခရီးသွား လမ်းကြောင်းများပေါ်တွင် တည်ရှိကြပြီး ကျေးလက်ရှိ ရဲတိုက်များမှာမူ လူမှုအဖွဲ့အစည်း၏ အရေးပါသော နေရာများဖြစ်သည့် ကြိတ်ခွဲစက်များနှင့် စိုက်ပျိုးရန်ကောင်းသော မြေများအနီးတွင် တည်ရှိကြသည်။

ရဲတိုက်အများစုမှာ အစကနဦးတွင် မြေကြီးများ သစ်လုံးများဖြင့် တည်ဆောက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့၏ ကာကွယ်ရေး အတွက် ကျောက်တုံးများဖြင့် ပြောင်းလဲတည်ဆောက်ခဲ့ကြသည်။ အစောပိုင်း ရဲတိုက်များမှာ သဘာဝအလျောက် ကာကွယ်ရန် ကောင်းသော နေရာများကို မှီ၍ တည်ဆောက်ခဲ့ကြပြီး မျှော်စင်များ နှင့် မြှားပစ်စစ်များ မပါရှိကြပေ။ အလယ်ဗဟို ခံတပ်နေရာကိုသာ အဓိက ထားကြသည်။ ၁၂ ရာစုနှောင်းပိုင်း နှင့် ၁၃ ရာစု အစောပိုင်းတွင် ရဲတိုက်တို့၏ ခံစစ်နည်းပညာကို သိပ္ပံနည်းကျ တီထွင် လာခဲ့ကြသည်။ ထို့အတွက်ကြောင့် မျှော်စင်များကို ဖြုတ်ချခဲ့သည်။ အသစ်ဆောက်လုပ်သော ရဲတိုက်များမှာ ထောင့်ပုံသဏ္ဌာန်များ ဖြစ်ကြပြီး အလယ်ဗဟိုမှ ကာကွယ်ရေးကို အဓိက ထားကြသည်။ ကာကွယ်ရေး အဆင့်ဆင့်ကို တစ်ခုနှင့် တစ်ခု ဆက်လျှက် တည်ဆောက်ထားကြပြီး ပစ်ခတ်နိုင်မှုကို မြှင့်တင်ရန် အဓိက ထားသည်။ ထိုသို့ ကာကွယ်ရေးတွင် ပြောင်းလဲလာကြခြင်းဖြင့် အလယ်ဗဟို အဓိကထားသည့် ခံတပ်များ အစရှိသည့် ခရူးဆိတ် စစ်ပွဲမှ ရသည့် နည်းပညာများနှင့် ရောမတို့၏ ခံတပ်များ စသည့် အစောပိုင်း ခုခံမှု နည်းပညာများကို ရောစပ်သုံးစွဲ လာကြသည်။ ရဲတိုက် ဗိသုကာပညာ၏ အစိတ်အပိုင်း အားလုံးမှာ စစ်ရေး သက်သက် မဟုတ်တော့ဘဲ ကျုံး စသည့် တန်ခိုးအာဏာ၏ ပြယုဂ်များကို ပါ ထည့်သွင်း တည်ဆောက်လာကြလေသည်။ အချို့သော ရဲတိုက်များမှာ အခြားသူတို့ နှစ်သက်အားကျ စေရန်နှင့် ပတ်ဝန်းကျင်တွင် အထင်အရှား ရှိစေရန် ရည်ရွယ် ဆောက်လုပ်ကြသည်။

ယမ်းမှုန့်များကို ဥရောပတွင် ၁၄ရာစု ကတည်းက ရောက်ရှိခဲ့သော်လည်း ၁၅ ရာစု အထိ ရဲတိုက်တည်ဆောက်မှု အပေါ်တွင် ဩဇာသက်ရောက်မှု မရှိခဲ့ပေ။ ထိုအချိန်တွင်မူ လက်နက်များသည် ကျောက်သားနံရံများကို ဖြိုခွဲနိုင်သည် အထိ အားပြင်းလာကြပြီ ဖြစ်သည်။ ၁၆ ရာစု အထိ ရဲတိုက်များကို တည်ဆောက်ကြဆဲ ဖြစ်သော်လည်း တိုးတက်လာသော အမြောက်ပစ်ခတ်မှုများကို ကာကွယ်ရန် မစွမ်းနိုင်ကြောင့် ထိုနေရာများသည် နေထိုင်ရန် မသင့်တော်တော့ပေ။ ထို့အတွက်ကြောင့် ရဲတိုက်များ ဆောက်လုပ်မှု ကျဆင်းလာပြီး ခံတပ်များ တည်ဆောက်ခြင်း နှင့် ကာကွယ်ရန် မဖြစ်နိုင်သော ကျေးလက်အိမ်များ ဆောက်လုပ်ခြင်းဖြင့် အစားထိုးလာကြသည်။ ၁၈ ရာစု တွင်မူ ရဲတိုက်များ ဆောက်လုပ်ခြင်းကို ပြန်လည် စိတ်ဝင်စားလာကြပြီး ဂေါသစ် ဗိသုကာ ပညာကို ပြန်လည် အသက်သွင်းသည့် အနေနှင့် စစ်ရေး အတွက် မရည်ရွယ်သော ရဲတိုက်များကို တည်ဆောက်လာကြသည်။

ရဲတိုက်များကို မူလဆောက်လုပ်ခါစက အကာအကွယ် အဖြစ်သာ ဆောက်လုပ်ခဲ့ကြသော်လည်း နောင်အခါတွင် ခမ်း ခမ်းနားနား နေထိုင်ရန်ဟူ၍လည်း သဘောထားလာကြလေ သည်။ သို့ဖြစ်ရာ ရဲတိုက်များကို အနုပညာလက်ရာအမျိုးမျိုးဖြင့် လှပတင့်တယ် နေချင်စဖွယ်ဖြစ်အောင် ပြုပြင်မွမ်းမံလျက် နေ ထိုင်ကြလေသည်။ ဤသို့ နေနိုင်သူများမှာ များသောအားဖြင့် မင်းညီမင်းသား လူကုံတံများနှင့် သူဌေးသူကြွယ်များသာ ဖြစ် ကြသည်။