ပရိုင်းမိတ်

ဝီကီပီးဒီးယား မှ

ပရိုင်းမိတ် (Primates) သည် ဘူမိဗေဒ၊ ရှေးဟောင်းသုတေသနနှင့် မနုဿဗေဒအပါအဝင် ပညာရပ် နယ်ပယ်များမှ ပညာရှင်များနှင့်သုတေသီများ စိတ်ဝင်စားသည့် ကျောရိုးရှိ သတ္တဝါမျိုးစိတ်တစ်ခုမှ လူသားများအဆင့်သို့ ဆင့်ကဲပြောင်းလဲလာမှု၏ မူလဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်များ၏ မူလအစကို ဖော်ထုတ်နိုင်ရန် ပညာရှင်များသည လူတူပရိုင်းမိတ် ရုပ်ကြွင်းများကို ရှာဖွေလေ့လာ ခဲ့ကြသည်။

ပရိုင်းမိတ်သည် လက်တင်ဘာသာ (Primus) မှ ဆင်းသက်လာကာ ပထမဆုံးဟု အဓိပ္ပာယ်ရှိ၍ သတ္တလောကတွင် အသိဉာဏ်ပညာ ပထမဆုံးဖွံ့ ဖြိုးတိုးတက်ခဲ့သည့် သတ္တဝါဟု ဆိုလိုသည်။ ပရိုင်းမိတ်တွင် အဆင့်နိမ့်ပရိုင်းမိတ်နှင် အဆင့်မြင့် ပရိုင်းမိတ်ဟုရှိရာ လူ၊ လူဝံ၊ မျောက်ဝံတို့သည် အဆင့်မြင့် ပရိုင်းမိတ်မှ ဆင်းသက်လာကြပြီး လူတူပရိုင်းမိတ် ဟုလည်း ခေါ်ဆိုသည်။ ယေဘုယျ အားဖြင့် အဆင့်နိမ့်ပရိုင်းမိတ်တွင် အံသွားသုံးချောင်းရှိပြီး အဆင့်မြင့်ပရိုင်းမိတ်တွင် အံသွားနှစ်ချောင်း ပါရှိသည်။

မြန်မာနိုင်ငံ၏ တောင်စဉ်တောင်တန်းများနှင့် မြေသားထုသည် လွန်ခဲ့သည့် နှစ် သန်း ၅၀၀ မှ စ၍ တစ်ဆင့်ပြီးတစ်ဆင် ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း လူသားများဖြစ်လာမည့် ပရိုင်းမိတ်များ နေထိုင်ခဲ့သည့် အထောက်အထားများကို တွေ့ရှိခဲ့သည်။

မျိုးစိတ်တို့၏ မူလအစ

ဤကမ္ဘာမြေပေါ်တွင် လူသားများသည် မည်သည့်အချိန်က မည်သို့ စတင်ဖြစ်ပေါ်ခဲ့သည်ကို မလေ့လာ နိုင်သေးမီ ၁၈ ရာစုအထိ လူအများက လူသားများကို ဘုရားသခင်ဖန်တီးခဲ့ သည်ဟူသည့် အယူအဆကို လက်ခံခဲ့ကြသည်။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ နင်းဒါသယ်(Neanderthal) ခေါ် ရှေးဦးလူ အရိုးစုတစ်ခုကို တွေ့ရှိခဲ့ပြီးနောက် အာရှ၊ ဥရောပနှင့် အာဖရိကဒေသများတွင် လူသားမျိုးနွယ်၏ အရင်းမူလကို ဖော်ထုတ်နိုင်မည့် အထောက်အထားများကို ရှာဖွေခဲ့ကြသည်။ ၁၈၅၉ ခုနှစ်တွင် ဗြိတိသျှနိုင်ငံမှ သဘာ၀လောက သိပ္ပံပညာရှင် ချားစ်ဒါဝင်က “မျိုးစိတ်တို့၏ မူလအစ(The Origin of Spieces) စာအုပ်ကို ရေးသားထုတ်ဝေခဲ့ရာ ကမ္ဘာတစ်ဝန်း ပညာရှင်များ အကြား ဝေဖန်မှုမျိုးစုံ ထွက်ပေါ်ခဲ့သည်။ လူသည် ဖန်ဆင်းခံဖြစ်သည် ဟူသော အစဉ်အလာ အယူအဆမှ ခွဲထွက်လျက် လူသည် ကျောရိုးရှိသတ္တဝါတစ်မျိုးမှ ဆင့်ကဲပြောင်းလဲ ဖွံ့ဖြိုးလာခြင်း သာ ဖြစ်ကြောင်း အယူအဆအသစ်တစ်ရပ်ကို ဖော်ထုတ်ခဲ့သည့် ချားစ်ဒါဝင်၏ စာအုပ်ထွက်ခဲ့ချိန်က ဝေဖန်ငြင်းခုံခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူမျိုးနွယ် ဆင့်ကဲဖြစ်စဉ်ကို အတည်ပြုနိုင်မည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိခဲ့ကြသည်။

လူတူပရိုင်းမိတ် (Anthropoid Primate) အယူအဆများ

ဂရိဝေါဟာရ Anthropoid သည် Anthro (လူ)၊ poid (တူ)၊ လူတူဟု အဓိပ္ပာယ်ရှိသည်။ လူတူ ပရိုင်းမိတ်များသည် အခြားနို့တိုက်သတ္တဝါများထက် ဦးနှောက်အိမ် ပိုမိုကြီးမားကာ မျက်လုံးများသည် မျက်နှာရှေ့တွင်ရှိသဖြင့် ရှေ့တည့်တည့်သို့ ကြည့်မြင်နိုင်သည်။ ပြားကပ်သော ခြေသည်းလက်သည်း များပါရှိသည့် ခြေချောင်းနှင့် လက်ငါးချောင်းစီ ပါဝင်သော ခြေလက်များကို အလွယ်တကူ လှုပ်ရှားနိုင်ခြင်းနှင့် မေးရိုးသည်ရှေ့သို့ ငေါထွက်မနေဘဲ တည့်မတ်နေခြင်းတို့သည် အခြားနို့တိုက် သတ္တဝါများထက် ပိုမိုထူးခြားသည့် လူတူ ပရိုင်းမိတ်များ၏ လက္ခဏာများဖြစ်ကြသည်။

လွန်ခဲ့သည့် နှစ်သန်း ၅၀ က အာဖရိကတိုက်၊ ဥရောပတိုကနှင့် အာရှတိုက်တို့တွင် လူတူပရိုင်းမိတ် များ စတင်ပေါ်ပေါက် ခဲ့သည်။ အာရှတိုက်တွင် လူတူပရိုင်း မိတ် များသည် လွန်ခဲ့ သည့် နှစ်သန်း ၄၀ တွင် စတင်ပေါ်ပေါက်ခဲ့၍ ဆင့်ကဲပြောင်းလဲ မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ် နှစ်သန်းခွဲတွင လူသားများအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်၊ မြေအောက်တွင် တွေ့ရှိရသည့် လူတူ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများသည် ဤကမ္ဘာမြေ၌ အသက်ရှင်နေထိုင်နေကြ သည့် လူသားများ၏ မူလဇာစ်မြစ်ကို လေ့လာရာတွင် အဓိကကဏ္ဍမှ ပါဝင်နေပေသည်။

လူတူ ပရိုင်းမိတ် (Anthropoid Primates) များသည် ကမ္ဘာသစ်နှင့် ကမ္ဘာဟောင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည်ဟု ယူဆခဲ့ကြရာ ကမ္ဘာသစ်သည် တောင်နှင့်မြောက် အမေရိကတိုက် ဖြစ်၍ ကမ္ဘာဟောင်းသည် အာရှ၊ ဥရောပနှင့် အာဖရိကတိုက် ဖြစ်သည်။ လူ၊ လူဝံ၊ မျောက်၊ မျောက်ဝံများ သည် ကမ္ဘာဟောင်းတွင် စတင်ဖြစ်ပေါ်ခဲ့၍ နို့တိုက်သတ္တဝါများ၏ မျိုးနွယ်စုဟု ယူဆကြသည့် ပီလိုင်ကိုစော တွားသွားသတ္တဝါငယ်များ သည် လွန်ခဲ့သော နှစ်သန်း ၂၀၀ ဝန်းကျင်မှ စ၍ က္ဘာမြေပြင် ပေါ်တွင် တည်ရှိခဲ့ကြသည်။ ယင်းတို့သည် အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ကမ္ဘာသစ်မျောက်နှင့် ကမ္ဘာဟောင်း မျောက်ဟူ၍ နှစ်မျိုး ကွဲပြားခဲ့သည်။ ကမ္ဘာဟောင်း မျောက်များသည် လူသားမျိုး နွယ်နှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ပညာရှင်များက ယူဆကြပြီး ယင်းတို့သည် လွန်ခဲ့သော နှစ် သန်း ၃၀ မှ နှစ် ငါးသိန်းအတွင်း ကနဦးလူသား Homo Sapien များ အဆင့်သို့ တိုးတက်ပြောင်း လဲခဲ့သည်။

လူသား၏ မူလဇာစ်မြစ်ကို လေ့လာမှုတွင် လူနှင့်မျောက်အကြား ကွင်းဆက်ပြတ်နေသည့် ကွဲပြားခြား နားမှု (Missing Link) ကို ၁၉၇၄ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ မနုဿဗေဒပညာရှင် ဒေါ်နယ်ဂျိုဟန်ဆင် သည် အီသီယိုးပီးယားနိုင်ငံတွင် ၆၀ ရာခိုင်နှုန်းပျက်စီးနေသည့် ထူးခြားသော ပရိုင်းမိတ်အရိုးစု တစ်ခုကို တွေ့ရှိခဲ့ရာ ယင်းရုပ်ကြွင်းသည် အရပ်သုံးပေခွဲသာ မြင့်သော်လည်း ဒူးဆစ်များ၏ ဖွဲ့စည်းပုံ အနေအထားအရ လူ၏သွင်ပြင် လက္ခဏာအတိုင်း မတ်မတ်လမ်းလျှောက်ခဲ့ ကြောင်း ဖော်ထုတ်နိုင် ခဲ့သည်။ ဒေါ်နယ်ဂျိုဟန်ဆင်က ယင်းပရိုင်းမိတ်ရုပ်ကြွင်းကို လူစီဟု အမည်ပေးခဲ့သည်။

လူစီသည် လူတစ်ယောက်ထက် မျောက်တစ်ကောင်နှင့် ပိုတူနေပြီး လူစီရုပ်ကြွင်း၏ သက်တမ်းသည် လွန်ခဲ့သော နှစ် ၃ ဒသမ ၉သန်းဖြစ်သည်။ နောက်ပိုင်းတွင် အရိုးစုများ၊ ဦးခေါင်းခွံများကို အပြည့်အစုံ တွေ့ရှိခဲ့ကြသဖြင့် လူစီသည် လူနှင့် မျောက်အကြား ပျောက်ဆုံးနေသည့် ကွင်းဆက်ဟု ယူဆခဲ့ကြ သည်။

အမေရိကန် သဘာဝသမိုင်းပြတိုက်မှ အော်လ်ဆင် (Olson) သည် ၁၉၀၆ ခုနှစ်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီး ဆာဟာရ သဲကန္တာရအစပ်ရှိ ဖာယွန်မှ ပရိုင်းမိတ် မေးရိုးတစ်ခုကို ရရှိခဲ့ကာ Aegyptopithecus Zeuxis ဟုအမည် ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း ယေးလ်တက္ကသိုလ်မှ အယ်ဝင်ဆိုင်မွန် (Elwyn Simons) ဦးဆောင်သည့် အဖွဲ့က ယင်းရုပ်ကြွင်းနှင့် မျိုးတူ ဦးခေါင်းခွံ၊ အရိုးများနှင့် မေးရိုးများကို ထပ်မံတွေ့ရှိခဲ့သည်။ ထိုရုပ်ကြွင်းသည် လူနှင့်မျောက်တို့ စတင်ဖြစ်ပေါ်ခဲ့သော အစောဆုံး ပရိုင်းမိတ်မျိုးနွယ်ဖြစ်ပြီး သက်တမ်းနှစ်သန်း ၃၀ ဖြစ်သည်။

ပညာရှင်များက ပရိုင်းမိတ်ရုပ်ကြွင်း အဆင့်ဆင့်ကို တွေ့ရှိခဲ့သည့် အာဖရိကတိုက်ကို ကမ္ဘာပေါ်တွင် လူသားများစတင် ဖြစ်တည်ရာဒေသအဖြစ် ယူဆခဲ့ကာ လူမျိုးနွယ်၏ ပုခက်နေရာဟု တင်စားခဲ့ ကြသည်။ လူနှင့် မျောက်ဖြစ်လာမည့် ကျောရိုးရှိအဆင့်မြင့် ပရိုင်းမိတ်များသည် ဆင့်ကဲပြောင်း လဲခဲ့ပြီး အာဖရိကမှ ကမ္ဘာနေရာအနှံ့သို့ ရောက်ရှိပျံ့နှံ့ခဲ့သည်ဟူသည့် အယူအဆ (Out of Africa Theory)တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ၁၉၉၄ ခုနှစ်က Nature မဂ္ဂဇင်း၌ တရုတ်နိုင်ငံ တွင် တွေ့ရှိခဲ့သည့် သက်တမ်းနှစ် နှစ်သိန်းငါးသောင်းရှိသည့် ခေတ်လူဦးခေါင်း ခွံသည် ခေတ်ပြိုင် အာရှသားများနှင့် ပုံသွင် တူညီနေကြောင်း ဖော်ပြချက်က ယင်းအယူအဆကို ပြောင်းလဲရန် အစပျိုးခဲ့သည်။ Science ဂျာနယ်တွင်လည်း အမေရိကန်နှင့် အင်ဒိုနီးရှား ပညာရှင်များက ဂျာဗားကျွန်းတွင် တွေ့ရှိခဲ့သည့် ခေါင်းခွံရုပ်ကြွင်းများ၏ သက်တမ်းသည် မူလသတ်မှတ်ထားသည့် နှစ်တစ်သန်း မဟုတ်ဘဲ နှစ်နှစ်သန်းဖြစ်ကြောင်း ထုတ်ဖော်နိုင်ခဲ့ကြသည်။

အထောက်အထားအသစ်များ တွေ့ရှိခဲ့ခြင်းနှင့်အတူ ပညာရှင်များအကြား ငြင်းခုံမှုများဖြစ်ပွားခဲ့ကာ အာဖရိက သီအိုရီကို စိန်ခေါ်မှုများ ပေါ်ပေါက်လာခဲ့သည်။ လူသားများသည် အာဖရိကမှ စတင်ပျံ့နှံ့ ခြင်းမဟုတ်ဘဲ ကမ္ဘာနေရာအနှံ့တွင် တစ်ပြိုင်တည်း ဖြစ်ပေါ်နိုင်ခဲ့ကြောင်း အယူအဆများ ထွက်ပေါ်ခဲ့ သည်။

မြန်မာ့မြေမှ ပရိုင်းမိတ်များ

မြန်မာနိုင်ငံ၏ ပထမဆုံး လူတူပရိုင်းမိတ်ရုပ်ကြွင်းကို ၁၉၁၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဘူမိဗေဒ တိုင်းတာ ရေးဌာနမှ ဘူမိဗေဒပညာရှင် ဒေါက်တာကော့တာ (G.de.P.Cotter)က မကွေးတိုင်းဒေသကြီး ပုံတောင်ဒေသ မြိုင်မြို့နယ် ဖန်းကန် ရွာအနီး ကျစ်ချောင်မှ တွေ့ရှိခဲ့သည်။ (ရွံ့စေးပြင်ကျယ်နေရာ (Clay Gully) ကို ကျစ်ချောင်ဟု ခေါ်ဆိုသည်။)

အဆိုပါ လူတူပရိုင်းမိတ်ရုပ်ကြွင်းသည် ညာဘက် အောက်မေးရိုး အပိုင်းအစနှင့် အံသွားနှစ်ချောင်းစီ ပါဝင်သော ဘယ်ဘက်အောက်နှင့် အထက်မေးရိုး အပိုင်းအစတို့ဖြစ်သည်။ ယင်းတို့ကို အင်္ဂလိပ် ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် GE Pligrim က ပုံတောင်ဂျီးယားကော်တာရိုင်း(Pondaungia cotteri)ဟု အမည်ပေးခဲ့သည်။ ၁၉၂၃ခုနှစ်တွင် အမေရိကန် သဘာဝသမိုင်းပြတိုက်မှ ဘူမိဗေဒ ပညာရှင် ဒေါက်တာဘာနမ်ဘရောင်း (Barnum Brown)သည် မုံရွာခရိုင် ပုလဲမြို့နယ် မိုးကောင်း ရွာအနီးမှ ပရိုင်းမိတ်ရုပ်ကြွင်း အောက် မေးရိုး အပိုင်းအစတစ်ခုကို ထပ်မံတွေ့ရှိခဲ့သည်။ သို့သော် ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း အီဂျစ်နိုင်ငံတွင် သက်တမ်း နှစ်သန်း ၃၀ ရှိသည့် ရုပ်ကြွင်းကို တွေ့ရှိခဲ့သဖြင့် မြန်မာ့ပရိုင်း မိတ်များသည် ထင်ရှားခြင်း မရှိခဲ့ချေ။

၁၉၇၈ ခုနှစ် ဧပြီလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဦးဘမော်နှင့် ကျောင်းသူ ကျောင်းသားများသည် စစ်ကိုင်းတိုင်းဒေသကြီး ပုံတောင်ဒေသ မိုးကောင်း ကျေးရွာအနီးမှ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း နှစ်ခုဖြစ်သည့် ပုံတောင်ဂျီးယား ရုပ်ကြွင်း အံသွားနှင့် မိုးကောင်းဂျင်းနစ်ရုပ်ကြွင်း အံသွားတို့ကို တွေ့ရှိခဲ့သည်။ ထိုနှစ် စက်တင်ဘာလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဦးသော်တင့်ကလည်း ပုံတောင်ဂျီးယား မေးရိုးအပိုင်း နှစ်ခုကို တွေ့ရှိခဲ့သည်။

ဦးဘမော်နှင့် ဦးသော်တင့်တို့ တွေ့ရှိခဲ့သည့် ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းလေး ခုကို ၁၉၉၇ ခုနှစ်တွင် အမျိုးသားပြတိုက် (ရန်ကုန်)သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကျောက်ဖြစ်ရုပ်ကြွင်းများကို ပိုမိုပြည့်ပြည့်စုံစုံ ရရှိနိုင်စေရန် နိုင်ငံတော် အစိုးရက“ပုံတောင်ပရိုင်းမိတ် ရှာဖွေလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့က ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာ ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မြိုင်မြို့နယ် ဗဟင်းကျေးရွာအနီး ယာရှည်ကျစ်ချောင်မှ သွားတန်းအပြည့်နီးပါး ပါရှိသော အောက် မေးရိုးတစ်စုံကို ၁၉၉၈ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော ပရိုင်းမိတ် ရုပ်ကြွင်း များနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များနှင့် မနုဿဗေဒ ပညာရှင်များက ယင်းရုပ်ကြွင်းများသည် လူတူပရိုင်းမိတ်များဖြစ်ကြောင်း လက်ခံခဲ့ကြသည်။

ဆက်လက်၍ ပုံတောင်ပရိုင်းမိတ် ရှာဖွေလေ့လာရေး အဖွဲ့သည် နိုင်ငံတကာ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များအား ဖိတ်ခေါ်၍ အဆင့်မြင့် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း သုတေသန လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။ မြန်မာ အမေရိကန်၊ မြန်မာ ဂျပန်၊ မြန်မာ ပြင်သစ် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးအဖွဲ့များသည် ကွင်းဆင်းသုတေသန လုပ်ငန်းများကို ၁၉၉၈ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ထိုစဉ်က ယဉ်ကျေးမှုဝန်ကြီး ဌာန)သည် ၂၀၀၄ ခုနှစ်တွင် ပုံတောင်ပရိုင်းမိတ် ရှာဖွေလေ့လာရေးလုပ်ငန်းကို စစ်မဟာဗျူဟာ လေ့လာရေးဌာနထံမှ လွှဲပြောင်းရယူကာ ၂၀၀၅ ခုနှစ်မှ ယနေ့တိုင် ဆောင်ရွက်လျက် ရှိနေသည်။

ပုံတောင်ပရိုင်းမိတ်

ပညာရှင်များသည် မြန်မာနိုင်ငံ ပုံတောင်ဒေသမှ တွေ့ရှိခဲ့သည့် လူတူပရိုင်းမိတ် ရုပ်ကြွင်းများကို ပုံတောင်ဂျီးယားမျိုးစု (Pondaungia)၊ အမ်ဖီပီသီး ကပ်မျိုးစု(Amphiptithecus)၊ ဗဟင်းနီးယားမျိုးစု (Bahinia)နှင့် မြန်မာပီသီးကပ်မျိုးစု (Myanmar Pithecus) ဟု ခွဲခြားသတ်မှတ်ခဲ့သည်။

ပုံတောင်ဂျီးယား ပရိုင်းမိတ်များကို ၁၉၁၄ ခုနှစ်၊ ၁၉၇၈ နှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင်လည်းကောင်း၊ အမ်ဖီပီသီးကပ် ပရိုင်းမိတ်များကို ၁၉၂၃ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်တို့တွင်လည်းကောင်း၊ ဗဟင်းနီးယား ပရိုင်းမိတ်နှင့် မြန်မာပီသီးကပ် ပရိုင်းမိတ်များကို ၁၉၉၈ ခုနှစ်တွင်လည်းကောင်း တွေ့ရှိခဲ့သည်။ ဘူမိဗေဒပညာရှင်များက ယင်းပုံတောင်ပရိုင်းမိတ်ရုပ်ကြွင်းများ၏ သက်တမ်းသည် နှစ်သန်း ၄၀ ဖြစ်ကြောင်း ယူဆခဲ့ကြသည်။

ပုံတောင်ပရိုင်းမိတ် တွေ့ရှိမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရန် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် အမျိုးသားပြတိုက်(ရန်ကုန်)၌ မြန်မာနိုင်ငံ ပုံတောင်ကျောက်လွှာစု နှင့် ဧရာဝတီကျောက်လွှာစုတို့ရှိ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ပတ်သက်၍ သုတေသနပြု လေ့လာတွေ့ရှိချက်များအကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဟောပြောပွဲတစ်ရပ်ကို ကျင်းပခဲ့ သည်။

ပုံတောင်မှ တွေ့ရှိခဲ့ရသည့် ပရိုင်းမိတ်ရုပ်ကြွင်းများသည် အီယိုဆင်း သက်တမ်းကာလ မြေလွှာတွင် တွေ့ရှိခဲ့ရသဖြင် သက်တမ်း နှစ်သန်း ၄၀ ရှိကြောင်း စစ်ဆေး အတည်ပြုခဲ့သည်။ ထိုစဉ်က ကမ္ဘာတွင် သက်တမ်းအရင့်ဆုံးဟု သတ်မှတ်ထားခဲ့သော ပရိုင်းမိတ်သည် သက်တမ်း နှစ် သန်း ၃၀ သာရှိသဖြင့် ပုံတောင်ပရိုင်းမိတ်ရုပ်ကြွင်းများက နှစ် ၁၀ သန်း စောနေခဲ့ပေသည်။

၁၉၉၇ ခုနှစ် မတ်လ ၂၁ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် လွန်ခဲ့သော နှစ်သန်း ၄၀ မှ အဆင့်မြင့် ပရိုင်းမိတ် ရုပ်ကြွင်းများကို မြန်မာနိုင်ငံတွင်တွေ့ရှိ ဟူသည့် သတင်းကို ဖော်ပြခဲ့သဖြင့် လူသား၏ ဇာစ်မြစ်မူလသည် အာဖရိကဟု ယူဆထားကြရာမှ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ ထို့အတူပင် ၁၉၉၇ ခုနှစ် မေလ ၈ ရက်နေ့ထုတ် The Boston Globe သတင်းစာက လူသားများ၏ ဇာတိနေရာ အာရှမှာတွေ့ပြီဟု ခေါင်းစည်းတပ်ထားသည့် ဆောင်းပါးကိုဖော်ပြခဲ့သည်။ အေးရှားဝိခ်မဂ္ဂဇင်းက မြန်မာ့မေးရိုးများက လာရာလမ်းကို ညွှန်ပြနေပြီ ဟုလည်းကောင်း၊ တိုင်းမ်မဂ္ဂဇင်းက ၁၉၉၇ ခုနှစ် ဩဂုတ် လ ၅ ရက်တွင် မြန်မာ့အရိုးများက အာဖရိက ဇာစ်မြစ်ကို စိန်ခေါ်လိုက်ပြီ ဟုလည်းကောင်း ဖော်ပြခဲ့ကြသည်။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် Nature မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် တွေ့ရှိပြီးသမျှ အဆင့်မြင့် ပရိုင်းမိတ်ရုပ်ကြွင်းများအနက် မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည့် ပရိုင်းမိတ်ရုပ်ကြွင်းများ သည် အစောဆုံးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင်တွေ့ရှိခဲ့သည့် ပရိုင်းမိတ်သည် နှစ် ၄၂ သန်းရှိပြီဟု ထုတ်ပြန်ခဲ့သော်လည်း ယင်းပရိုင်းမိတ်သည် လူတူပရိုင်းမိတ် မဟုတ်သဖြင့် မြန်မာနိုင်ငံမှ တွေ့ရှိထား သည့် လူတူပရိုင်းမိတ် ရုပ်ကြွင်းသည် သက်တမ်းအရင့်ဆုံး ဖြစ်ခဲ့သည်။ ရှေးဦးလူတူ ပရိုင်းမိတ်များ သည် အာရှတိုက်၌ စတင်ဆင့်ကဲဖြစ်ပေါ်၍ နောက်ပိုင်းတွင် အာဖရိကတိုက်သို့ ရွှေ့ပြောင်း ဝင်ရောက်ခဲ့သည် ဟူသောအချက်ကို Afrasia djijidae ကျောက်ဖြစ်ရုပ်ကြွင်းကို အခြေခံ၍ သက်သေပြ နိုင်ဖွယ်ရှိကြောင်း ပြင်သစ်နိုင်ငံ ပွန်တီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

လူသားမျိုးနွယ်၏ အစကိုရှာဖွေဖော်ထုတ်ရာတွင် အလွန်အရေးပါသည့် လူတူပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများကို မြန်မာနိုင်ငံ ပုံတောင်ကျောက်လွှာစုများအတွင်းမှ ရှာဖွေတွေ့ရှိခဲ့ရာ ယင်းတို့၏ သက်တမ်းသည် နှစ်ပေါင်း ၃၇ ဒသမ ၂ သန်းမှ နှစ်သန်း ၄၀ အကြားဖြစ်သည်။ အလွန် ရှေးကျသော လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများကို မြန်မာနိုင်င်အတွင်း တွေ့ရှိရသည့်အတွက် လူသား မျိုးနွယ်အစသည် မြန်မာနိုင်ငံအပါအဝင် အာရှဒေသမှ ဖြစ်သည်ဆိုသော အဆိုသည် ပိုမိုခိုင်မာလာ သည်နှင့်အမျှ လူသားအစ၊ မြန်မာကဟု ဂုဏ်ယူနိုင်ကြမည်ဖြစ်ပေသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် စဉ်ဆက်မပြတ်သောမြန်မာ့ယဉ်ကျေးမှုသမိုင်းကို ဖော်ထုတ်ပြသနိုင်ရန် နေပြည်တော်နှင့် ရန်ကုန်ရှိ အမျိုးသားပြတိုက်တို့တွင် ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြခန်း တစ်ခုစီကို ဖွင့်လှစ်ပြသထားသည်။ ယင်း ပြခန်းများတွင် လူသားအစမြန်မာက ဟု ဂုဏ်ယူကြရမည့် လွန်ခဲ့သော နှစ်သန်း ၄ဝမှ ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာနိုင်ကြသည်။

နောက်ဆက်တွဲ ပရိုင်းမိတ်သုတေသနများ

မြန်မာနိုင်ငံတွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေခြင်းလုပ်ငန်းများကို ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ပေါက်၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပြင်ဦးလွင်မြို့နယ်တို့မှ ပရိုင်းမိတ် အပေါ်သွားသုံးခုကို တွေ့ရှိခဲ့သည်။ ဧရာဝတီ ကျောက်လွှာစုမှလည်း ရှေးဦး ကြံ့၊ ဆင်၊ ကျွဲ၊ နွား၊ ရေမြင်း၊ ဝက်တို့၏ သွားနှင့် အပိုင်းအစများ အပါအဝင်ကျောက်ဖြစ် ရုပ်ကြွင်း ၃၇၇ ခုကိုရရှိခဲ့သည်။

ထို့အတူ ပြင်သစ်နိုင်ငံ ပွိုင့်တီးယေး တက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ပါမောက္ခ Jeans Jacques JAE- GER ဦးဆောင်သော အဖွဲ့သည် မြန်မာအဖွဲ့နှင့် ပူးပေါင်းကာ မကွေး၊ ရေနံချောင်း၊ မြိုင်မြို့နယ်များနှင့် ကလေး၀ ကျောက်မီးသွေး တွင်းတို့တွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေခဲ့သည်။ ထို့အတူ ၂၀၁၅ ခုနှစ်တွင် မြန်မာ - ဂျပန် ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေလေ့လာရေးအဖွဲ့သည် ဆိပ်ဖြူမြို့နယ် ဂွေးပင်ကျေးရွာမှ ပရိုင်းမိတ် အပေါ် အံကျိုးတစ်ခုနှင့် ဧရာဝတီ ကျောက်လွှာစုမှ နို့တိုက်သတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်း အစများကို တွေ့ရှိစုဆောင်းနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် လူသားမျိုးနွယ်စု ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွင် ကျန်ရှိနေသည့် ကွင်းဆက် များနှင့် လူသားရင်းမြစ်အစကို ခိုင်မာစွာဖော်ထုတ်နိုင်ရန် လူတူပရိုင်းမိတ်ရှာဖွေခြင်း လုပ်ငန်းများကို ပြည်ပပညာရှင်အဖွဲ့များနှင့် ပူးပေါင်းလျက် နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ပိုမိုပြည့်စုံသော လူသားအစ မြန်မာက အထောက် အထားများကို ဖော်ထုတ်လာနိုင်မည် ဖြစ်ပေသည်။[၁]


ကမ္ဘာ့ရှေးအကျဆုံး လူတူမျိုးနွယ်များနေထိုင်ခဲ့သည့် ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံ၊ ဘူမိဗေဒလေ့လာရေးအဖွဲ့က ၁၉၁၄ ခုနှစ်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖန်းကန်ရွာ အနီး၌ စတင်တွေ့ရှိခဲ့သည်။ ဆက်လက်၍ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို ၁၉၇၈ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မိုးကောင်းရွာအနီးတွင်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ယခုအထိ မြိုင်မြို့နယ်နှင့် ပုလဲမြို့နယ်များရှိ ပုံတောင်ကျောက်လွှာစုများတွင်လည်းကောင်း ဆက်တိုက်တွေ့ရှိ ခဲ့ပါသည်။ အာရှတိုက်တွင် လူတူပရိုင်းမိတ်ရုပ်ကြွင်းများကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ တို့တွင်တွေ့ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်း (၃၃.၇ သန်းမှ ၅၄.၈ သန်းကြား) ကာလဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှတွေ့ရှိသော ပရိုင်းမိတ်ရုပ်ကြွင်းများသည် ထိုင်းနိုင်ငံမှ ပရိုင်းမိတ်များထက် နှစ်(၃)သန်းခန့် စောကြောင်းသုံးသပ်ကြပြီး၊ တရုတ်နိုင်ငံမှ ပရိုင်းမိတ်ရုပ်ကြွင်းများနှင့် မြန်မာနိုင်ငံမှ ပရိုင်းမိတ် ရုပ်ကြွင်းများသည် သက်တမ်းမတိမ်းမယိမ်း ဖြစ်သော်လည်း ပုံတောင်ပရိုင်းမိတ်များက အရွယ်အစား ပိုမိုကြီးမားပြီး ပို၍အဆင့်မြင့်ကြောင်း ပြည်တွင်းပြည်ပ ပညာရှင်များက သတ်မှတ်ခဲ့ကြပါသည်။ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများကို ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ်ကွင်းဆင်း သုတေသနပြု စုဆောင်းလျက်ရှိရာ မိမိတို့ ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပညာရှင်များ၊ ဂျပန်၊ ပြင်သစ်၊ အမေရိကန်၊ ထိုင်းနိုင်ငံတို့မှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ ကွင်းဆင်း သုတေသနလုပ်ငန်းများဆောင်ရွက်ခဲ့ ယနေ့အထိ (၇၄)ကြိမ် ကွင်းဆင်းသုတေသနပြုပြီး ဖြစ်ပါသည်။[၂]

ကိုးကား