သန့်မြင့်ဦး
ဒေါက်တာ သန့်မြင့်ဦး | |
---|---|
မွေးဖွား | နယူးယောက်မြို့၊ အမေရိကန်ပြည်ထောင်စု | ၃၁ ဇန်နဝါရီ၊ ၁၉၆၆
မိခင်ကျောင်း | ဟားဗတ် တက္ကသိုလ် Paul H. Nitze School of Advanced International Studies Johns Hopkins University ကိန်းဘရစ်ချ် တက္ကသိုလ် |
အလုပ်အကိုင် | သမိုင်းပညာရှင် |
အိမ်ထောင်ဖက်(များ) | Sofia Busch |
သားသမီး | Thurayn-Harri |
မိဘ(များ) | ဒေါက်တာတင်မြင့်ဦး ဒေါ်အေးအေးသန့် |
ဆွေမျိုးသားချင်း | ဦးသန့် (အဘိုး) ခင်လဲ့မြင့်ဦး (အစ်မ) A-thi Myint-U (sister) Aye Myint Myint-U (sister) |
ရရှိသည့်ဆုများ | Fukuoka Grand Prize ပဒုမ္မာသီရိဆု |
ဒေါက်တာသန့်မြင့်ဦး သည် မြန်မာနိုင်ငံသား သမိုင်းပညာရှင် ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ကမ်းဘရစ်ဂျ်တက္ကသိုလ်၊ ထရင်နတီကောလိပ်၏ ကောလိပ်အဖွဲ့ဝင်ဟောင်းနှင့် မြန်မာနိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ဝင်ဟောင်း ဖြစ်သည့်အပြင်၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ကို စတင်တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်သည်။[၁]
သူသည် ၂၀၁၃ ခုနှစ်တွင် ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်း၏ ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ စာရင်းတွင် ပါဝင်ပြီး Prospect မဂ္ဂဇင်း၏ ၂၀၁၄ ခုနှစ် ကမ္ဘာ့တွေးခေါ်ရှင် ၅၀ တွင်လည်း ဖော်ပြခံခဲ့ရသည်။ ကမ္ဘာ့ထိပ်တန်းတွေးခေါ်ရှင်များစာရင်းအတွက် ကမ္ဘာကျော် Prospect မဂ္ဂဇင်းက စစ်တမ်းကောက်ယူရာတွင်လည်း အဆင့် ၁၅ နေရာ ရရှိခဲ့သည်။[၂] ရောင်းအားအကောင်းဆုံးစာအုပ်များတွင် ပါဝင်ပြီး လူသိများထင်ရှားသည့် ခြေရာပျောက်မြစ် (The River of Lost Footsteps) နှင့် တရုတ်-အိန္ဒိယ ဆုံမှတ် (Where China Meets India: Burma and the New Crossroads of Asia) တို့အပါအဝင် စာအုပ်ပေါင်း (၄) အုပ်ကို ရေးသားပြုစုခဲ့သည်။
ငယ်စဉ်ဘဝ နှင့် ပညာရေး
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် မြန်မာမိဘနှစ်ပါးက ၁၉၆၆ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် တစ်ဦးတည်းသောသားဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်ပြီး ငယ်စဉ်ကတည်းကပင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည်။ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၊ The Paul H. Nitze School of Advanced International Studies၊ ဂျွန်ဟော့ကင်းစ်တက္ကသိုလ်နှင့် အင်္ဂလန်နိုင်ငံ ကမ်းဘရစ်ဂျ်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ကမ်းဘရစ်ဂျ်တက္ကသိုလ်မှ သမိုင်း ဘာသာရပ် ဆိုင်ရာ ပါရဂူဘွဲ့ (၁၉၉၆ ခုနှစ်)၊ ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးဘာသာရပ်ဆိုင်ရာ မဟာဘွဲ့နှင့် ဟားဗတ်တက္ကသိုလ်မှ အုပ်ချုပ်ရေးနှင့် စီးပွားရေးဘာသာရပ်ဆိုင်ရာ သိပ္ပံဘွဲ့ ရှိခဲ့သည်။
၁၉၉၄ မှ ၁၉၉၉ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ ကမ်းဘရစ်ဂျ်တက္ကသိုလ်၊ ထရင်နတီကောလိပ်၏ ထရင်နတီကောလိပ်ဖဲလိုး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အာရှနှင့်ဗြိတိသျှအင်ပါယာသမိုင်းကို သင်ကြားပို့ချခဲ့သည်။ အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်၊ ဘာကလေး ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဂျွန်ဟော့ကင်းစ်၊ ကိုလံဘီယာ တက္ကသိုလ်၊ ယေး၊ ကမ်းဘရစ်ဂျ်၊ လန်ဒန်တက္ကသိုလ်၊ ချီကာဂိုတက္ကသိုလ်နှင့် ဩစတေးလျ အမျိုးသားတက္ကသိုလ် အစရှိသည့် တက္ကသိုလ်များတွင်လည်း ဟောပြောပို့ချခဲ့သည်။[၃]
အသက်မွေးဝမ်းကြောင်း
ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စီမံချက်သုံးခုတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ မှ ၁၉၉၃ ခုနှစ်အထိ ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘောဒီးယားနိုင်ငံ အသွင်ကူးပြောင်းမှု ကျွမ်းကျင်ပညာရှင်အဖွဲ့ (The UN Transitional Authority) တွင် လူအခွင့်အရေးဆိုင်ရာ အရာရှိအဖြစ် ဖနွမ်းပင်မြို့ ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ယခင်ယူဂိုစလားဗီးယားနိုင်ငံ၊ ဆာရာဂျေဗိုအခြေစိုက် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ ၏ အဓိကပြောရေးဆိုခွင့်ရှိသူအဖြစ်သော်လည်းကောင်း၊ ဘော့စနီးယားနှင့် ဟာဇီကိုဗီးနီးယားဒေသဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ရုံးတွင် နိုင်ငံရေးအကြံပေးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။[၄]
၂၀၀၀ ခုနှစ် တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးသို့ ပြောင်းရွေ့ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု ပူးပေါင်း ဆောင်ရွက်ရေးဌာန (The Office for the Coordination of Humanitarian Affairs)၌စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံရေးရာဌာန (United Nations Department of Political Affairs) သို့ပြောင်းရွေ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အဆိုပါဌာန၏ မူဝါဒစီမံကိန်းရေးဌာနအကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။
ထိုသို့ တာဝန်ထမ်းဆောင်စဉ်အတောအတွင်း ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများနှင့် အပြောင်းအလဲများအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖွဲ့စည်းထားသော "ပိုမိုလုံခြုံသောကမ္ဘာ - ကျွန်ုပ်တို့အားလုံး မျှဝေယူရမည့် တာဝန်ဝတ္တရား" ကို ဖော်ဆောင်မည့် အဖွဲ့ (The Secretariat of the Secretary - General's Panel on Threats, Challenges and Change which produced" A More Secure World: Our shared Responsibility" ၌ အဖွဲ့ ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ၂၀၀၅ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၀၆ နှစ်ဦးပိုင်းကာလ၌ ငြိမ်းချမ်းရေးတည်ဆောက်မှုကော်မရှင်၊ ငြိမ်းချမ်းရေးတည်ဆောက်မှု ထောက်ပံ့ရေးရုံး၊ ကြားဝင် ညှိနှိုင်းမှုထောက်ပံ့ရေးဌာနအသစ်များဖွဲ့စည်းခြင်းနှင့် အခြားသော ပြုပြင်ပြောင်းလဲရေးများဖော်ဆောင်ရန် အထွေထွေအတွင်းရေးမှူးဖွဲ့စည်းထားသည့် အမှုဆောင်ရုံးတွင်လည်း အဆင့်မြင့်အရာရှိအဖြစ် ခေတ္တတာဝန်ယူခဲ့သည်။
ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ကို စတင်တည်ထောင်သူဖြစ်ပြီး မြန်မာနိုင်ငံအမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည့်အပြင် မြန်မာနိုင်ငံငြိမ်းချမ်းရေးစင်တာ၏ အထူးအကြံပေးပုဂ္ဂိုလ်၊ မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း၏ အဆင့်မြင့်သုတေသနဖဲလိုး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးရန်ပုံငွေအဖွဲ့ဝင်၊ အရှေ့တောင်အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ Global Agenda Council ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည်။ ဟားဗတ်တက္ကသိုလ်၊ နယူးယောက်ရှိ နိုင်ငံတကာငြိမ်းချမ်းရေးအင်စတီကျုနှင့် စင်ကာပူနိုင်ငံရှိ အရှေ့တောင်အာရှလေ့လာရေးအင်စတီကျုတို့တွင် ဧည့်သည်ဖဲလိုးအနေဖြင့်လည်းကောင်း၊ ကမ်းဘရစ်ဂျ်တက္ကသိုလ်ရှိ သမိုင်းနှင့် ဘောဂဗေဒရေးရာစင်တာတွင် သုတေသနအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိသည်။
စာပေရေးရာ
ခြေရာပျောက်မြစ် (The River of Lost Footsteps)နှင့် တရုတ်-အိန္ဒိယ ဆုံမှတ် (Where China Meets India: Burma and the New Crossroads of Asia) စာအုပ်များအပြင် ခေတ်သစ်မြန်မာပြည်အား ဖန်တီး ပုံဖော်ခြင်း (The Making of Modern Burma(Cambridge University Press 2000))နှင့် ကုလသမဂ္ဂအတွင်းရေးမှူးရုံးအကြောင်းအကျဉ်းချုပ်ကို ဖော်ပြသည့် The UN Secretariat: A Brief History (Lynne Rienner 2007) တို့ကို ရေးသားသူလည်း ဖြစ်သည်။ The New York Time်၊ The Washington Post၊ The Lost Angeles Times၊ The International Herald Tribune၊ The London Review of Books၊ The New Statesman၊ The Far Eastern Economic Review၊ Time Magazine နှင့် The Times Literary Supplement များတွင်လည်း ဆောင်းပါးများ ရေးသားလျက်ရှိသည်။ သူ၏ တရုတ်-အိန္ဒိယ ဆုံမှတ် စာအုပ်ဖြင့် Asia Affairs Research Council and Mainichi Newspapers က ချီးမြှင့်သည့် အာရှ-ပစိဖိတ်ဆု၊ အထူးဆုကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ရရှိခဲ့သည်။
ရရှိခဲ့သည့် ဂုဏ်ပြုဆုများ
၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ပေးအပ်ချီးမြှင့်သော ဖူကူအိုကာဆု (Fukuoka Grand Prize)၊ ၂၀၁၈ ခုနှစ်တွင် အိန္ဒိယအစိုးရမှ ပေးအပ်ချီးမြှင့်သော ပဒုမ္မာသီရိဆု (Padma Shri)တံဆိပ်တို့ကို ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည်။[၅]
ကိုးကား
- ↑ https://web.archive.org/web/20131002050833/http://www.mmtimes.com/2012/news/619/news61901.html
- ↑ http://www.prospectmagazine.co.uk/magazine/world-thinkers-2014-the-results
- ↑ https://www.youtube.com/watch?v=iVbAZT1wYrA
- ↑ Thant Myint-U and Elizabeth Sellwood, "Knowledge and Multilateral Interventions: The UN's Experiences and Cambodia and Bosnia-Hercegovina", Royal Institute of International Affairs (2000)
- ↑ https://thewire.in/education/japans-fukuoka-prize-for-ramachandra-guha