မာတိကာသို့ ခုန်သွားရန်

၂၀၂၆ အမျိုးသားလွတ်မြောက်ရေးတပ်တော် အဖွဲ့ဝင်များ ဖမ်းဆီးခံရမှု

ဝီကီပီးဒီးယား မှ
၂၀၂၆ အမျိုးသားလွတ်မြောက်ရေးတပ်တော် အဖွဲ့ဝင်များ ဖမ်းဆီးခံရမှု
မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ)၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၆ မတ် - ၁၅ မတ် ၂၀၂၆
နေရာတမူးမြို့နယ်စစ်ကိုင်းတိုင်းဒေသကြီး (အမှတ် ၁ စစ်ဒေသ)
အခြေအနေ ဖြေရှင်းပြီးစီး
စစ်ရင်ဆိုင်သူများ
NUG၊ အမှတ် (၁) စစ်ဒေသ NLA (SRA အဖွဲ့ဝင်)
တပ်မှူးများနှင့် ခေါင်းဆောင်များ
အမှတ်(၁)စစ်ဒေသ ကိုဇီးကွက်
စစ်အင်အား
မသိရှိရ ၉ ဦး
အသေအပျောက်
မသိရှိရ ၉ ဦး ဖမ်းဆီးခံရ (နောက်ပိုင်း ပြန်လည်လွတ်မြောက်)
BPLA ခေါင်းဆောင် မောင်ဆောင်းခ နှင့် SRA ဦးဆောင်ကော်မတီဝင် ကိုမင်းဟန်ထက် တို့က NUG/MOD စစ်ရုံးချုပ်နှင့် တိုက်ရိုက်ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြပေ။

၂၀၂၆ အမျိုးသားလွတ်မြောက်ရေးတပ်တော် အဖွဲ့ဝင်များ ဖမ်းဆီးခံရမှု သည် ၂၀၂၆ ခုနှစ် မတ်လအတွင်း နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင် တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) မှ ခေါင်းဆောင် ကိုဇီးကွက်နှင့် တပ်ဖွဲ့ဝင် ၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် (၁) စစ်ဒေသ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။[]

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

နှစ်ဖက်စလုံးသည် ဖမ်းဆီးရခြင်းနှင့် ဖမ်းဆီးခံရခြင်းတို့၏ တိကျသော အကြောင်းအရင်းများကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လျှို့ဝှက်ထားခဲ့ကြသည်။ သို့သော် တပ်ဖွဲ့များ စတင်ဖွဲ့စည်းပြီး ၂၀၂၃ ခုနှစ် နောက်ပိုင်းကာလတွင် တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အနေဖြင့် နယ်မြေကျော်လွန် သွားလာမှုများပြုလုပ်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် (၁) စစ်ဒေသအပါအဝင် သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများထံသို့ ခရီးသွားလာခွင့် တင်ပြတောင်းခံပြီးမှသာလျှင် သွားလာခွင့်ရရှိသည့် စည်းမျဉ်းများဖြင့် ဖြတ်သန်းခဲ့ကြရသည်။ဤသို့ဖြင့် နှစ်ဖက်အဖွဲ့တို့သည် မြေပြင်တွင် ပွတ်တိုက်မှုများနှင့် တင်းမာမှုများ ဖြစ်လာခဲ့ကြသည်။[]

ဖမ်းဆီးမှုကို အမှတ်(၁)စစ်ဒေသ လက်အောက်ခံ တပ်များက ဆောင်ရွက်ခဲ့ကြပြီး၊ အဆိုပါ အမှတ် (၁) စစ်ဒေသသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားသော စစ်ရေးကွပ်ကဲမှု နယ်မြေတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ ပါဝင်သည်။ အမှတ် (၁) စစ်ဒေသ ပထမဆုံးစစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့သူသည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် C3C ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း မှ တာဝန်ယူခဲ့ခြင်းဖြစ်သည်။ထိုစစ်ဒေသ တွင် PDF တပ်ဖွဲ့များအပြင် မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့် ပကဖများအပြင်၊ အညာဒေသမှ ရာနှင့်ချီသည့် PDF တပ်ရင်းများလည်း ပါဝင်သည်။[]

ဖြစ်စဉ်အကျဉ်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် တမူးမြို့နယ်အခြေစိုက် NLA မှ ဦးစီးခေါင်းဆောင် ကိုဇီးကွက်အပါအဝင် ရဲဘော် ၉ ဦးကို အမှတ် (၁) စစ်ဒေသအတွင်း NUG လက်အောက်ခံတပ်ဖွဲ့များက ဖမ်းဆီးပြီး လက်နက်များ သိမ်းဆည်းခဲ့သည်။ []

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ SRA အဖွဲ့ဝင်များဖြစ်သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) ခေါင်းဆောင် မောင်ဆောင်းခနှင့် SRA ဦးဆောင်ကော်မတီဝင် ကိုမင်းဟန်ထက်တို့က NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) စစ်ရုံးချုပ်နှင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မောင်ဆောင်းခက “SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေပါတယ်။ သူတို့ဘက်က အကောင်းဆုံးဖြေရှင်းပေးပါ့မယ်လို့ ပြောထားတဲ့အတွက် စောင့်နေဆဲဖြစ်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။ဖမ်းဆီးခံရသူ ၉ ဦးအနက် ၄ ဦးမှာ အစောပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ ခေါင်းဆောင် ကိုဇီးကွက်အပါအဝင် ကျန် ၅ ဦးကို မတ်လ ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ပေးခဲ့သည်။ ဤဖြစ်စဉ် မဖြစ်ပွားမီ ဖေဖော်ဝါရီ ၂၇ ရက်နေ့က NUG နှင့် SRA တို့ စစ်ရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။[]

နောက်ဆက်တွဲ ရလဒ်များ

[ပြင်ဆင်ရန်]

အဆိုပါဖြစ်စဉ်ပြီးနောက် NLA အဖွဲ့သည် ၎င်းတို့ ပါဝင်ဖွဲ့စည်းထားသည့် SRA မဟာမိတ်တပ်ပေါင်းစုမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် ၅ ရက်အကြာ၊ ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် NUG ၏ ကွပ်ကဲမှုအောက်သို့ တရားဝင် ဝင်ရောက်ပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းများအဖြစ်သို့ အသွင်ကူးပြောင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. SRA အဖွဲ့ဝင် ရဲဘော်များ ဖမ်းဆီးခံရမှု NUG နှင့် ညှိနှိုင်းနေ (in en)။ 2026-06-17 တွင် ပြန်စစ်ပြီး။
  2. TM MEDIA (2026-03-07)။ NLA အဖွဲ့ခေါင်းဆောင် အဖမ်းဆီးခံရတဲ့အကြောင်း အင်တာဗျူး 2026-06-17 တွင် ပြန်စစ်ပြီး။
  3. R.ခေါင်လွမ်း - ရန်ကုန်တက္ကသိုလ်ကျောင်းသား၊ ဘေ့စ်ဂစ်တာသမား၊ KIA စစ်ဦးစီးချုပ် (in my) (2024-05-15)။ 2026-06-17 တွင် ပြန်စစ်ပြီး။
  4. စစ်ကိုင်း၊ တမူးအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က PDF တပ်ရင်းများအဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုကို ခံယူ ရန်ကုန် ခေတ်သစ် (၂၆ မတ် ၂၀၂၆)။ 17 June 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဇွန် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  5. ဖမ်းဆီးခံရသည့် ရဲဘော်များအရေး MOD စစ်ရုံးချုပ်နှင့် တိုက်ရိုက်ဆွေးနွေးနေဟု SRA ဆို Mizzima Burmese (၇ မတ် ၂၀၂၆)။ ၁၇ ဇွန် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  6. ludunwayoo (2026-03-27)။ တမူးဒေသအခြေစိုက် NLAတပ်က NUGရဲ့ PDFတပ်ရင်းအဖြစ် ပြောင်းလဲ (in my-MM)။ 2026-06-17 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]