မာတိကာသို့ ခုန်သွားရန်

၂၀၂၆ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်း

ဝီကီပီးဒီးယား မှ
၂၀၂၆ သမ္မတရွေးချယ်တင်မြှောက်ခြင်း

 ၂၀၁၈
ကြားဖြတ်
သမ္မတ
၃ ဧပြီ ၂၀၂၆ ၂၀၃၁ 
မဲပေးသူဦးရေ၅၈၄ (၉၉.၆၆%)
 
အဆိုပြုခံရသူ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်
ညိုစော နန်းနီနီအေး
ပါတီ တပ်မတော် USDP USDP
Electoral vote ၄၂၉ မဲ ၁၂၆ မဲ ၂၉ မဲ
ရာခိုင်နှုန်း ၇၃.၄၆% ၂၁.၅၈% ၄.၉၆%
အစုအဖွဲ့ ပြည်သူ့လွှတ်တော် တပ်မတော် အမျိုးသားလွှတ်တော်

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတော်အကြီးအကဲများ

ရွေးကောက်ပွဲအပြီး နိုင်ငံတော်အကြီးအကဲများ

မင်းအောင်လှိုင် (သမ္မတ)
ညိုစော (ဒုသမ္မတ ၁)
နန်းနီနီအေး (ဒုသမ္မတ ၂)

၂၀၂၅–၂၀၂၆ အထွေထွေရွေးကောက်ပွဲအပြီး မဲဆန္ဒနယ်ရလဒ်များအရ လွှတ်တော်ဖွဲ့စည်းပုံ
  • တတိယအကြိမ် အမျိုးသားလွှတ်တော်
    အပေါ်ဘယ်ဘက်-၂၁၃ဦး
         USDP (၁၀၈)
         NUP (၁၆)
         (ကျားဖြူပါတီ)(၁)
         PP (၅)
         PPP (၁)
         PONO (၂)
         MUP (၅)
         NNP (၁)
         AFP (၃)
         KNDP (၃)
         ZNP (၃)
         RNP (၁)
         DNDP (၁)
         TNDP (၁)
         LNDP (၁)
         KSPP (၁)
         Pa-O NU (၁)
         PSDP (၁)
         NIDP (၁)
         WNP (၁)
         တပ်မတော် (၅၆)
  • တတိယအကြိမ် ပြည်သူ့လွှတ်တော်
    အပေါ်ညာဘက်-၃၇၃ဦး
         USDP (၂၃၁)
         NUP (၄)
         (ကျားဖြူပါတီ)(၇)
         PONO (၅)
         MUP (၅)
         NNP (၄)
         KNDP (၁)
         RNP (၁)
         SSP (၁)
         DNDP (၁)
         INLP (၁)
         KSPP (၁)
         တစ်သီးပုဂ္ဂလ (၁)
         တပ်မတော် (၁၁၀)
  • တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
    အောက်ဆုံးပုံ-၅၈၆ဦး
         USDP (၃၃၉)
         တပ်မတော် (၁၆၆)
         အခြား (၈၁)

၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ရန် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ရွေးကောက်တင်မြှောက်မှု ဖြစ်သည်။ ယင်းရွေးကောက်တင်မြှောက်မှုကို ၂၀၂၅–၂၀၂၆ အထွေထွေရွေးကောက်ပွဲများအပြီး ဖွဲ့စည်းထားသော အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် ခန့်အပ်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။[]

၂၀၂၆ ခုနှစ်၊ ဧပြီ ၃ရက် ရွေးကောက်တင်မြှောက်မှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို နိုင်ငံတော်သမ္မတအဖြစ်၊ ဦးညိုစော ကို ဒုတိယသမ္မတ (၁) အဖြစ်နှင့် ဒေါ်နန်းနီနီအေး ကို ဒုတိယသမ္မတ (၂) အဖြစ် အသီးသီး ရွေးချယ်တင်မြှောက်ခံရသည်။ ၎င်းတို့သည် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ကျမ်းကျိန်ပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံမှ အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းယူခဲ့သည်။[]

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပြီး အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို စတင်ကျင်းပရန် စီစဉ်နေချိန်တွင် စစ်အာဏာသိမ်းခြင်းခံရသည်။[]

ထို့နောက် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်များတွင် မဲစာရင်းများ မှန်ကန်မှုမရှိကြောင်းဆိုကာ မြို့နယ် ၃၁၅ ခုတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခဲ့သည်။[]

ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်၍ အထွေထွေရွေးကောက်ပွဲ ၂၀၂၅–၂၀၂၆ ကို အပိုင်း (၃) ပိုင်းခွဲကာ အဆင့်လိုက် ကျင်းပခဲ့သည်။[]

စစ်တပ်သည် ၎င်းတို့ ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် တတိယအကြိမ် လွှတ်တော်အသီးသီး ကျင်းပမည့်ရက်ကို ကြေညာကာ လွှတ်တော်ကို ခေါ်ယူခဲ့သည်။[]

၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကိုလည်းကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားလွှတ်တော် အစည်းအဝေးကိုလည်းကောင်း အသီးသီး ကျင်းပခဲ့ပြီး မတ်လ ၂၀ ရက်နေ့တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။[]

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ဒုတိယသမ္မတလောင်းများ အဆိုပြုရမည့် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို မတ် ၃၀ ရက်တွင် စတင်ကျင်းပရန် သတ်မှတ်ကြေညာသည်၊၊[]

၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်တွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် တို့သည် လွှတ်တော်အလိုက် ဒုတိယသမ္မတလောင်း (၂)ဦးစီအား သီးခြားစီ တင်သွင်းအဆိုပြုခဲ့ကြသည်။မတ်လ ၃၁ ရက်တွင် တင်သွင်းအဆိုပြုခဲ့ကြသူများကို လွှတ်တော်အလိုက် အရည်အချင်းစ်ိစစ်ပြီး မဲခွဲဆုံးဖြတ်မှုများဖြင့် လွှတ်တော်အလိုက် ဒုတိယသမ္မတ တစ်ဦးစီ ရွေးချယ်ပေးခဲ့ကြသည်။[] [၁၀]

ရွေးချယ်ခြင်းစနစ်ပုံစံ

[ပြင်ဆင်ရန်]

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်အကြီးအကဲများအဖြစ် သတ်မှတ်ထားကြပြီး၊ ထိုပုဂ္ဂိုလ်များကို ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်သတ်မှတ်ရမည်ဖြစ်သည်။

အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကို အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။

  • ပြည်သူ့လွှတ်တော် အတွက် မြို့နယ် သို့မဟုတ် လူဦးရေကို အခြေခံ၍ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး၊ စုစုပေါင်း ၄၄၀ ဦးဖြင့် ဖွဲ့စည်းထားသည်။
  • အမျိုးသားလွှတ်တော် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ တူညီစွာ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၊ စုစုပေါင်း ၂၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

ထိုလွှတ်တော်နှစ်ရပ်ကို ပေါင်းစည်း၍ ပြည်ထောင်စုလွှတ်တော်ကို စုစုပေါင်း ၆၆၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

သို့သော် ၂၀၁၁ ခုနှစ်တွင် စတင်ကျင်းပသည့် ပထမအကြိမ်လွှတ်တော်များမှစ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အရေအတွက်မှာ မပြောင်းဘဲ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အရေအတွက် အတွက်သာ အထွေထွေရွေးကောက်ပွဲ ပြုလုပ်နိုင်သည့် မြို့နယ်အရေအတွက်အပေါ်မူတည်၍ အပြည့်မရှိနိုင်ဘဲ လွှတ်တော်အဆက်ဆက်တွင် လျော့နည်းမှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၆ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်းတွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သည် အထွေထွေရွေးကောက်ပွဲ ၂၀၂၅–၂၀၂၆ ရလဒ်များအရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၂၀ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးတို့ပါဝင်သည့် စုစုပေါင်း ၅၈၆ ဦးဖြင့် ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ထက် ၇၈ ဦး လျော့နည်းနေခဲ့သည်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့

[ပြင်ဆင်ရန်]

အခြေခံဥပဒေ ပုဒ်မ (၆၀)အရ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ သုံးစုဖြင့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းရမည်ဖြစ်သည်။

၂၀၂၆ ခုနှစ် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ဖွဲ့စည်းပုံ[၁၁]
အစုအဖွဲ့ သတ်မှတ်ထားသည့် ကိုယ်စားလှယ်အရေအတွက် ရွေးကောက်ပွဲရလဒ်အရ ကိုယ်စားလှယ်အရေအတွက်
ပြည်သူ့လွှတ်တော်အစုအဖွဲ့ ၃၃၀ ၂၆၃
အမျိုးသားလွှတ်တော်အစုအဖွဲ့ ၁၆၈ ၁၅၇
လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ၁၆၆ ၁၆၆
စုစုပေါင်း ၆၆၄ ၅၈၆

ထိုအစုအဖွဲ့ သုံးစုမှ ဒုတိယသမ္မတလောင်းများကို အသီးသီး တင်သွင်းရမည်။ ထိုကိုယ်စားလှယ်လောင်းများကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးများက အရည်အချင်း စစ်ဆေးရမည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ဒုတိယသမ္မတလောင်း (၃) ဦးအား မဲပေးရွေးချယ်ရမည်။ မဲအများဆုံးရသူသည် နိုင်ငံတော်သမ္မတအဖြစ်၊ မဲအနည်းဆုံးနောက်ဆုံးရသူများအရ ဒုတိယသမ္မတ (၁) နှင့် ဒုတိယသမ္မတ (၂) အဖြစ် တာဝန်ထမ်းဆောင်ရမည်။

ကိုယ်စားလှယ်လောင်းများ

[ပြင်ဆင်ရန်]

လွှတ်တော်အစုအဖွဲ့အသီးသီးသည် ဒုတိယသမ္မတလောင်းများကို ရွေးချယ်ကြသည်။၂၀၂၆ မြန်မာနိုင်ငံ သမ္မတရွေးချယ်တင်မြှောက်ခြင်းတွင် (၅)ဦးရှိခဲ့သည်။ ထို (၅)ဦးကို အရည်အချင်းပြည့်မီ/မမီ သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က စိစစ်အတည်ပြုခဲ့ကြသည်။ထို့နောက် အစုအဖွဲ့များအတွင်း ဒုတိယသမ္မတလောင်းများ မဲပေး၍ ထပ်မံရွေးချယ်ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့

[ပြင်ဆင်ရန်]

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အတွင်း ဒုတိယသမ္မတလောင်းများမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ တင်သွင်းသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တစညပါတီမှ တင်သွင်းသည့် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေ တို့ဖြစ်ကြသည်။ အစုအဖွဲ့အတွင်း တင်သွင်းသည့်ကိုယ်စားလှယ်​လောင်းကို မဲ​ပေး​ရွေးချယ်ကြရာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၆၃)ဦးအနက် ၃ဦးပျက်ကွက်ပြီး (၂၆၀ ) ဦးတက်ရောက်ကာ မဲပေးခဲ့သည်။[၁၂]

ကိုယ်စားလှယ်လောင်း ပါတီ မဲအရေအတွက် ရာခိုင်နှုန်း
ဒေါက်တာ ကျော်ဆွေ တစည ၁၀ ၃.၈၇%
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ၂၄၇ ၉၅%
စုစုပေါင်း ၂၅၇ ၉၈.၈၅%
ခိုင်လုံမဲ ၂၅၇ ၉၈.၈၅%
ပယ်မဲ/ဗလာမဲ ၁.၁၅%
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်း (၃၁ မတ် ၂၀၂၆)
အစည်းအဝေးမြင်ကွင်း (၁)
အစည်းအဝေးမြင်ကွင်း (၂)
အစည်းအဝေးမြင်ကွင်း (၃)
အစည်းအဝေးမြင်ကွင်း (၄)
အစည်းအဝေးမြင်ကွင်း (၅)
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့

[ပြင်ဆင်ရန်]

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အတွင်း ဒုတိယသမ္မတလောင်းများမှာ ကရင်ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ်အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာ မနာမ်တူးဂျာ တို့ဖြစ်ကြသည်။ အစုအဖွဲ့အတွင်း တင်သွင်းသည့်ကိုယ်စားလှယ်​လောင်းကို မဲ​ပေး​ရွေးချယ်ကြရာ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၅၇)ဦးအနက် (၁၅၅ ) ဦးတက်ရောက် မဲပေးခဲ့သည်။[၁၃][၁၄]

အမျိုးသားလွှတ်တော်အစုအဖွဲ့အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းရလဒ်
ကိုယ်စားလှယ်လောင်း ပါတီ မဲအရေအတွက် ရာခိုင်နှုန်း
ဒေါက်တာ မနာမ်တူးဂျာ ကချင်ပြည်နယ်ပြည်သူ့ပါတီ ၃၈ ၂၄.၅၂%
ဒေါ်နန်းနီနီအေး USDP ၁၁၇ ၇၅.၄၈%
စုစုပေါင်း ၁၅၅ ၁၀၀%
ခိုင်လုံမဲ ၁၅၅ ၁၀၀%
ပယ်မဲ/ဗလာမဲ ၀%

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့

[ပြင်ဆင်ရန်]

လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ဒုတိယသမ္မတရွေးချယ်ရေးအစည်းအဝေးကို ပြုလုပ်ခဲ့ကြပြီး၊ ဦးညိုစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်း မဲဆန္ဒနယ်)အား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် အဆိုပြုတင်သွင်းကာ ကန့်ကွက်သူမရှိဘဲ တင်မြှောက်ခဲ့ကြသည်။[၁၅]

လွှတ်တော်နှစ်ရပ်ပေါင်း တပ်မတော်သားအစုအဖွဲ့အတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းရလဒ်
ကိုယ်စားလှယ်လောင်း ပါတီ မဲအရေအတွက် ရာခိုင်နှုန်း
  ဦးညိုစော USDP ၁၆၆ ၁၀၀%

မဲရလဒ်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို မဲပေးရွေးချယ်ကြသည်။ ၎င်းတို့အနက် အောက်ပါအတိုင်း အသီးသီး ရွေးချယ်ခံရသည်။ တက်ရောက်ခွင့်ရှိသူ ၅၈၆ ဦးအနက် ၅၈၄ ဦးတက်ရောက် မဲပေးခဲ့ကြသည်။[၁၆]

သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်း မဲရလဒ်
ကိုယ်စားလှယ်လောင်း ပါတီ မဲအရေအတွက် ရာခိုင်နှုန်း
  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ၄၂၉ ၇၃.၄၆%
  ဦးညိုစော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁၂၆ ၂၁.၅၈%
  ဒေါ်နန်းနီနီအေး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၂၉ ၄.၉၆%
စုစုပေါင်း ၅၈၄ ၁၀၀%
ခိုင်လုံမဲ ၅၈၄ ၁၀၀%
ပယ်မဲ/ဗလာမဲ - -
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်မှု (၃ ဧပြီ ၂၀၂၆)
မြင်ကွင်း (၁)
မြင်ကွင်း (၂)
မြင်ကွင်း (၃)
မြင်ကွင်း (၄)
မြင်ကွင်း (၅)
၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမြင်ကွင်းများ။

နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲကို ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဒုတိသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့သည် ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။[၁၇]ပြည်ပအထူးဧည့်သည်တော်များအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ H.E. Mr. Jiang Xinzhi ၊ ဘယ်လာရုစ်အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-ool ၊ ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Kitti Settha Pandita Cham Prasidh ၊ ထိုင်းနိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha – Nukara တို့အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံအမတ်ကြီး ၁၆ ဦးနှင့် သံတမန်များ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာကြသည်။[၁၈]

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ကတိသစ္စာပြုပွဲသို့ တက်ရောက်လာကြသည့် အဆင့်မြင့်ကိုယ်စားလှယ်များ
စဉ်အမည်ကိုယ်စားလှယ်အဆင့်/ရာထူးနိုင်ငံ/အဖွဲ့အစည်း
H.E. Mr. Jiang Xinzhiတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ တရုတ်
H.E. Mr. Valdrack Jaentschkeနိုင်ငံခြားရေးဝန်ကြီး (Minister of Foreign Affairs) နီကာရာဂွါ
H.E. Mr. Igor SERGYENKOအောက်လွှတ်တော်ဥက္ကဋ္ဌ (Chairman of the House of Representatives) ဘီလာရုဇ်
H.E. Mr. Sholban Kara-oolဒူးမားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (Deputy Chairman of the State Duma) ရုရှား
H.E. Mr. Kirti Vardhan Singhပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (Minister of State for External Affairs) အိန္ဒိယ
H.E. Mr. Alounkeo KITIKHOUNအာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် လာအို
H.E. Kitti Settha Pandita CHAM Prasidhအာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ကမ္ဘောဒီးယား
H.E. Dr. Parnpree Bahiddha-Nukaraယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ထိုင်း
(Represented by Director General)Director General of Southeast Asia, South Asia and South Pacific Department, Ministry of Foreign Affairs ဗီယက်နမ်

အသိအမှတ်ပြု သဝဏ်လွှာ ပေးပို့သည့် နိုင်ငံများ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် အောက်ပါနိုင်ငံကြီးများမှ နိုင်ငံတော်အကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည် -[၁၉]

  •  တရုတ် - သမ္မတ မစ္စတာ ရှီကျင့်ဖျင် က နှစ်နိုင်ငံအကြား တည်ရှိပြီးသားဖြစ်သည့် "ဆွေမျိုးပေါက်ဖော်" ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန် သဝဏ်လွှာပေးပို့ခဲ့သည်။
  •  ရုရှား -သမ္မတ မစ္စတာ ဗလာဒီမီယာ ပူတင် က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာမည်ဟု ယုံကြည်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။[၂၀]
  •  ဘီလာရုဇ် -သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှင်ကို က နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရန် သဝဏ်လွှာပေးပို့ခဲ့သည်။[၂၁]
  •  ထိုင်း - ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
  •  ကာဇက်စတန် - သမ္မတနိုင်ငံသမ္မတ မစ္စတာ ကာစင်ဂျိုမတ် တိုခါယက်ဗ် (Kassym-Jomart Tokayev) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
  •  ကမ္ဘောဒီးယား - ဘုရင်မင်းမြတ် နရောတ္တမ သီဟမုနီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
  •  နီကာရာဂွါ - ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ ဒန်နီရယ်အော်တီဂါ ဆာဗေဒရာ (Daniel Ortega Saavedra) နှင့် မစ္စစ်ရိုဆာရီယို မူရီလို (Rosario Murillo) တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

နိုင်ငံတကာ တုံ့ပြန်မှုများ

[ပြင်ဆင်ရန်]
  •  တရုတ် - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံ၏ သမ္မတသစ် အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။[၂၂] [၂၃]
  •  ဂျပန် - ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မိနိုရု ခိဟရ က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများ တိုးတက်လာစေရန် အရေးယူဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ ၎င်းက အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား စစ်မှန်သော ဆွေးနွေးမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်အစိုးရသည် မြန်မာနိုင်ငံအခြေအနေများကို နီးကပ်စွာ စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြည်သူများကို တိုက်ရိုက် အကျိုးရှိစေမည့် ပုံစံဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဆက်လက် ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ ဂျပန်အစိုးရသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်အစိုးရကို တရားဝင် အသိအမှတ်မပြုထားကြောင်းလည်း အတည်ပြုခဲ့သည်။[၂၄][၂၅]
  •  ဖိလစ်ပိုင် - ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ အစိုးရက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် လွှတ်တော် မှ ရွေးချယ်လိုက်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ နောက်ဆုံးရ နိုင်ငံရေးဖြစ်စဉ်များကို အနီးကပ် သတိပြုစောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ မစ္စ ကလဲယား ကက်စထရို က ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားရေးဝန်ကြီး မစ္စ ထရီဆာ ပီ လာဇာရို မှတစ်ဆင့်လည်းကောင်း၊ သံတမန်လမ်းကြောင်းများမှတစ်ဆင့်လည်းကောင်း မြန်မာအာဏာပိုင်များနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ကို အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် အားလုံးပါဝင်သော ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးကို အလေးထား ပြောကြားခဲ့သည်။[၂၆]

နိုင်ငံတကာ တရားစီရင်ရေးနှင့် ပတ်သက်သည့် ဖြစ်စဉ်များ

[ပြင်ဆင်ရန်]
  •  အင်ဒိုနီးရှား - ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့သည်ဆိုသည့် စွဲချက်ဖြင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ် အရေးယူပေးရန် တိုင်တန်းချက်ကို အင်ဒိုနီးရှား တရားရေးအာဏာပိုင်များက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် တရားဝင် လက်ခံလိုက်သည်။ ယင်းတိုင်တန်းမှုကို ယူကေအခြေစိုက် တာဝန်ခံမှုရှိစေရေး-မြန်မာ (MAP) အဖွဲ့က ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ခရစ္စဂန်းနက်စ်က အတည်ပြုပြောကြားခဲ့သည်။[၂၇]

အဖွဲ့အစည်းများ၏တုန့်ပြန်ချက်

[ပြင်ဆင်ရန်]

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ - စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခဲ့သော်လည်း ၎င်းအပေါ် စွဲချက်တင်ထားသည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူတစ်ဦးအဖြစ် စွဲချက်တင်ခံထားရသည့် အခြေအနေတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။[၂၈]

ပြည်တွင်းအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ တုန့်ပြန်ချက်များ

[ပြင်ဆင်ရန်]
  • ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။[၂၉]
  • အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလားအဖွဲ့)) က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအပေါ် ဂုဏ်ပြုကြောင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
  • ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က သမ္မတ နှင့် ဒုတိယသမ္မတများ၏ တင်မြှောက်ခံရမှုကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။[၃၀]
  • ရှမ်းနီအမျိုးသားများတပ်မတော် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
  • တအာင်းတပ် က ဦးမင်းအောင်လှိုင်ထံသို့ ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) တွင် ပေးပို့ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် အဆိုပါအဖွဲ့က အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် သမ္မတရာထူးရယူပြီး အရပ်ဘက်အသွင်ပြောင်း အုပ်ချုပ်ရေးအပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။[၃၁]

ဆက်လက်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. AFP and Reuters။ Myanmar’s coup leader Min Aung Hlaing sworn in as president (in en)။ 2026-04-15 တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆ | Ministry Of Information (in en)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  3. ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - စစ်အာဏာသိမ်း ၅ နှစ်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၇,၇၀၀ ကျော်သေဆုံး - AAPP (in my) (2026-02-01)။ 2026-04-15 တွင် ပြန်စစ်ပြီး။
  4. ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်မှုအပေါ် ပါတီတွေရဲ့ အမြင် (in my) (2021-07-27)။ 2026-04-15 တွင် ပြန်စစ်ပြီး။
  5. မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၂ စတင်ကျင်းပ (in en-US)။ 2026-04-15 တွင် ပြန်စစ်ပြီး။
  6. တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှ ဦးမောင်မောင်အုန်းတို့အား ရွေးကောက်တင်မြှောက် | Ministry Of Information (in en)။ 2026-04-15 တွင် ပြန်စစ်ပြီး။
  7. တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ (in my)။ 2026-03-22 တွင် ပြန်စစ်ပြီး။
  8. နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးများကို မတ် ၃၀ ရက်တွင် စတင်ကျင်းပမည် | Ministry Of Information (in en)။ 2026-03-22 တွင် ပြန်စစ်ပြီး။
  9. သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-03-31 တွင် ပြန်စစ်ပြီး။
  10. သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကျင်းပ | Ministry Of Information (in en)။ 2026-03-31 တွင် ပြန်စစ်ပြီး။
  11. ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)။ 30 December 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး31 March 2016 တွင် ပြန်စစ်ပြီး
  12. သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကျင်းပ | Ministry Of Information (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  13. စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် မဲပေးရွေးချယ် -၂၀၂၆ မတ်လ ၃၁ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု (in my) (2026-03-31)။ 2026-03-31 တွင် ပြန်စစ်ပြီး။
  14. သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကျင်းပပြီးစီး | Ministry Of Information (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  15. သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးကျင်းပ | Ministry Of Information (in en)။ 2026-04-02 တွင် ပြန်စစ်ပြီး။
  16. နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့အား ရွေးချယ်တင်မြှောက် | Ministry Of Information (in en)။ 2026-04-17 တွင် ပြန်စစ်ပြီး။
  17. Journal၊ Popular (2026-04-10)။ မြန်မာနိုင်ငံတော်သမ္မတသစ်နှင့် ဒု-သမ္မတများ ကတိသစ္စာပြု (in en-US)။ 2026-04-10 တွင် ပြန်စစ်ပြီး။
  18. နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့ ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြု | Ministry Of Information (in en)။ 2026-04-15 တွင် ပြန်စစ်ပြီး။
  19. Xi extends greetings to president-elect of Myanmar (in en)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  20. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင် ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ | Ministry Of Information (in en)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  21. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ | Ministry Of Information (in en)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  22. China congratulates Min Aung Hlaing on being elected as Myanmar's new president: spokesperson (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  23. China congratulates Min Aung Hlaing on being elected as Myanmar's new president: spokesperson (in en)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  24. "Myanmar junta leader elected president, cementing grip on power" (in en)၊ Mainichi Daily News၊ 2026-04-04။
  25. Japan to Step Up Calls on Myanmar to Improve Situation under New Pres. (in en) (2026-04-03)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  26. BERNAMA (2026-04-04)။ ASEAN: Philippines Continues To Engage Myanmar After Military Leader's Election Win (in en)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  27. ရိုဟင်ဂျာ ဂျီနိုဆိုက်အမှုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူဖို့ တိုင်တန်းချက်ကို အင်ဒိုနီးရှား လက်ခံ - ၂၀၂၆ ခုနှစ်၊ ဧပြီ ၆ ရက် ဘီဘီစီမြန်မာပိုင်းသတင်းများ တိုက်ရိုက်ထုတ်လွှင့်ချက် (in my) (2026-04-06)။ 2026-04-07 တွင် ပြန်စစ်ပြီး။
  28. Myanmar: Presidency must not shield Min Aung Hlaing from being held accountable (in en) (2026-04-03)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  29. ၂၀၂၆ ဧပြီ ၃ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သမ္မတအိပ်မက်ပြည့်ဝ (in my) (2026-04-03)။ 2026-04-03 တွင် ပြန်စစ်ပြီး။
  30. ရခိုင်အရပ်သားများအားနေ့စဉ်ဗုံးကြဲသတ်ဖြတ်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သမ္မတဖြစ်လာမှုအပေါ် ဒေါက်တာအေးမောင်ဦးဆောင်သော AFP က ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ (in my)။ 2026-04-04 တွင် ပြန်စစ်ပြီး။
  31. ၂၀၂၆ ဧပြီ ၁၅ ရက် - ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံရမှု ရက်ပေါင်း ၁,၉၀၀ ရှိလာ (in my) (2026-04-15)။ 2026-04-15 တွင် ပြန်စစ်ပြီး။