၂၀၂၆ မြန်မာနိုင်ငံ ရေကြီးမှု
| နေ့ရက် | ဇူလိုင် ၂၀၂၆ - |
|---|---|
| အမျိုးအစား | ရေကြီးမှု၊ တာကျိုးပေါက်မှု |
| သေဆုံးသူ | ၃၂+ |
၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ ရေကြီးမှုများသည် ၂၀၂၆ ခုနှစ် ဇူလိုင်လနှောင်းပိုင်းမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုနှင့် တမံကျိုးပေါက်မှုများကြောင့် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်သည်။ အဆိုပါ ရေဘေးကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် လူဦးရေ သိန်းချီ ထိခိုက်နစ်နာခဲ့ပြီး၊ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း Myanmar Now သတင်းဌာနက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြထားသည်။[၁]
ဒေသအလိုက် ရေကြီးမှုများ
[ပြင်ဆင်ရန်]ဧရာဝတီတိုင်းဒေသကြီး
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ကမ်းထိန်းတမံသည် သဲဗွက်ထခြင်း (Sand boils) နှင့် မြေနိမ့်ကျဆင်းခြင်းများကြောင့် ပေ ၃၉၀ ခန့် အကျယ် ကျိုးပေါက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာတစ်မြို့လုံးနှင့် ဝန်းကျင်ကျေးရွာများ ရေဖုံးလွှမ်းခဲ့ပြီး၊[၂] ဒေသခံ ပြည်သူ ၄၀,၀၀0 ကျော် ရေဘေးသင့်ခဲ့ကြောင်း Xinhua သတင်းဌာန တွင် ဖော်ပြထားသည်။ [၃]၎င်းအပြင် ရေကြီးမှု ၁၀ ရက်ကျော် ကြာမြင့်လာသည့်တိုင်အောင် ဒေသခံ ၁၄,၀၀၀ ကျော်မှာ အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း DVB သတင်းက ဆိုသည်။[၄]
ဩဂုတ် ၁၈ ရက်နေ့သတင်းအရ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးမှုဖြစ်ပေါ်နေပြီး အခြေခံပညာကျောင်း ၁၅ ကျောင်း ထပ်မံပိတ်ထားရသည်။ ပိတ်ထားရသည့်ကျောင်းများမှာ ကျွဲသောင်၊ သောင်သာယာ၊ လက်ပံတန်း၊ ခနောင်ကြီး၊ ဘုရားချောင်း၊ ပေကုန်း၊ ဇီးကုန်း၊ ပတုပ်ကျောင်း၊ ထရော်ပေကုန်း၊ လှိုင်းတာ၊ ကံစု၊ ဘုရားသုံးဆူ၊ ကျုံစုတ်၊ ကညင်သုံးပင်နှင့် အရှေ့ဂိုးမြောင်းတို့မှ ဖြစ်ကာ မူလတန်းကျောင်းများ အများဆုံးပါဝင်သည်။[၅]
စစ်ကိုင်းတိုင်းဒေသကြီး
[ပြင်ဆင်ရန်]ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မူမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက်ခြမ်း ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများ ရေကြီးနစ်မြုပ်ခဲ့သည်။ ယင်းကြောင့် ဒေသတွင်းရှိ စစ်ဘေးရှောင် (IDPs) ပြည်သူ ၁,၇၀၀ ကျော်မှာ ရေဘေးထပ်မံကြုံတွေ့ရပြီး အမိုးအကာနှင့် သောက်သုံးရေ အရေးပေါ် လိုအပ်နေကြောင်း Burma News International (BNI) တွင် ဖော်ပြထားသည်။[၆]
ကရင်ပြည်နယ်
[ပြင်ဆင်ရန်]ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဩဂုတ် ၁၀ ရက် မွန်းလွဲ ၄ နာရီခွဲတိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၂၃ စင်တီမီတာသို့ရောက်ရှိနေပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများစီးဝင်သည်။[၇] ဘားအံမြို့တွင် မိုးလုံလေလုံအားကစားရုံနှင့် လေသာဘုန်းတော်ကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခုတို့တွင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၇၈) စု၊ အမျိုးသား (၁၉၄) ဦး၊ အမျိုးသမီး (၁၉၆) ဦး၊ စုစုပေါင်း (၃၉၀) ဦးအား ယာယီပြောင်းရွှေ့ နေရာချထားပေးသည်။[၈]
ရှမ်းပြည်နယ်
[ပြင်ဆင်ရန်]ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီက ကလောချောင်းရေလျှံမှုဖြစ်ပွားခဲ့ရာ မြို့ပေါ်ရပ်ကွက်အချို့နှင့် ဌာနဆိုင်ရာရုံးများတွင် ရေများဝင်ရောက်သည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေလျှံမှုကြောင့် ကလောမြို့ပေါ်ရှိ အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်များတွင် ချောင်းဘေးတစ်လျောက်ရှိ နေအိမ်များအတွင်းသို့ ချောင်းရေ ၁ပေမှ ၃ပေအထိ ဝင်ရောက်ခဲ့သည်။ [၉]
မန္တလေးတိုင်းဒေသကြီး
[ပြင်ဆင်ရန်]တံတားဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းနှင့် ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ဘလဲ့ဘကျေးရွာ၊ ဈေးချိုကျေးရွာ၊ ဥတည်ကျေးရွာ၊ ပန်းယျကျေးရွာ၊ ကန်ချောကျေးရွာ၊ ဟံသာဝတီကျေးရွာ၊ မီးသွေးတိုက်ကျေးရွာနှင့် ငါးရာပြားကျေးရွာများသို့ ရေဝင်လျက်ရှိပြီး ရေဘေးလွတ်ရာကုန်းမြင့်ဒေသများသို့ ပြောင်းရွှေ့နိုင်ရေး သက်ဆိုင်ရာများနှင့်အတူ ကူညီဆောင်ရွက်ပေးခဲ့သည်။ တံတားဦးမြို့နယ်အနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်သည် ၁,၂၆၀ စင်တီမီတာအောက် ၁,၁၉၄ စင်တီမီတာသို့ လည်းကောင်း၊ ဒုဋ္ဌဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၈၇၀ စင်တီမီတာအထက် ၉၇၄ စင်တီမီတာသို့ ရောက်ရှိသည်။[၁၀]
ငါန်းဇွန်မြို့နယ်အတွင်း စိုးရိမ်ရေအမှတ်(၁၁၅၀စင်တီမီတာ)သို့ ရောက်လာသဖြင့် မြို့ပေါ် အမှတ်(၁၊ ၂၊ ၃၊) ရပ်ကွက်များအတွင်းရှိ မြစ်ကမ်းနံဘေးနေအိမ်များသို့ မြစ်ရေဝင်ရောက်သည်။[၁၁]
ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ဩဂုတ် ၁၀ ရက် ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနံဘေးရှိ ဧည့်ပြကျေးရွာအုပ်စုနှင့် ပလိပ်ကျေးရွာအုပ်စုရှိ နေအိမ်များအတွင်း မိုးရေများဝင်ရောက်သည်။[၁၂]
မကွေးတိုင်းဒေသကြီး
[ပြင်ဆင်ရန်]မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ရှိ ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည် နှင့် ဘုတ်ချောင်းဆည်တို့အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဩဂုတ်လ ၁၁ ရက် နံနက် ၈ နာရီ တိုင်းထွာချက်အရ ရေပိုလွှဲများမှ စတင်ရေကျော်ကျခဲ့သည်။ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်မှာ ၆၂၅ ပေဖြစ်ပြီး ထိုနေ့၏ ရေမှတ်မှာ ၆၂၅.၆၀ ပေရှိသဖြင့် ရေပိုလွှဲမှ ၀.၆ ပေခန့် ရေကျော်ကျခဲ့သည်။အလားတူ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်မှာလည်း ၅၆၀.၅၀ ပေဖြစ်ပြီး ရေမှတ် ၅၆၂.၃၀ ပေရှိနေသဖြင့် ရေပိုလွှဲမှ ၁.၈ ပေခန့် ရေကျော်ကျလျက်ရှိသည်။ထို့ကြောင့် ဆည်အောက်ပိုင်းကျေးရွာများတွင် အရေးပေါ်အခြေအနေ အဆင့် (၁) အစိမ်းရောင်အလံများ လွှင့်ထူ၍ အသိပေးနှိုးဆော်ခဲ့ရသည်။[၁၃]
တနင်္သာရီတိုင်းဒေသကြီး
[ပြင်ဆင်ရန်]၂၀၂၆ စက်တင်ဘာ ၂၇ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် မိုးသည်းထန်မှုကြောင့် ကျေးရွာများ၌ ရေကြီးမှုနှင့် တောင်ပြိုမှုများ ဖြစ်ပွားနေပြီး ကမြောကြီးရွာအနီးတွင် ရေများပြားမှုကြောင့် ရှေ့ဆက်သွားလာ၍ မရဘဲ မြို့နယ်အောက်ပိုင်းရှိ ကျေးရွာများ၏ အခြေအနေကို မျက်မြင်မမြင်နိုင်သေး။ ကျေးရွာ ၁၀ ရွာထက်မနည်းရှိသည့်အနက် ကျောက်နီမော်ရွာတွင် တောင်ပြိုကျမှုဖြစ်ပွားပြီး သကျက်တောနှင့် ကျောက်ပုံရွာတို့တွင် နေအိမ်များ ရေနစ်မြှုပ်နေသည်။ ထားဝယ်မြစ် ဒီရေတက်ချိန်တွင် မိုးများခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ ကျေးရွာချင်းဆက်တံတားများ ကျိုးပျက်မှုများလည်း ရှိနေသည်။[၁၄]
ထားဝယ်မြို့တွင် သုံးရက်ဆက် မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကတည်းက မြို့ပေါ်ရပ်ကွက်အချို့သို့ ရေစဝင်လာခဲ့ပြီး ညနေပိုင်းတွင် ရပ်ကွက်အများစုနှင့် ချောင်းအချို့ ရေကြီးရေလျှံနေခဲ့သည်။ [၁၅]စက်တင်ဘာလ ၂၇ ရက်နေ့တွင် မိုးရေချိန် ၁၁.၀၂ လက်မအထိ သမိုင်းတစ်လျှောက် စံချိန်တင် ရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာသည်။[၁၆] ထားဝယ်မြို့ရှိ ကရပ်ပြင်၊ ကညုံ၊ ရှမ္မလည်ဆွဲ၊ ကြက်စားပြင်နှင့် ဘုမ္မော စသည့် ရပ်ကွက်များရှိ လမ်းအချို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်က တစ်ထပ်နေအိမ်အချို့ ရေမြုပ်နေခဲ့သည်။[၁၇]
ထားဝယ်ဒေသတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာပေါင်း ၆၀ ကျော် ရေဘေးသင့်နေပြီး လူသေဆုံးမှု ၁၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ်/ထားဝယ်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက ဘီဘီစီသို့ ပြောကြားသည်။ လောင်းလုံးမြို့နယ်တွင် အနည်းဆုံး ၁၀ ဦး၊ ထားဝယ်မြို့နယ်တွင် ၂ ဦးနှင့် သရက်ချောင်းမြို့နယ်တွင် ၁ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။[၁၈] ထားဝယ်ဒေသအတွင်း သေဆုံးသူ ၃၂ ဦး ရှိပြီဖြစ်ကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က စက်တင်လာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။[၁၉]
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ရှိ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက် နှစ်ခုစလုံးတွင် နေအိမ်ပေါင်း ၁,၀၀၀ ကျော် ရေနစ်မြုပ်နေကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တနင်္သာရီမြို့တွင် လက်ရှိ မိုးများခြင်းမရှိသော်လည်း ထားဝယ်မှ ဆင်းလာသည့် တနင်္သာရီချောင်းရေများသည် စက်တင်ဘာလ ၂၈ ရက်နေ့မှစ၍ ရေတက်လာခြင်းဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့တွင် မြို့လုံးကျွတ်နီးပါး မြုပ်သွားခဲ့ကြောင်း သိရသည်။ တနင်္သာရီမြစ်၏ စိုးရိမ်ရေမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေမှတ်ကို ကျော်လွန်သည့် ၃၀ ပေ ၆ လက်မအထိ ရှိသည်။[၂၀]
မြစ်ရေအခြေအနေ
[ပြင်ဆင်ရန်]မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် ၁၄ ရက် နံနက် ၆ နာရီခွဲအချိန်တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေသည် မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ မင်းဘူး၊ မကွေး၊ ပြည်မြို့တို့၏ စိုးရိမ်ရေအမှတ်အထက်တွင် ရှိနေပြီး၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၌လည်းကောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့၌လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၌လည်းကောင်း စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေသည်။[၂၁][၂၂]
မုန်တိုင်းငယ်
[ပြင်ဆင်ရန်]၂၀၂၆ စက်တင်ဘာ ၂၈ ရက်နေ့တွင် အားကောင်းသော မုန်တိုင်းငယ် (deep depression) သည် မြန်မာနိုင်ငံကို စတင်ဖြတ်ကျော်နေပြီဖြစ်ပြီး နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာခဲ့သည်။[၂၃]
ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Zaw၊ Khin Yi Yi (2026-08-11)။ 16 dead and tens of thousands displaced by flooding across central Myanmar (in en-US)။ 11 August 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ ငဝန်မြစ် ရေကာတာကျိုးလို့ ဒေသခံတွေ နေရာပြောင်းဖို့ တိုက်တွန်းထားရ (in my) (2026-07-31)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ Over 40,000 affected by flooding after embankment breach in Myanmar's Ayeyarwady (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ လေးမျက်နှာ ရေကြီးမှု ၁၀ ရက် ကျော်လာပြီး ပြည်သူ ၁၄,၀၀၀ ကျော် ရေဘေးသင့်နေ (in my)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ မအူပင်မြို့နယ်၌ မြစ်ရေကြီးပြီး စာသင်ကျောင်း ၁၅ ကျောင်း ပိတ်ထားရ (in my)။ 2026-08-19 တွင် ပြန်စစ်ပြီး။
- ↑ Over 1,700 Displaced People Stranded by Severe Flooding in Myanmar’s Sagaing Region (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ပေါ်အနိမ့်ပိုင်းလူနေရပ်ကွက်များ ရေဝင်ရောက်မှုအခြေအနေ ကြည့်ရှုစစ်ဆေး (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု စတင်ဖွင့်လှစ် (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ ကလောမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေးစီးဆင်းမှုကြောင့် ချောင်းရေလျှံမှုဖြစ်ပွား (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ တံတားဦးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းနှင့် ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများ ရေဝင်ရောက် (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာရွှေ့ပြောင်း (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ စဉ့်ကိုင်မြို့နယ်၌ ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်သဖြင့် လူဦးရေ ၁,၂၂၀ နှင့် တိရစ္ဆာန်ကောင်ရေ ၁၃၅ ကောင်တို့အား ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ စတင်ရေကျော်ကျ (in en)။ 2026-08-11 တွင် ပြန်စစ်ပြီး။
- ↑ စက်တင်ဘာ ၂၇ ရက် သတင်းများ အနှစ်ချုပ် - မိုးများလို့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ရေကြီး တောင်ပြို (in my) (2026-09-27)။ 2026-09-27 တွင် ပြန်စစ်ပြီး။
- ↑ မိုးများလို့ ထားဝယ်မြို့ပေါ်အထိ ရေတက်လာပြီး နေအိမ်တွေ ရေမြုပ် - ၂၀၂၆ စက်တင်ဘာ ၂၈ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု (in my) (2026-09-28)။ 2026-09-28 တွင် ပြန်စစ်ပြီး။
- ↑ မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၈၄/၂၀၂၆) | Department of Meteorology and Hydrology။ 2026-09-28 တွင် ပြန်စစ်ပြီး။
- ↑ Watch၊ Dawei (2026-09-28)။ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် တစ်ထပ်အိမ်အချို့ရေမြုပ် (in en)။ 2026-09-28 တွင် ပြန်စစ်ပြီး။
- ↑ ထားဝယ်က မြေပြို ရေကြီးမှု သေဆုံးသူ ၁၃ ဦးထက်မနည်းရှိတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် ပြော - ၂၀၂၆ စက်တင်ဘာ ၂၈ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု (in my) (2026-09-28)။ 2026-09-28 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက် ဘီဘီစီသတင်းတိုက်ရိုက်ထုတ်လွှင့်ချက် - ကျောက်တော်လေကြောင်းတိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ (in my) (2026-09-29)။ 2026-09-29 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်- အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကို ဦးမင်းအောင်လှိုင်ပြော (in my) (2026-10-02)။ 2026-10-03 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ ခုနှစ် သြဂုတ် ၁၄ ရက် ဘီဘီစီမြန်မာပိုင်းသတင်း တိုက်ရိုက်ထုတ်လွှင့်ချက်- ကျောက်တော်၊ သံတွဲနဲ့ ဂွ ကို လေကြောင်းကနေဗုံးကြဲ (in my) (2026-08-14)။ 2026-08-14 တွင် ပြန်စစ်ပြီး။
- ↑ ရေကြီးမှုအခြေနေသတင်း။
- ↑ ကျောက်တော်က စျေး၀င်း ဗုံးကြဲခံရမှု သေဆုံးသူ ၃၃ ဦးရှိတယ်လို့ AA ပြော - ၂၀၂၆ စက်တင်ဘာ ၂၈ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု (in my) (2026-09-28)။ 2026-09-29 တွင် ပြန်စစ်ပြီး။