၂၀၂၅ ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေး
| နေ့ရက် | ၁၅ ဩဂုတ် ၂၀၂၅ |
|---|---|
| နေရာ | အမေရိကန်ပြည်ထောင်စု၊အလက်စကာပြည်နယ်၊အမေရိကန်စစ်စခန်း |
| ပါဝင်သူများ |
|
၂၀၂၅ ရုရှား–အမေရိကန် ထိပ်သီးအစည်းအဝေး သည် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် နှင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် တို့ကြား ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး ဖြစ်သည်။အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ် ၊ အန်ခရိချမြို့ရှိ အမေရိကန်စစ်စခန်း၌ ပြုလုပ်ခဲ့သည်။ ဤတွေ့ဆုံ ဆွေးနွေးမှုသည် ရုရှား–ယူကရိန်း စစ်ပွဲအဆုံးသတ်စေရန်အတွက်ဖြစ်ပြီး၊ နိုင်ငံတကာ၏ အထူးစောင့်ကြည့်ခြင်းကို ခံရသည့် ဆွေးနွေးပွဲတစ်ခုလည်း ဖြစ်ခဲ့သည်။
နောက်ခံအကြောင်းအရင်း
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တွင် ရုရှားနိုင်ငံ သည် ယူကရိန်းနိုင်ငံအား စတင်တိုက်ခိုက်ခဲ့သည်။ယခုစစ်ပွဲသည် ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း ဥရောပတွင် သေဆုံးမှုအများဆုံးစစ်ပွဲဖြစ်လာပြီး ရှည်လျား နေသည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် ထိုစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးရန် ရုရှားသမ္မတ နှင့် တွေ့ဆုံသည့် ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။
ဤထိပ်သီးအစည်းအဝေးသည် ရုရှား–ယူကရိန်း စစ်ပွဲ စတင် ဖြစ်ပွားပြီး ၃ နှစ် ၊ ၅ လ နှင့် ၂၂ ရက် အကြာတွင် ရုရှား နှင့် အမေရိကန် တို့အကြား တိုက်ရိုက်ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး လည်း ဖြစ်သည်။
အစည်းအဝေးသို့ လာရောက်မှု အခြေအနေ
[ပြင်ဆင်ရန်]အမေရိကန်၊ အလက်စကာပြည်နယ်၊ အန်ခရိချမြို့ရှိ Joint Base Elmendorf–Richardson တပ်စခန်းတွင် ၂၀၂၅ ဩဂုတ် ၁၅ ရက်နေ့ တွင် ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။
သမ္မတ ထရမ့်သည် အမေရိကန်စံတော်ချိန် နံနက် ၁၀ နာရီ ၂၂ မိနစ် တွင် အမေရိကန်တပ်စခန်းသို့ ဆင်းလာခဲ့ပြီး၊ ထရမ့် - ပူတင် တိုက်ရိုက် မျက်နှာချင်းဆိုင်မဟုတ်ဘဲ ၃ အပေါင်း ၃ ပုံစံ ဖြင့် တွေ့ဆုံမည်ဟု ကြေညာခဲ့သည်။[၁]
ကြေညာချက်အရ ထရမ့် ဘက်မှ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို နှင့် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် တို့ ပါဝင်ခဲ့ပြီး ပူတင် ဘက်မှ နိုင်ငံခြားရေးဝန်ကြီး ဆာဂေ လာဗရော့ဖ် နှင့် သမ္မတ လက်ထောက် ယူရီ ဥရှာကိုဖ် တို့ ပါဝင်ခဲ့သည်။
သမ္မတ ပူတင် သည် နံနက် ၁၀ နာရီ ၅၅ မိနစ် တွင် လေတပ်စခန်းသို့ ဆင်းလာခဲ့သည်။အမေရိကန် သည် ရုရှားသမ္မတ အား ကော်ဇောနီခင်းကာ ကြိုဆိုခဲ့ပြီး၊ နံနက် ၁၁ နာရီ ၀၈ မိနစ်ခန့်တွင် ခေါင်းဆောင်နှစ်ဦးစလုံးသည် လက်ဆွဲနှုတ်ဆက်ကာ “ALASKA 2025” စင်ပေါ်၌ ဓာတ်ပုံရိုက်ခြင်း ပြုလုပ်ခဲ့သည်။
သမ္မတ နှစ်ဦးတို့ ကော်ဇောနီပေါ် လက်ဆွဲနှုတ်ဆက်ပြီး လမ်းလျှောက်လာချိန်တွင် အမေရိကန်လေတပ်၏ F-22 တိုက်လေယာဉ်များ နှင့် B-2 Stealth Bomber တစ်စင်းသည် သမ္မတ နှစ်ဦး၏အပေါ် ကောင်းကင်ယံထက်တွင် ဖြတ်သန်း ပျံသန်းခဲ့သည်။
ယင်းနောက် ရုရှားသမ္မတ သည် ၎င်းအတွက်စီစဉ်ထားသည့် မော်တော်ယာဉ်ကို အသုံးမပြုဘဲ အမေရိကန် သမ္မတ ၏ ကျည်ကားပေါ် တက်ရောက်စီးနင်းခဲ့သည်။
တွေ့ဆုံမှု
[ပြင်ဆင်ရန်]ဒေါ်နယ်လ် ထရမ့်နှင့် ပူတင် တို့ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲမစခင် ဓာတ်ပုံမှတ်တမ်းယူကြသည်။ထိုအချိန် မေးခွန်းများဖြင့် ဆူညံပွက်လောရိုက်နေသည့် သတင်းသမားများအား ရုရှားသမ္မတပူတင် သည် စိတ်ရှုပ်စွာဖြင့် ကြည့်နေခဲ့ပြီး သတင်းထောက်တစ်ဦးက အမေရိကန်အနေဖြင့် ပူတင်စကားကို ယုံကြည်ရမည်လား၊ ဘယ်တော့ လူသတ်နေတာတွေရပ်တန့်မလဲဟု မေးမြန်းသည့်အပေါ် ပူတင်သည် ပြန်အော်ဟစ်ခဲ့သည်။
The Sun သတင်းဌာန သည် ပူတင်သည် မေးမြန်းသူအား မင်းဘာမှ မသိတဲ့ကောင် (you are ignorant) ဟု အော်ဟစ်ခြင်းဖြစ်ကြောင်း သတင်းတင်ဆက်ခဲ့သည်။[၂] [၃]
ထိပ်သီးအစည်းအဝေးသည် နံနက် ၁၁ နာရီ ၃၂ မိနစ် တွင် စတင်ခဲ့ပြီး နေ့လယ် ၂ နာရီ ၁၈ မိနစ် တွင် ပြီးဆုံးခဲ့သည်။
သတင်းစာရှင်းလင်းပွဲအခြေအနေ
[ပြင်ဆင်ရန်]နေ့လယ် ၂ နာရီ ၅၈ မိနစ် တွင် ခေါင်းဆောင်နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲကို စတင်ခဲ့သည်။
ထူးခြားချက်မှာ ထရမ့် နှင့် ပူတင် တို့ နှစ်ဦးစလုံးသည် ထိပ်သီးဆွေးနွေးပွဲရလဒ် နှင့် သဘောတူညီချက်များအား ထုတ်ဖော်မပြောကြဘဲ ထုတ်ပြန်ချက်များကိုသာ ကိုယ်စီ ဖတ်ကြားခဲ့သည်။ယင်းအပြင် သတင်းထောက်များကိုလည်း မေးခွန်းထုတ်ခွင့်မပေးခဲ့ကြဘဲ သတင်းစာရှင်းလင်းပွဲကို အဆုံးသတ်ခဲ့သည်။[၄]
သတင်းစာရှင်းလင်းပွဲ တွင် အမေရိကန်သမ္မတ သည် ရုရှားသမ္မတပူတင် နှင့် ဆွေးနွေးပွဲ၌ သဘောတူညီချက် အဆင့်ထိ မရောက်သော်လည်း အချက်အလက်တော်တော်များများ သဘောတူနိုင်ခဲ့ကာ တိုးတက်မှုတချို့ရှိခဲ့သည်ဟု ပြောဆိုသည်။ပူတင် ကလည်း ငြိမ်းချမ်းရေး တကယ်ရနိုင်ရန်အတွက် ပဋိပက္ခ၏ "အရင်းခံ အကြောင်းတရားများ" ကို ဖယ်ရှားပစ်ရမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။ဤပြောကြားချက်များသည်သာ သတင်းစာရှင်းလင်းပွဲ၏ အရေးပါကိစ္စဖြစ်ခဲ့သည်။
ပူတင် သည် ထရမ့်အား နောက်တစ်ကြိမ် တွေ့ဆုံမှုကို မော်စကိုမှာ ဟု အင်္ဂလိပ်ဘာသာစကားသုံး၍ ရှားရှားပါးပါးလည်း ပြောကြားခဲ့ပြီး၊ထိုသို့ ပြောကြားမှုအပေါ် ထရမ့်က "အိုး၊ ဒါ စိတ်ဝင်စားစရာပါပဲ" ၊"အဲဒါက ကျွန်တော့်အတွက် နည်းနည်းတော့စဉ်းစားစေတယ်။ ဒါပေမဲ့ အဲဒါဖြစ်နိုင်တယ်ဆိုတာကို မြင်တယ်" ဟု ပြန်လည် ပြောကြားခဲ့သည်။[၅] [၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အမေရိကန်နဲ့ ရုရှား သမ္မတတွေ "အကျိုးဖြစ်ထွန်းမှုရှိတဲ့" Alaska ထိပ်သီးအစည်းအဝေးကို အဆုံးသတ်ခဲ့ကြ။ NHK (16 Aug 2025)။ 16 Aug 2025 တွင် ပြန်စစ်ပြီး။
- ↑ Putin’s pledge to Trump and Don’s advice after leaders landed in Alaska for showdown။ The Sun (15 Aug 2025)။ 16 Aug 2025 တွင် ပြန်စစ်ပြီး။
- ↑ ထရမ့်နှင့် ထိပ်သီးတွေ့ဆုံမှုတွင် သတင်းထောက်များ အမေးကို ပူတင် အော်ဟစ်ဖြေဆို။ Mizzima Burmese (၁၆ ဩဂုတ် ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Investors react to US-Russia summit reaching no agreement။ Reuters (16 Aug 2025)။ 16 Aug 2025 တွင် ပြန်စစ်ပြီး။
- ↑ မော်စကိုမှာထပ်တွေ့နိုင်မလား - ထရမ့်နဲ့ ပူတင် တွေ့ဆုံမှုအပြီး သိသင့်တဲ့ ၅ ချက်။ BBC (၁၆ ဩဂုတ် ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ 'Next time in Moscow?': Five takeaways after Trump and Putin's Alaska summit။ BBC (16 Aug 2025)။ 16 Aug 2025 တွင် ပြန်စစ်ပြီး။