မာတိကာသို့ ခုန်သွားရန်

၂၀၂၅ နီပေါ Gen Z ဆန္ဒပြပွဲများ

ဝီကီပီးဒီးယား မှ
၂၀၂၅ ခုနှစ် နီပေါ Gen Z ဆန္ဒပြပွဲများ
နီပေါ ဆန္ဒပြပွဲများ(၂၀၂၅ စက်တင်ဘာ)
နေ့ရက် စက်တင်ဘာ ၂၀၂၅ (၂၀၂၅-၀၉-၀၈) – ၁၃ စက်တင်ဘာ ၂၀၂၅
နေရာ
အကြောင်းရင်းခံ
  • အစိုးရ အရာရှိများ၏ အကျင့်ပျက်ခြစားမှုများ
  • ဆိုရှယ်မီဒီယာ ပလက်ဖောင်း ပိတ်ပင်ခြင်း
ရည်မှန်းချက်များ
  • ခြစားမှုဆန့်ကျင်ရေး
  • အစိုးရ တာဝန်ခံမှုရှိရေး
  • ဆိုရှယ်မီဒီယာ ပလက်ဖောင်း ပြန်လည်ဖွင့်ခြင်း
  • အစိုးရ ပြောင်းလဲရေး
နည်းလမ်းများ
  • ဆန္ဒပြပွဲများ
  • ကျောင်းသား လှုပ်ရှားမှု
  • အင်တာနက်ပြန်ဖွင့်ရေး လှုပ်ရှားမှု
  • အစိုးရအဆောက်အအုံများ မီးရှို့ခြင်း
  • ပစ္စည်းဖျက်စီးခြင်း
  • လူသတ်ခြင်း
အခြေအနေဆန္ဒပြပွဲများရပ်တန့်သွားပြီဖြစ်
  • ဝန်ကြီးချုပ် K. P. Sharma Oli နုတ်ထွက်ခဲ့သည်[]
  • အစိုးရအဆောက်အအုံများနှင့် နိုင်ငံရေးရုံးများ (parliament building အပါအဝင်) မီးရှို့ခံရသည်[]
  • အစိုးရသည် ဆိုရှယ်မီဒီယာ ပိတ်ပင်ခြင်းအား ဖယ်ရှားခဲ့သည်[]
ဦးဆောင်သူများ
ဆန္ဒပြသူများ
နီပေါအစိုးရ
ထိခိုက်သူများ
သေဆုံးသူ(များ)၅၁ ဦး (နောက်ဆုံး ခန့်မှန်းချက်)[]
  • ဆန္ဒပြသူ ၂၁+ ဦး
  • ရဲ ၃ ဦး
  • အကျဥ်းသား ၉ ဦး
  • အခြား ၁၈ ဦး
  • နီပေါဝန်ကြီးချုပ်ဟောင်း Jhala Nath Khanal ၏ ဇနီး
ဒဏ်ရာရသူ၁၃၀၀ ဦးခန့် (တရားဝင်)[] []

၂၀၂၅ နီပေါ Gen Z ဆန္ဒပြပွဲများ သည် နီပေါနိုင်ငံအတွင်း ၂၀၂၅ ခုနှစ်၊စက်တင်ဘာ ၈ ရက်က စတင်၍ ဖြစ်ပွားသည့် လူငယ်များဦးဆောင်သော ဆန္ဒပြပွဲ ဖြစ်သည်။နီပေါနိုင်ငံအနှံ့၌ Gen Z ဆန္ဒပြပွဲများဟု အများအားဖြင့် သတ်မှတ်ထားကြပြီး၊ကျောင်းသားများနှင့် လူငယ်များအဓိက ပါဝင်ခဲ့သည်။၂၀၀၈ ခုနှစ်တွင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများ၊ စီးပွားရေး မရေရာမှုများ နှင့် ရုန်းကန်နေရသည့် နီပေါနိုင်ငံအတွက် ဆယ်စုနှစ်များ အတွင်း အဆိုးရွားဆုံး မငြိမ်မသက်မှုတခု ဖြစ်ခဲ့သည်။

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

ဤဆန္ဒပြပွဲများသည် နီပေါအစိုးရ၏ ဆိုရှယ်မီဒီယာများပိတ်ပင်ခြင်း၊ အစိုးရ အရာရှိများ၏ အကျင့်ပျက် ခြစားမှုများ နှင့် ပြည်သူ့ဘဏ္ဍာများကို မမှန်ကန်စွာ စီမံခန့်ခွဲမှုများအပေါ် အခြေခံခဲ့ကြသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက် တွင် နီပေါအစိုးရသည် နိုင်ငံအတွင်း သတင်းတုများဖြန့်ဝေခြင်း၊ အမုန်းစကားများပြန့်ပွားခြင်းတို့ကိုတိုက်ဖျက်ရန် အကြောင်းပြချက်ခေါင်းစဥ်ဖြင့် နီပေါနိုင်ငံတွင် WhatsApp၊ Facebook၊ Instagram၊ X၊ LinkedIn နှင့် YouTube အပါအဝင် ဆိုရှယ်မီဒီယာ ၂၆ မျိုးကို ပိတ်ပင်ခဲ့သည်။

သက်ရောက်မှုများ

[ပြင်ဆင်ရန်]

ဤဆန္ဒပြလှုပ်ရှားမှုများသည် နိုင်ငံတဝှမ်းတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေးပေါ်တွင် ပြောင်းလဲမှုများ ဖော်ဆောင် နိုင်ခဲ့ပြီး နောက်ဆက်တွဲတွင် နီပေါဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ (K. P. Sharma Oli ) အပါအဝင် အစိုးရအရာရှိအချို့သည် ရာထူးမှ နုတ်ထွက်ခဲ့ကြရသည်။

နောက်ဆက်တွဲ ဖြစ်စဉ်များ

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်

[ပြင်ဆင်ရန်]
  • နီပေါနိုင်ငံခတ္တမန္ဒုမြို့တွင် လူမှုကွန်ရက်များကို အစိုးရက ပိတ်ပင်ခြင်းအား Gen Z များ ဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြကြသည်။ထိုဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။[]
  • ဆန္ဒပြကြသူများသည် နီပေါလွှတ်တော် ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ကြသည်။ထိုဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုအတွင်း သေဆုံးသူများရှိခဲ့သည့်အတွက် ပြည်ထဲရေးဝန်ကြီး အပါအဝင် ဝန်ကြီး ၃ ဦး ရာထူးမှ နုတ်ထွက်သွားခဲ့ကြသည်။
  • နီပေါအစိုးရသည် သမ္မတအိမ်တော်နှင့် ဖက်ဒရယ်ပါလီမန်အပါအဝင် အစိုးရအဆောက်အအုံအားလုံး၏ ပတ်ဝန်းကျင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်

[ပြင်ဆင်ရန်]
  • နိုင်ငံတဝှမ်းရှိ အစိုးရနှင့် နိုင်ငံရေး အဆောက်အအုံများအား အကြမ်းဖက် မီးရှို့မှုများနှင့်အတူ လွှတ်တော်ရုံးအား ဝင်ရောက်စီးနင်းခြင်းတို့ဖြင့် လူထုဆန္ဒပြပွဲများသည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။[]ဖက်ဒရယ်ပါလီမန်အဆောက်အအုံသည် ဆန္ဒပြသူများ၏ ဝင်ရောက်စီးနင်းခံရခြင်းနှင့်အတူ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
  • နီပေါ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာဝန်ကြီး Prithvi Subba Gurung သည် ပြီးခဲ့သည့်တစ်ပတ်ကစတင်၍ ပိတ်ပင်ထားခဲ့သည့် ဆိုရှယ်မီဒီယာများအား ပိတ်ပင်ခဲ့မှု ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ကြေညာမှုနှင့်အတူ ပိတ်ပင်ထားခဲ့သည့် ဆိုရှယ်မီဒီယာ app များ အားလုံး နီပေါနိုင်ငံ တွင် ပြန်လည် အသုံးပြုခွင့်ရရှိခဲ့ကြသည်။[]
  • ဝန်ကြီးချုပ်ဟောင်း ဂျာလာ နာ့သ် ခါနယ် ၏ ဇနီးဖြစ်သူ ရာဘီ လက္ချမီ ချီတရာကား သည် ၎င်းတို့၏ နေအိမ်ကို မီးရှို့တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့ရသည်။
  • နိုင်ငံခြားရေးဝန်ကြီး အာဇူး ရာနာ ဒူဘာ နှင့် ၎င်း၏ခင်ပွန်း ဝန်ကြီးချုပ်ဟောင်း ရှာ ဘဟာဒူး ဒူဘာ တို့သည် ၎င်းတို့၏ နေအိမ်တွင် တိုက်ခိုက်ခံခဲ့ရသည်။
  • ဘဏ္ဍာရေးဝန်ကြီး ဘီရှနူး ပရာဆတ် ပေါဒယ် သည် ခတ္တမန္ဒူမြို့၏ လမ်းမများပေါ်တွင် ဆန္ဒပြသူများ၏ ရိုက်နှက်ဆွဲခေါ်သွားခြင်းကို ခံခဲ့ရပြီး၊ နောက်ဆုံးအခြေအနေကိုမူ မသိရသေးပေ။
  • သမ္မတ ရမ် ချန်ဒရာ ပေါဒယ် ၏ ကိုယ်ပိုင်နေအိမ်သည်လည်း ဆန္ဒပြသူများ၏ ဝင်ရောက်စီးနင်း ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အပြင် နီပေါကွန်မြူနစ်ပါတီ (UML) နှင့် နီပေါကွန်ဂရက်ပါတီတို့၏ ဌာနချုပ်များမှာလည်း ဖျက်ဆီးခံခဲ့ရသည်။
  • ဘာဂမာတီပြည်နယ်၊ လာလစ်ပူခရိုင်ရှိ နာခူအကျဉ်းထောင်ကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းခဲ့ကြသည်။ဤစီးနင်းမှုတွင် ထင်ရှားသည့် အတိုက်အခံခေါင်းဆောင် ရာဘီ လာမီချာနီ အပါအဝင် အကျဉ်းသားအားလုံး လွတ်မြောက်ခဲ့သည်။ အကျဉ်းထောင်သည် မီးရှို့ခံခဲ့ရသည်။
  • နိုင်ငံအတွင်း ရှုပ်ထွေးနေမှုများကြောင့် ခတ္တမန္ဒူမြို့၏ ထရီဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ် သည် ယာယီ ပိတ်ထားရကာ လေကြောင်းလိုင်းအများအပြားလည်း နီပေါနိုင်ငံသို့ ပျံသန်းမှုများကို ဆိုင်းငံ့ထားကြသည်။နီပေါစစ်တပ်သည် လေဆိပ်ကို ထိန်းချုပ်လိုက်သည်။
  • နီပေါ ဝန်ကြီးချုပ် K. P. Sharma Oli နှင့်အတူ အခြားသော အစိုးရဝန်ကြီး အများအပြားသည် ရာထူးမှ တရားဝင် နုတ်ထွက်ခဲ့ကြသည်။[၁၀]ဤသို့ဖြင့် နီပေါအစိုးရအဖွဲ့သည် ပြုတ်ကျသွားသည်။နီပေါအစိုးရ ပြုတ်ကျပြီးနောက် မြို့တော် ခတ္တမန္ဒုမြို့၏ လုံခြုံရေးကို စစ်တပ်သည် လွှဲယူခဲ့သည်။
  • နီပေါစစ်တပ် အကြီးအကဲ Ashok Raj Sigdel သည် ဆန္ဒပြသေဆုံးသူများအတွက် ဝမ်းနည်းစကား ပြောကြားသည်။ယင်းအပြင် ဆန္ဒပြပွဲ အစီအစဉ်များအား ရပ်တန့်ကြရန် နှင့် စကားဝိုင်းတွင် ပါဝင်ညှိနှိုင်း ဆွေးနွေးကြရေး တောင်းဆိုခဲ့သည်။[၁၁]

    “လက်ရှိ ခက်ခဲနေတဲ့ အခြေအနေတွေကို ဖြေလျှော့ဖို့၊ နိုင်ငံတော်အမွေအနှစ်တွေ၊ အများပိုင်နဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ၊သံတမန်ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို လုံခြုံမှုပေးဆောင်ဖို့ အဓိက ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်ကို ဒီအခြေအနေဆိုးကနေ ငြိမ်းချမ်းစွာ ရုန်းထွက်နိုင်ရေးအတွက် ဆန္ဒပြမယ့် အစီအစဉ်တွေကို ဖျက်သိမ်းပေးဖို့နဲ့ ပါဝင်ဆွေးနွေးကြဖို့တွေကို တောင်းဆိုချင်ပါတယ်။”

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၀ ရက်

[ပြင်ဆင်ရန်]
  • နံနက်အစောပိုင်းတွင် နိုင်ငံ၏မြို့တော် ခတ္တမန္ဒုမြို့ ၏ အရေးကြီးနေရာများကို စစ်တပ်က ထိန်းချုပ်လိုက်ပြီး၊ ဆန္ဒပြပွဲများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။[၁၂]စစ်တပ်အကြီးအကဲသည် ဆန္ဒပြပွဲပြုလုပ်နေသူများအား ငြိမ်းချမ်းစွာ လုပ်ဆောင်ကြရန် အကြံပေးစကားပြောကြားခဲ့သော်လည်း ဆန္ဒပြပွဲများသည် ဆက်လက်ဖြစ်ပွားခဲ့သည်။[၁၃]ဆန္ဒပြသူများသည် နိုင်ငံပိုင်ရုံးများနှင့် အစိုးရအရာရှိများ၏ နေအိမ်များအား ဝင်ရောက်တိုက်ခိုက်ကြသည်။ လက်နက်များ ခိုးယူခံရသည့်သတင်းများလည်း ဗီဒီယိုဖိုင် နှင့်အတူ ပြန့်နှံ့ခဲ့သည်။
  • နီပေါနိုင်ငံရှိ အကျဉ်းထောင်များ ထောင်ဖောက်မှုနှင့်အတူ အကျဥ်းသား ၁၃,၅၀၀ ကျော် သည်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။[၁၄]
  • နီပေါနိုင်ငံရေး အကျပ်အတည်းကြား၌ လက်ရှိ ၁၅ ဦးမြောက် ခတ္တမန္ဒုမြို့ မြို့တော်ဝန် ရက်ပ်သီချင်းများသီဆိုသည့် ဘာလန်ဒရာရှားသည် ကြားဖြတ်အစိုးရတရပ်အား ကိုယ်စားပြုရန် လူငယ်များအကြား ရေပန်းစားနေခဲ့သည်။တစ်ဖက်တွင်လည်း ဆန္ဒပြလူငယ်များသည် နီပေါနိုင်ငံ၏တရားသူကြီးချုပ်ဟောင်း ဆုရှီလာ ကာ့ရ်ကီ အား ကြားဖြတ်အစိုးရ အား ဦးဆောင်လိုခဲ့ကြသည်။
  • ညနေပိုင်းတွင် နီပေါ စစ်ဦးစီးချုပ် အရွှတ် ရာ့ဂျ် ဆစ်ဂ်ဒယ်လ် နှင့် Gen Z ဆန္ဒပြအင်အားစုများ၏ ကိုယ်စားလှယ်များ စစ်ရုံးချုပ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ သက်ဆိုင်သူများနှင့် တိုင်ပင်ညှိနှိုင်းခဲ့သည့်အကြောင်းအားလည်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က နိုင်ငံအား သတင်းထုတ်ပြန်ပေးခဲ့သည်။ Gen Z ကိုယ်စားလှယ်များ နီပေါ စစ်ရုံးချုပ် ၌ စုဝေးညှိနှိုင်းကြစဥ် တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာ့ရ်ကီ ကိုသာ ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီး ကြားဖြတ်အစိုးရဖွဲ့ပေးပေးရန် နှင့် လွှတ်တော်ဖျက်သိမ်းရေးသာ အဓိကထား သဘောတူ ဆွေးနွေးနိုင်ခဲ့ကြသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၁

[ပြင်ဆင်ရန်]
  • နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများသည် ရပ်တန့်ခြင်း မရှိသေးဘဲ ဆက်လက် ရှိနေကြသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂

[ပြင်ဆင်ရန်]
  • ညနေပိုင်းတွင် နီပေါနိုင်ငံ၏တရားသူကြီးချုပ်ဟောင်း ဆုရှီလာ ကာ့ရ်ကီ သည် ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ ၏ စက်တင်ဘာ ၉ ရက် နုတ်ထွက်မှုအပြီး ကြားဖြတ်အစိုးရဝန်ကြီးချုပ်အဖြစ် သမ္မတ ရာမစန္ဒြ ပေါ်ဍေလအပါအဝင်၊ နိုင်ငံခြားသံတမန်များနှင့် အခြားသူများ၏ရှေ့မှောက်တွင် ကြားဖြတ်အစိုးရဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
  • ကာ့ရ်ကီ နှင့် ၎င်း၏ ကြားဖြတ်အစိုးရသည် ဝန်ကြီးဌာနများအားလုံးကို ကိုင်တွယ်မည်ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကို ခြောက်လအတွင်း(၂၀၂၆ ခုနှစ်၊မတ် ၅ရက်) ကျင်းပပေးမည်ဖြစ်ကြောင်း နိုင်ငံကို ကတိပြုခဲ့ကြသည်။[၁၅]
  • နီပေါ ဒေသစံတော်ချိန် ည ၁၁း၀၀ နာရီမှစ၍ နီပေါနိုင်ငံ၏ အောက်လွှတ်တော် ကို ဖျက်သိမ်းခဲ့သည်။
  • နီပေါဆန္ဒပြမှုအတွင်း ဆန္ဒပြသူ ၂၁ ဦး၊ အကျဉ်းသား ၉ ဦး၊ ရဲအရာရှိ ၃ ဦးနှင့် အခြား ၁၈ ဦး အပါအဝင် သေဆုံးသူ ၅၁ ဦးအထိရှိခဲ့သည်။ တနိုင်ငံလုံးတွင် လူပေါင်း ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃

[ပြင်ဆင်ရန်]
  • နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများသည် လျော့နည်းလာကာ ရပ်တန့်သွားခဲ့သည်။မြို့တော် ခတ္တမန္ဒူဧရိယာတွင် ညမထွက်ရအမိန့်ကို ပြန်လည် ရုတ်သိမ်းခဲ့သည်။[၁၆]ဝန်ကြီးချုပ် ကာ့ရ်ကီ သည် ဒဏ်ရာရ ဆန္ဒပြသူများအား ဆေးရုံများသို့ သွားရောက် သတင်းမေးခဲ့သည်။[၁၇] မွန်းလွဲပိုင်းတွင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိခဲ့သည်။[၁၈]

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄

[ပြင်ဆင်ရန်]
  • နီပေါနိုင်ငံ သမ္မတ ရာမစန္ဒြ ပေါ်ဍေလ သည် အသစ်ဖွဲ့စည်းခဲ့သည့် ကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ဆုရှီလာ ကာ့ရ်ကီ ၏ အစိုးရအဖွဲ့ ပထမဆုံးဝန်ကြီးသုံးဦးကို ကျမ်းသစ္စာကျိန်ဆိုမှုပြုလုပ်စေခြင်းဖြင့် ခတ္တမန္ဒူမြို့ရှိ သမ္မတရုံးခန်း တွင် ခန့်အပ်ခဲ့သည်။ဘဏ္ဍာရေးဌာနအတွင်းရေးမှူးဟောင်း Rameshore Prasad Khanal သည် ဘဏ္ဍာရေးဝန်ကြီးဖြစ်လာခဲ့ပြီး၊ နီပေါ လျှပ်စစ်အာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း Kulman Ghising သည် စွမ်းအင်၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြို့ပြဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာနများ၏ဝန်ကြီးအဖြစ် လည်းကောင်း၊ခတ္တမန္ဒူ မြို့တော်ဝန်၏ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည့် ရှေ့နေ Om Prakash Aryal သည် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာနှင့်လွှတ်တော်ဆိုင်ရာကိစ္စရပ်များဝန်ကြီးဌာနများကို ဦးဆောင်ခဲ့သည်။[၁၉]



ကိုးကား

[ပြင်ဆင်ရန်]
  1. "Nepal PM Oli resigns after violent anti-corruption protests, his aide says" (in en)၊ Reuters၊ 2025-09-09။
  2. "Nepal parliament set on fire after PM resigns over anti-corruption protests"၊ BBC၊ 9 September 2025။
  3. "The Nepalese government has lifted the ban on social media"၊ The Guardian၊ 2025-09-09။
  4. Nepal Army to take charge after PM, key ministers resign as protests spiral (2025-09-09)။ 2025-09-09 တွင် ပြန်စစ်ပြီး။
  5. Updated: 19 dead, over 300 injured in Gen Z protests nationwide (2025-09-08)။ 2025-09-09 တွင် ပြန်စစ်ပြီး။
  6. 19 dead in Gen Z protests across Nepal (8 September 2025)။
  7. နီပေါ၌ လူမှုမီဒီယာပိတ်ပင်မှုနှင့် အကျင့်ပျက်ခြစားမှုအပေါ် ဆန္ဒပြမှုအတွင်း လူ ၁၉ ဦးထက်မနည်း သေဆုံး Mizzima Burmese (၉ စက်တင်ဘာ ၂၀၂၅)။ ၁၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. Protesters torch Nepal parliament as PM resigns amid turmoil ALGASEERA (9 Sep 2025)။ 10 Sep 2025 တွင် ပြန်စစ်ပြီး။
  9. နီပေါဆန္ဒပြမှုများအတွင်း လူ ၁၉ ဦး သေဆုံးခဲ့ပြီးနောက် အစိုးရက ဆိုရှယ်မီဒီယာ ၂၆ မျိုးပိတ်ပင်ထားမှုကို ပြန်ရုပ်သိမ်း Eleven Media (၉ စက်တင်ဘာ ၂၀၂၅)။ ၁၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  10. ဆန္ဒပြပွဲများ အရှိန်မြင့်လာပြီးနောက် နီပေါဝန်ကြီးချုပ် နုတ်ထွက် DVB (၉ စက်တင်ဘာ ၂၀၂၅)။ ၁၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  11. ဆန္ဒပြပွဲ ရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းရန် နီပေါစစ်တပ်အကြီးအကဲ တောင်းဆို DVB (၁၀ စက်တင်ဘာ ၂၀၂၅)။ ၁၀ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  12. The National Independent [NationalIndNews] (9 September 2025)။ #BREAKING #Nepal The Nepal Army has deployed nationwide following the regime's collapse, launching security operations to restore order. Military patrols are now positioned in key areas as forces move to reassert control amid widespread unrest. 9 September 2025 တွင် ပြန်စစ်ပြီး။
  13. War Noir [war_noir] (9 September 2025)။ #Nepal 🇳🇵: "Nepali Army" reportedly deployed and arrested several protesters who were looting government buildings in #Kathmandu. Nepali Forces seemingly armed with M16A1 (Colt 603) assault rifles, Sterling L2A3 (MK4) submachine guns and possible IMI Galil AR(M) rifles. 9 September 2025 တွင် ပြန်စစ်ပြီး။
  14. More than 13,500 prisoners escaped jails during Nepal protests: Police (in en)။ 2025-09-10 တွင် ပြန်စစ်ပြီး။
  15. တရားသူကြီးချုပ်ဟောင်း စူရှီလာကာကီ နီပေါ ကြားဖြတ်အစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆင်ဟွာသတင်း (၁၃ စက်တင်ဘာ ၂၀၂၅)။ ၁၇ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  16. Gurubacharya၊ Binaj။ "Curfew is lifted and calm returns to Nepal in wake of mass protests that killed at least 51 people"၊ AP News၊ 13 September 2025။
  17. "Nepal returns to calm as first woman PM takes charge, visits wounded"၊ France 24၊ 13 September 2025။
  18. Vaid၊ Dharvi။ "Nepal: First woman PM takes charge, calm returns to streets"၊ Deutsche Welle၊ 13 September 2025။
  19. နီပေါနိုင်ငံကြားဖြတ်အစိုးရ ပထမဆုံးဝန်ကြီးသုံးဦး ကျမ်းသစ္စာကျိန်ဆို ဆင်ဟွာသတင်း (၁၆ စက်တင်ဘာ ၂၀၂၅)။ ၁၇ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။