မာတိကာသို့ ခုန်သွားရန်

၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဉ်

ဝီကီပီးဒီးယား မှ
၂၀၂၅ ခုနှစ် ဂါဇာငြိမ်းချမ်းရေးအစီအစဉ်
အကြောင်းအရာဂါဇာ-အစ္စရေး ပဋိပက္ခ အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးအစီအစဥ်
မူကြမ်းရေးဆွဲသည့် နေ့စွဲစက်တင်ဘာ ၂၉၊ ၂၀၂၅ (၂၀၂၅-၀၉-၂၉)
လက်မှတ်ရေးထိုးသည့် နေ့စွဲအောက်တိုဘာ ၉၊ ၂၀၂၅ (၂၀၂၅-၁၀-၀၉)
အသက်ဝင်သည့် နေ့စွဲအောက်တိုဘာ ၁၀၊ ၂၀၂၅ (၂၀၂၅-၁၀-၁၀)
ဖျန်ဖြေပေးသူများ
အဖွဲ့ဝင်များ

၂၀၂၅ ခုနှစ် ဂါဇာငြိမ်းချမ်းရေးအစီအစဉ် သည် ၂၀၂၅ စက်တင်ဘာ ၂၉ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အိမ်ဖြူတော်၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ကြေညာခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်သည် ဂါဇာ - အစ္စရေး ပဋိပက္ခ နှင့် ဆက်စပ်သည့် အကြောင်းအရာများအပေါ် အခြေခံ၍ တည်ဆောက်ထားပြီး၊ အချက်အလက် ၂၀ ချက်ပါဝင်သည်။ဂါဇာစစ်ပွဲ အပြီးတိုင် အဆုံးသတ်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်အဖြစ် နိုင်ငံတကာက ရှုမြင်ထောက်ခံကြသည်။

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

ဟားမတ်စ်တို့သည် ဂါဇာကမ်းမြောင်ဒေသကို ၂၀၀၇ ခုနှစ်တွင် သိမ်းပိုက်ပြီးနောက်တွင် အစ္စရေးနှင့် ထပ်ခါတလဲလဲ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ခဲ့ကြသည်။ထိုထိပ်တိုက်တွေ့ဆုံမှုများသည် ကြီးမားသည့် ပဋိပက္ခအဖြစ်သို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် တွင် ကူးပြောင်းသွားခဲ့သည်။

၂၀၂၃ အောက်တိုဘာ ၇ ရက် တွင် ဟားမတ်စ်အဖွဲ့ သည် နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးနိုင်ငံ၊တောင်ပိုင်းသို့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ပြီးနောက်၊အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြောင် တွင် အစ္စရေး-ပါလက်စတိုင်း သမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံးစစ်ပွဲကြီး စတင်ဖြစ်ပွားခဲ့သည်။ထို အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံတောင်ပိုင်းရှိ လူနေရပ်ကွက်များ၊ဂီတဖျော်ဖြေပွဲ (၂)ခု၊အစ္စရေးရဲဌာန၊စစ်အခြေစိုက်စခန်း နှင့် နယ်စပ်ဂိတ်များပါဝင်ခဲ့ပြီး၊ အစ္စရေးပြည်သူ လူ ၁၂၀၀ ခန့်သေဆုံးခဲ့ကာ၊ ၂၅၁ ဦး သည် ဓါးစာခံများအဖြစ် ဖမ်းဆီးခံခဲ့ရသည်။[]

၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွင် အစ္စရေးနိုင်ငံသည် ဟားမတ်စ်အဖွဲ့ ကို တရားဝင်စစ်ကြေညာပြီး အပြင်းထန်ဆုံးချေမှုန်းမှုကို ပြုလုပ်ခဲ့သည်။ထိုကဲ့သို့ စစ်ကြေညာမှုသည် ၁၉၇၃ ခုနှစ် နောက်ပိုင်း ပထမဦးဆုံးစစ်ကြေညာမှု ဖြစ်ခဲ့သည်။

အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသ အား မြေပြင်ထိုးစစ်ကိုပါ ပြုလုပ်ခဲ့၍၊ဒေသတစ်ခုလုံး စစ်မီးတောက်လောင်ခဲ့ရသည်။[]

၂၀၂၅ ခုနှစ်၊ဇန်နဝါရီတွင် ဂါဇာကျန်းမာရေးဝန်ကြီးဌာန သည် အစ္စရေး- ဟားမတ်စ် တိုက်ပွဲကြောင့် ပါလက်စတိုင်း၌ သေဆုံးရသူဦးရေ ၄၆၀၀၀ ကျော်သွားပြီဟု ကြေညာခဲ့သည်။ထိုအရေအတွက်သည် ၂၀၂၃ အောက်တိုဘာ စစ်ပွဲစတင်ချိန်ကစပြီး သေဆုံးခဲ့ရသည့် အရေအတွက်ဖြစ်သည်။[]

ပဋိပက္ခပြေငြိမ်းရေးကြိုးပမ်းမှုများ

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၅ ခုနှစ်အစောပိုင်းတို့တွင် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ပြိုပျက်သွားခဲ့ပြီး၊၂၀၂၅ ခုနှစ် မတ်လတွင် အစ္စရေး၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုဖြင့် တိုက်ပွဲများသည် ပြန်လည် ပိုမိုပြင်းထန်လာခဲ့ပြန်သည်။ထို့အပြင် ၂၀၂၅ ခုနှစ်၊ဩဂုတ် အစ္စရေးဝန်ကြီးချုပ်၏ ဂါဇာမြို့သိမ်းရေးအစီအစဥ်ကြေညာမှုသည်လည်း ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေခဲ့သည်။[]

တစ်ဖက်တွင်လည်း ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ အီတလီ၊ စပိန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီဂျစ်၊ တူရကီ၊ ကာတာ၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ဗြိတိန်တို့ အပါအဝင် ကမ္ဘာ့နိုင်ငံများစွာ၏ ပံ့ပိုးကူညီမှုဖြင့် အပစ်ရပ်ရေး ညှိနှိုင်းဆွေးနွေးရေး အစီအစဉ်သည် ရှေ့ဆက်သွားနေခဲ့သည်။

အိမ်ဖြူတော်၏အဆိုပြုမှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ

[ပြင်ဆင်ရန်]

အိမ်ဖြူတော် သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့တွင် ဂါဇာ၌ နှစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန်၊ ဟားမတ်စ် လက်တွင်းရှိ ဓားစာခံ များကို ကယ်တင်ရန် အပါအဝင်၊ ပါလက်စတိုင်းနယ်မြေ၏ အနာဂတ်ကို ပုံဖော်ရန် ကူညီပေးနိုင်မည့် အချက် ၂၀ ပါ အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုအစီအစဉ်သည် အစ္စရေးအပါအဝင် နိုင်ငံများစွာ၏ ထောက်ခံမှု ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ဟားမတ်စ်တို့အနေဖြင့် ယခုအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက် နောက်ဆုံးထားလက်ခံရန် နှင့် လက်မခံလျှင် ပြင်းထန်သည့် အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု ဖိအားပေးခြိမ်းခြောက်ခဲ့သည်။

၂၀၂၅ ဂါဇာ ငြိမ်းချမ်းရေးအစီအစဥ် တွင် ပါဝင်သည့် အချက် (၂၀) မှာ အောက်ပါအတိုင်းဖြစ်သည်။

နံပါတ်စဥ်အကြောင်းအရာ
၁။ဂါဇာသည် "စွန်းစားမှုကင်းသော ဒေသ" (de-extremist zone) အဖြစ် ပြောင်းလဲသွားမည် ဖြစ်ပြီး အနီးအနားရှိ အိမ်နီးချင်းနိုင်ငံများအတွက် ဘေးအန္တရာယ် မဖြစ်စေရ။
၂။

 များစွာခံစားခဲ့ရသော ပြည်သူများ၏ အကျိုးအတွက် ဂါဇာကို ပြန်လည်တည်ဆောက်သွားမည်။

၃။ အစ္စရေးနှင့် ဟားမတ်စ် တို့သည် ထိုအဆိုပြုချက်ကို လက်ခံပါက တိုက်ခိုက်မှုများ ချက်ချင်းရပ်စဲသွားမည်။ အစ္စရေးတပ်များသည် ဓားစာခံများ လွှဲပြောင်းရေးအတွက် သဘော တူညီထားသောနေရာများသို့ ဆုတ်ခွာသွားမည်ဖြစ်ကာ၊ ယင်းကာလအတွင်း စစ်ရေးဆိုင်ရာဆောင်ရွက်မှု အားလုံး ရပ်စဲထားမည့်အပြင်၊ အဆင့်ဆင့်ဆုတ်ခွာမှု ပြီးဆုံးသည်အထိ ရှေ့တန်း စစ်မျက်နှာကို ရပ်ဆိုင်းထားမည်။
၄။   အစ္စရေးက သဘောတူညီချက်ကို လူသိရှင်ကြား လက်ခံပြီးနောက် ဟားမတ်စ်တို့သည် ၇၂ နာရီ အတွင်း အသက်ရှင်နေသူများ၊ သေဆုံးသူများ အပါအဝင် ဓားစာခံအားလုံးကို ပြန်လည် ပေးအပ်ရမည်။
၅။ အစ္စရေးသည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား ၂၅၀ ဦးကို လွှတ်ပေးမည်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုအပြီး ဖမ်းဆီးခံထားရသည့် ဂါဇာဒေသခံ ၁,၇၀၀ ဦး၊ ထိုအချိန်က ဖမ်းဆီးထား သည့် မိန်းကလေးများနှင့် ကလေးသူငယ်အားလုံးကိုပါ လွှတ်ပေးမည်။ အစ္စရေး ဓားစာခံ များ၏ ခန္ဓာကိုယ်တစ်ခုစီအတွက် သေဆုံးသွားသည့် ဂါဇာဒေသခံ ၁၅ ဦး၏ အလောင်းကို ပြန်လည်ပေးအပ်မည်။
၆။   ဓားစာခံများ လဲလှယ်မှု ပြီးဆုံးသွားပါက ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် လက်နက်စွန့်လွှတ်ရန် ကတိပြုထားသော ဟားမတ်စ် အဖွဲ့ဝင်များအား လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်မည်။ ဂါဇာမှ ထွက်ခွာလိုသူများအား ၎င်းတို့ကို လက်ခံမည့် နိုင်ငံများသို့ ဘေးကင်းလုံခြုံစွာ ထွက်ခွာခွင့် အာမခံချက်ပေးမည်။
၇။   ထိုသဘောတူညီချက်ကို အတည်ပြုပြီးသည်နှင့် ချက်ချင်း ဂါဇာသို့ အကူအညီများ ပို့ဆောင် ပေးမည်။ ပို့ဆောင်မည့် ကုန်ပစ္စည်းပမာဏအနည်းဆုံးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က လူသားချင်းစာနာထောက်ထားရေး အကူအညီ သဘောတူညီချက်တွင် သတ်မှတ် ထားသည့် ပမာဏနှင့် ညီမျှမည်ဖြစ်ပြီး အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက် ခြင်း၊ ဆေးရုံများနှင့် ဈေးဆိုင်များ ပြင်ဆင်ခြင်းနှင့် အမှိုက်သရိုက်ရှင်းလင်းရန်နှင့် လမ်းများ ပြန်ဖွင့်ရန် လိုအပ်သော စက်ကိရိယာများ ပေးပို့ခြင်းတို့ ပါဝင်မည်။
၈။   အကူအညီများ ပို့ဆောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းကို ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ကြက်ခြေနီအသင်းတို့အပြင် မည်သည့်အဖွဲ့အစည်းနှင့်မျှ မသက်ဆိုင်သော အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ယူဆောင်ရွက်မည်။ ရာဖာနယ်စပ် နှစ်ဘက် ဖွင့်လှစ်ခြင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က သဘောတူညီချက်တွင် အသုံးပြုခဲ့သည့် စနစ်အတိုင်း လိုက်နာဆောင်ရွက်မည်။
၉။   ဂါဇာကို ယာယီအစိုးရတစ်ရပ်က အုပ်ချုပ်မည်ဖြစ်ပြီး နည်းပညာရှင်များဖြင့်ဖွဲ့စည်းထားသော၊ နိုင်ငံရေးမဟုတ်သည့် ပါလက်စတိုင်းကော်မတီတစ်ရပ်က ဂါဇာပြည်သူများအတွက် နေ့စဉ်ဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်ရန် တာဝန်ရှိမည်။ ကော်မတီတွင် အရည်အချင်း ပြည့်မီသော ပါလက်စတိုင်းနှင့် နိုင်ငံတကာကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်ပြီး Peace Council (ငြိမ်းချမ်းရေးကောင်စီ) အမည်ရှိ နိုင်ငံတကာ ကူးပြောင်းရေးကာလ အဖွဲ့အသစ်၏ ကြီးကြပ်မှုအောက်တွင် လည်ပတ်မည်။ ငြိမ်းချမ်းရေးကောင်စီကို သမ္မတ ထရမ့်က ဦးဆောင်ပြီး၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ အား ၎င်း၏အဖွဲ့ဝင်တစ်ဦးအဖြစ် ဖော်ပြသည်။

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့သည် သမ္မတထရမ့်၏ ၂၀၂၀ ငြိမ်းချမ်းရေးအစီအစဉ်နှင့် ဆော်ဒီ-ပြင်သစ် အဆိုပြုချက်ကဲ့သို့သော အဆိုပြုချက်များတွင် ဖော်ပြထားသည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ပြီးဆုံးအောင်လုပ်ပြီးနောက် ဂါဇာကို ဘေးကင်းစွာနှင့် ထိရောက်စွာအုပ်ချုပ်နိုင်သည်အထိ ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် တရားဝင်ဘဏ္ဍာရေးဆိုင်ရာ မူဘောင်တစ်ရပ်ကို ပါလက်စတိုင်း နည်းပညာရှင်ကော်မတီမှ ချမှတ်ပေးမည်။ ငြိမ်းချမ်းရေး ကောင်စီသည် "ဂါဇာပြည်သူများအား ဝန်ဆောင်မှုပေးပြီး ရင်းနှီးမြှုပ်နှံမှုကို လွယ်ကူချောမွေ့ စေမည့် ခေတ်မီထိရောက်သော အုပ်ချုပ်ရေးယန္တရားတစ်ရပ် တည်ဆောက်ရန်" ဦးဆောင် နိုင်ငံတကာ စံနှုန်းများကို အသုံးပြုမည်။

၁၀။ ဂါဇာကို ပြန်လည်တည်ဆောက်ရန်နှင့် မြှင့်တင်ရန် ထရမ့်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို "အရှေ့အလယ်ပိုင်းရှိ ချမ်းသာကြွယ်ဝသော ခေတ်မီမြို့ပြများစွာ တည်ဆောက် ရာတွင် ပါဝင်ခဲ့သူများဖြင့်ဖွဲ့စည်းထားသည့် ကျွမ်းကျင်သူများအဖွဲ့" ကို ခေါ်ယူပြီး တည်ဆောက်မည်။
၁၁။ အခွန်အခ သက်သာခွင့်များနှင့် ဈေးကွက်သို့ဝင်ရောက်ခွင့်ရှိသော အထူးစီးပွားရေးဇုန်တစ်ခု ထူထောင်မည်။ ၎င်းကို ပါဝင်သည့်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်။
၁၂။  နေထိုင်သူအားလုံးသည် ဆန္ဒရှိပါက ဂါဇာမှထွက်ခွာခွင့်နှင့် ဂါဇာသို့ပြန်လာခွင့် ရှိသည်။ အစီအစဉ်သည် နေထိုင်သူများအား ဆက်လက်နေထိုင်ရန် အားပေးလျက် "ပိုမိုကောင်းမွန် သော ဂါဇာ" တည်ဆောက်ရန် အခွင့်အလမ်းကို ကတိပေးထားသည်။
၁၃။   ဟားမတ်စ် နှင့် အခြားအုပ်စုများသည် ဂါဇာအုပ်ချုပ်ရေးတွင် သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ပါဝင်ခွင့်ရှိမည်မဟုတ်။ ဥမင်လိုဏ်ခေါင်းများနှင့် လက်နက် စက်ရုံများ အပါအဝင် စစ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံအားလုံးကို ဖျက်ဆီးမည်။ လက်နက် ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို လွတ်လပ်သော အဖွဲ့အစည်းများက ကြီးကြပ်မည်။ "New Gaza" (ဂါဇာအသစ်) သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးကို ဆက်လက်ထိန်းသိမ်းသွားမည်။
၁၄။   ဒေသတွင်းမဟာမိတ်များသည် ဟားမတ်စ် နှင့် ၎င်း၏အုပ်စုများက ၎င်းတို့၏တာဝန်ဝတ္တရား များကို အပြည့်အဝအကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် "ဂါဇာအသစ်" သည် ၎င်း၏ အိမ်နီးချင်းများအတွက် ဘေးအန္တရာယ်မဖြစ်စေရန် အာမခံချက်ပေးမည်။
၁၅။အမေရိကန်သည် ဂါဇာတွင် တပ်စွဲတပ်ဖြန့်ရန် ယာယီအပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေး တပ်ဖွဲ့ (ISF) တစ်ရပ်ထူထောင်ရန် အာရပ်နှင့် အပြည်ပြည်ဆိုင်ရာ မဟာမိတ်များနှင့် ညှိနှိုင်း ဆောင်ရွက်မည်။ ISF သည် ပါလက်စတိုင်းရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးပြီး ကူညီဆောင်ရွက် ပေးမည်ဖြစ်ကာ ထိုနယ်ပယ်တွင် အတွေ့အကြုံရှိသော ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံတို့နှင့် တိုင်ပင် ညှိနှိုင်းမည်။ ပါလက်စတိုင်းရဲတပ်ဖွဲ့သည် ရေရှည်ပြည်တွင်းလုံခြုံရေး အဖြေတစ်ရပ်ဖြစ်လာ မည်။

ISF သည် နယ်စပ်ဒေသများကာကွယ်ရန်၊ ဂါဇာသို့ လက်နက်များ တရားမဝင်သယ်ဆောင်ခြင်း မပြုနိုင်ရေးနှင့် ဂါဇာ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကုန်ပစ္စည်းများ မြန်ဆန်ချောမွေ့စွာ စီးဆင်းနိုင်ရေး သေချာစေရန်အတွက် ပါလက်စတိုင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အစ္စရေးနှင့် အီဂျစ်တို့နှင့် ညှိနှိုင်းဆောင်ရွက်မည်။

၁၆။အစ္စရေးသည် ဂါဇာကို သိမ်းပိုက်မည်မဟုတ်သကဲ့သို့ ပေါင်းစည်းမည်လည်းမဟုတ်ပေ။ ISF ထိန်းချုပ်မှု စတင်တည်ထောင်ပြီး အခြေအနေများ တည်ငြိမ်သွားပါက အစ္စရေး ကာကွယ်ရေး တပ်မတော် (IDF) သည် IDF ၊ ISF ၊ အာမခံနိုင်ငံများနှင့် အမေရိကန်တို့ကြား သဘောတူညီ ထားသော စံနှုန်းများ၊ အချိန်ကာလများနှင့် လက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်အရ ဆုတ်ခွာ သွားမည်။ လက်တွေ့တွင်၊ IDF သည် ဂါဇာလုံခြုံသည်အထိ လုံခြုံရေးဇုန်တစ်ခုသာ ထားရှိ လျက် ကူးပြောင်းရေးအာဏာပိုင်အရ မိမိတို့ထိန်းချုပ်ထားသော နယ်မြေကို ISF သို့ အဆင့်ဆင့် လွှဲပြောင်းပေးသွားမည်။
၁၇။ အကယ်၍ ဟားမတ်စ်သည် ထိုအဆိုပြုချက်ကို ရွှေ့ဆိုင်းပါက သို့မဟုတ် ငြင်းပယ်ပါက အထက် ဖော်ပြပါ အဆင့်များကို IDF မှ ISF သို့ လွှဲပြောင်းပေးအပ်သော ဟားမတ်စ် မဟုတ်သည့် နယ်မြေ များတွင် ဆောင်ရွက်သွားမည်။
၁၈။ပါလက်စတိုင်းနိုင်ငံသားများနှင့် အစ္စရေးနိုင်ငံသားများ၏ အမြင်များနှင့် သဘောထားများကို ပြောင်းလဲရန်နှင့် ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးများကို မီးမောင်းထိုးပြရန်အတွက် သည်းခံမှု စိတ်ဓာတ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဘောင်အပေါ်အခြေခံသည့် ဘာသာရေးခြားနားချက်များ ဆွေးနွေးမှုအစီအစဉ်တစ်ရပ်ကို စတင်မည်။
၁၉။ဂါဇာ ပြန်လည်တည်ဆောက်ရေး တိုးတက်လာပြီး ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စနစ်တကျ အကောင်အထည်ဖော်သည့်အခါ"ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပါလက်စတိုင်းနိုင်ငံတော်ဖြစ်မှုဆီသို့ ယုံကြည်စိတ်ချရသော လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်ရန်" အခြေအနေများ ဖန်တီးနိုင်မည်။
၂၀။ငြိမ်းချမ်းပြီး သာယာဝပြောသော အတူယှဉ်တွဲနေထိုင်ရေး အတွက် နိုင်ငံရေးရည်မှန်းချက်ကို သဘောတူညီရန် အမေရိကန်သည် အစ္စရေးနှင့် ပါလက်စတိုင်းအကြား ဆွေးနွေးမှုတစ်ရပ် စတင်မည်။

အဆိုပြုချက်အပေါ် တုန့်ပြန်ဆောင်ရွက်မှုများ

[ပြင်ဆင်ရန်]

ထရမ့်အစီအစဥ်ကို သတ်မှတ်ထားသည့် နောက်ဆုံးရက်ဖြစ်သည့် အောက်တိုဘာ ၅ ရက် မတိုင်မီ ဟားမတ်စ်အဖွဲ့သည် ငြိမ်းချမ်းရေးအတွက် ၎င်းတို့ အသင့်ဖြစ်နေပြီဆိုသည့်အကြောင်း ပြောဆို လက်ခံခဲ့သည်။[]၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၆ ရက် တွင် ကြားဝင်ညှိနှိုင်းပေးသူများမှတဆင့် ဟားမတ်စ်အဖွဲ့ နှင့် အစ္စရေးတို့ကြား တိုက်ရိုက်မဟုတ်သည့် ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံ၊Sharm El-Sheikhမြို့တွင် စတင် ပြုလုပ်ခဲ့ကြသည်။[]

ဆွေးနွေးပွဲတွင် ဟားမာ့စ် ကိုယ်စားလှယ်အဖွဲ့ကို အကြီးအကဲ Khalil al-Hayya က ဦးဆောင်ပါဝင်ခဲ့ပြီး၊ အီဂျစ်နှင့် ကာတာ စေ့စပ်ညှိနှိုင်းသူများနှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၇ ရက် တွင် ဆွေးနွေးပွဲဆက်လက်ပြုလုပ်ကြသည်။ဟားမက်စ်ဘက်က အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသအား ကျူးကျော်သိမ်းပိုက်မှုကို ထာဝရ အဆုံးသတ်ရန်နှင့် ယင်းအချက်ကို နိုင်ငံတကာက မဖြစ်မနေအာမခံပေးရန်၊ ထိန်းသိမ်းခံထားရသည့် အစ္စရေးပြည်သူများ ပြန်လွှတ်ခြင်းကို အစ္စရေး စစ်တပ် ဘက်စုံရုပ်သိမ်းမည့် အချိန်နှင့် ချိတ်ဆက်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။[]

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၈ ရက်တွင် ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ကြသည်။ဆွေးနွေးပွဲပြီးနောက် ထရမ့်သည် အစ္စရေးနှင့် ဟားမတ်စ် တို့သည် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး၊ သဘောတူညီချက်၏ပထမအဆင့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။

ကြေညာမှုတွင် အသက်ရှင်လျက်ရှိသော အစ္စရေး ဓားစာခံများအားလုံးကို ၇၂ နာရီအတွင်း တစ်သက်တစ်ကျွန်းကျခံနေရသည့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀၀ နှင့် လဲလှယ်ပြီး၊ ၇၂ နာရီအတွင်း အစ္စရေးမှလည်း ဂါဇာကမ်းမြောင်ဒေသအတွင်း ကြိုတင်သတ်မှတ်ထားသော မျဉ်းကြောင်းများဆီသို့ ၎င်း၏တပ်ဖွဲ့များကို ရုပ်သိမ်းသွားမည်ဟု ဖော်ပြခဲ့သည်။[]

ထိုသဘောတူညီချက် ရရှိရေးအတွက် ကာတာ၊ အီဂျစ် နှင့် တူရကီ တို့သည် ကြားဝင်ညှိနှိုင်းပေးခဲ့ကြသည်။

ဟားမတ်စ်ဘက်ကလည်း သဘောတူညီမှုကို အတည်ပြုခဲ့ကြသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သည် ထိုသဘောတူညီချက်အား “အစ္စရေးအတွက် ကြီးကျယ်တဲ့နေ့တနေ့” ဟု မှတ်ချက်ပြုခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်ပွဲကြီးဖြစ်ပွားပုံအချိန်ဇယား VOA ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. အစ္စရေးရဲ့ ဂါဇာ မြေပြင်ထိုးစစ် ဘယ်လိုပုံစံ ဖြစ်မလဲ BBC (၁၄ အောက်တိုဘာ ၂၀၂၃)။ ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ဂါဇာစစ်ပွဲ ပါလက်စတိုင်း ၄၆၀၀၀ ကျော် သေဆုံး VOA (၁၀ ဇန်နဝါရီ ၂၀၂၅)။ ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဂါဇာ မြို့သိမ်းရေး အစ္စရေး ဝန်ကြီးချုပ် အတည်ပြု BBC (၂၂ ဩဂုတ် ၂၀၂၅)။ ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ထရမ့်ပ်၏ အစီအစဉ်ကို ဟားမတ်စ်က သဘောတူပြီးနောက် ဂါဇာငြိမ်းချမ်းရေးမျှော်လင့် DVB (၅ အောက်တိုဘာ ၂၀၂၅)။ ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ဟားမတ်စ်-အစ္စရေး တဆင့်ခံဆွေးနွေးပွဲ အီဂျစ်တွင် စတင် DVB (၆ အောက်တိုဘာ ၂၀၂၅)။ ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. ဂါဇာအပစ်ရပ်ရေး ဆက်လက် ဆွေးနွေး၊ ဟားမက်စ်က တောင်းဆိုချက်ကြီးနှစ်ခု အဆိုပြု ဆင်ဟွာသတင်းဌာန (၈ အောက်တိုဘာ ၂၀၂၅)။ ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ဂါဇာအပစ်ရပ်သဘောတူညီမှု 'ပထမအဆင့်' မှာ ဘာတွေ ပါလဲ BBC (၉ အောက်တိုဘာ ၂၀၂၅)။ ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. ဂါဇာငြိမ်းချမ်းရေး ပထမအဆင့် အစ္စရေး-ဟားမတ်စ် သဘောတူ၊ ဓားစာခံများ ပြန်လွှတ်မည် DVB (၉ အောက်တိုဘာ ၂၀၂၅)။ ၁၀ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။