မာတိကာသို့ ခုန်သွားရန်

၂၀၂၅ ကမ္ဘောဒီးယား–ထိုင်း နယ်နိမိတ် ပဋိပက္ခ

ဝီကီပီးဒီးယား မှ
၂၀၂၅ ကမ္ဘောဒီးယား-ထိုင်း နယ်နိမိတ် ပဋိပက္ခ
ကမ္ဘောဒီးယား–ထိုင်း နယ်နိမိတ် အငြင်းပွားမှု၏ တစ်စိတ်တစ်ပိုင်း

ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် နယ်နိမိတ်မျဉ်းအား အနီရောင်ဖြင့်ရေးဆွဲဖော်ပြထားသော ကမ္ဘောဒီးယားနိုင်ငံ မြေပုံ
ရက်စွဲ၂၈ မေ ၂၀၂၅ – ၂၆ အောက်တိုဘာ ၂၀၂၅
နေရာကမ္ဘောဒီးယား-ထိုင်း နယ်စပ်
အခြေအနေ ဖြစ်ပွားနေဆဲ
စစ်ရင်ဆိုင်သူများ
 ကမ္ဘောဒီးယား  ထိုင်း
တပ်မှူးများနှင့် ခေါင်းဆောင်များ
  • Phumtham Wechayachai
  • Natthaphon Narkphanit
  • Phana Khlaeoplotthuk[][]
  • Punpakdee Pattanakul
ပါဝင်သည့် တပ်ဖွဲ့များ

ကမ္ဘောဒီးယားဘုရင့်တပ်မတော်

    • ကမ္ဘောဒီးယားနိုင်ငံ ကမ္ဘောဒီးယားဘုရင့်ကြည်းတပ်
      • အမှတ်(၄)စစ်ဒေသ
        • အမှတ်(၈)တပ်မ
        • အမှတ်(၉)တပ်မ

ထိုင်းဘုရင့်တပ်မတော်

    • ထိုင်းဘုရင့်ကြည်းတပ်
      • အမှတ်(၂)တပ်တော်
        • ဆူရာနရီစစ်ဌာနချုပ်
      • အမှတ်(၁)တပ်တော်
        • ဘူရာပစစ်ဌာနချုပ်
    • နယ်ခြားစောင့်တပ်ဖွဲ့
    • ထိုင်းဘုရင့်လေတပ်
    • ထိုင်းဘုရင့်ရေတပ်
      • ထိုင်းဘုရင့်မရိန်းတပ်ဖွဲ့
  • ထိုင်းဘုရင့်ရဲတပ်ဖွဲ့
    • နယ်ခြားစောင့်ရဲတပ်ဖွဲ့[]
အသေအပျောက်
1 soldier killed[] 10 soldiers injured
5 Thai civilians killed,[][] 7 Thai civilians injured

၂၀၂၅ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသ နယ်နိမိတ် ပဋိပက္ခ သည် ၂၀၂၅ ခုနှစ်၊ မေ ၂၈ ရက်နေ့၌ အချိန်တိုအတွင်း စစ်ရေးပဋိပက္ခအထိ ဖြစ်ပွားခဲ့သည့် နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုပြဿနာ ဖြစ်သည်။

ဤဖြစ်စဉ်သည် ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအို သုံးနိုင်ငံ နယ်နိမိတ် ထိစပ်နေသည့် မြ-တြိဂံ (ချွန်ဘုတ်) အနီးရှိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဤဧရိယာသည် ကမ္ဘောဒီးယားနှင့် ထိုင်းအကြား ကာလကြာရှည် အငြင်းပွားဖွယ်ရာ နယ်မြေတစ်ခု ဖြစ်ခဲ့ပြီး ယခင်ကလည်း တင်းမာမှုများ ဖြစ်ပွားခဲ့ဖူးကာ စစ်ရေးရင်ဆိုင်မှုများလည်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည့်နေရာလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပသော ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဒေသ ပဋိပက္ခကို သီးခြား ညှိနှိုင်းပြီး ပြေငြိမ်းရေးသဘောတူညီချက်အရ နှစ်နိုင်ငံဝန်ကြီးချုပ် ခေါင်းဆောင်များသည် အမေရိကန်သမ္မတ ဒေါန်နယ်လ် ထရမ့် ရှေ့မှောက်၌ လက်မှတ်ရေးထိုးကာ ပဋိပက္ခကို ပြေငြိမ်းခဲ့ကြသည်။[] []

နောက်ခံအကြောင်းအရင်း

[ပြင်ဆင်ရန်]

ကမ္ဘောဒီးယားနှင့် ထိုင်းတို့အကြား နယ်စပ်အငြင်းပွားမှုများသည် ယခင် ဆယမ်ပြည်ခေတ် (ယခု ထိုင်းနိုင်ငံ) နှင့် ပြင်သစ်ကိုလိုနီတို့အကြား ချုပ်ဆိုခဲ့သည့် စာချုပ်များမှ မရေရာမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ကမ္ဘောဒီးယား လွတ်လပ်ရေးရပြီးနောက် အငြင်းပွားနေသည့် ဖရာ ဗီဟား ဘုရားကျောင်းကို ၁၉၆၂ ခုနှစ်တွင် နိုင်ငံတကာတရားရုံး (ICJ) က ကမ္ဘောဒီးယားသို့ ပေးအပ်ခဲ့သော်လည်း ဘုရားကျောင်းနှင့် အခြားအငြင်းပွားနေသည့် နယ်စပ်ဒေသများမှာ ဆက်လက် အငြင်းပွားနေဆဲ ဖြစ်သည်။ နှစ်နိုင်ငံလုံးရှိ အမျိုးသားရေးဝါဒီ စိတ်ဓာတ်များကလည်း တင်းမာမှုများကို ပိုမိုအားဖြည့်ပေးခဲ့သည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း နှစ်နိုင်ငံအကြား ပဋိပက္ခများကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီးနောက် ICJ က ၁၉၆၂ ခုနှစ် ဆုံးဖြတ်ချက်ကို ပြန်လည်အတည်ပြုခဲ့သည်။[]

၂၀၂၅ ခုနှစ် အစောပိုင်းတွင် နယ်စပ်ဒေသနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထိုင်းစစ်သားများက ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသည်များကို အငြင်းပွားနေသည့် ပရာဆက် တာမွန်သွန် ဘုရားကျောင်း၌ ကမ္ဘောဒီးယားနိုင်ငံတော်သီချင်း သီဆိုခြင်းကို တားမြစ်ခဲ့ရာ ထပ်မံတင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။ [၁၀][၁၁]မေလ ၂၈ ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် ထိုင်းစစ်သားများ အချင်းချင်း ခေတ္တမျှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့သည်။ နှစ်နိုင်ငံစလုံးက ပဋိပက္ခကို တစ်ဖက်နှင့်တစ်ဖက် စတင်ခဲ့သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။[၁၂]

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ICJ မှ ဆုံးဖြတ်ချက်တစ်ရပ် ရယူရန် စီစဉ်နေကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး ထိုင်းနှင့် ပဋိပက္ခ ဖြစ်ပွားလိုခြင်း မရှိဟု ဆိုသည်။ [၁၃] ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဖုန်သန်မ် ဝေချာယချိုင် (Phumtham Wechayachai) က မည်သည့်ဖက်မှ ပဋိပက္ခကို တိုးမြှင့်လိုခြင်း မရှိဘဲ ပြေလည်သွားပြီဟု ပြောကြားခဲ့သည်။ မေလ ၂၉ ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် ထိုင်းစစ်တပ်များအကြား ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။[၁၄]

အဓိကဖြစ်ရပ်များ

[ပြင်ဆင်ရန်]

၂၄ ဇူလိုင် တင်းမာမှု

[ပြင်ဆင်ရန်]

၂၀၂၅ ဇူလိုင် ၂၄ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်က ငြင်းပွားနယ်မြေမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ်တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံရှိ ၎င်း၏သံအမတ်အား ပြန်လည်ခေါ်ယူပြီး နာရီပိုင်းအကြာတွင် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်မတိုင်မီကလည်း နယ်စပ်၌ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုင်းနိုင်ငံဘက်မှ ဇူလိုင် ၂၃ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်အား နှင်ထုတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသည်။[၁၅]

ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းနိုင်ငံသားများသည် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ခွာရန် ဖနွမ်းပင်မြို့ရှိ ထိုင်းနိုင်ငံသံရုံးက ပြောကြားလိုက်သည်။ လက်ရှိအသိပေးချက်ကို ထိုင်းသံရုံးမှ ၎င်းတို့၏ လူမှုကွန်ရက် Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ [၁၆]

ထိုင်းနိုင်ငံဘက်က ကမ္ဘောဒီးယား၏ စစ်ရေးပစ်မှတ်များကို တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုင်းစစ်တပ်က ၎င်းတို့၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် "F-16 တိုက်လေယာဉ်ကနေ ပစ်လိုက်ပြီ" ဟု ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ကမ္ဘောဒီးယား၏ အထူးစစ်ဒေသ ကွပ်ကဲမှု အမှတ် ၈ နှင့် ၉ ကို "ဖျက်ဆီးလိုက်ပြီ" ဟုလည်း ထိုင်းစစ်တပ်၏ အဆိုပါပို့စ်တွင် ထည့်သွင်းဖော်ပြထားသည်။ နယ်စပ်တွင် ကမ္ဘောဒီးယား၏ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ တင်းမာပြင်းထန်သည့် အခြေအနေ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အစောပိုင်းကလည်း ထိုင်းနိုင်ငံဘက်မှ ကမ္ဘောဒီးယား၏ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို တိုက်ခိုက်ရန် F-16 တိုက်လေယာဉ် ၆ စင်းအထိ ဖြန့်ကြက်ထားသည်ဟု ပြောကြားထားသည်။[၁၇]

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားနှင့်ဖြစ်ပွားနေသော တင်းမာမှုများအတွင်း သေဆုံးသူ အရပ်သား ၉ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ထုတ်ပြန်ပြောကြားလိုက်သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ၁၄ ဦးအထိ ရှိသည်ဟု ထိုင်းစစ်တပ်က ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနက်က ထိုင်းနှင့် ယနေ့ဖြစ်ပွားခဲ့သည့် ထိပ်တိုက်တွေ့ဆုံမှုများ ရပ်တန့်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ "အရေးပေါ်အစည်းအဝေး" ခေါ်ယူပေးဖို့ တောင်းဆိုခဲ့သည်။ သူက ဇူလိုင် ၂၄ ရက်စွဲဖြင့် လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အာဆင် အီတီခါ အာမက်ထံ ပေးပို့သောစာတွင် အဆိုပါ တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။[၁၈]

ဇူလိုင် ၂၅

[ပြင်ဆင်ရန်]

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ထိစပ်နေသည့် မြို့နယ် (၈) ခုတွင် ဇူလိုင်လ ၂၅ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ယင်းနေ့သည် နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ အပြန်အလှန် ဖလှယ်ခဲ့ကြသော သေဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဒုတိယမြောက်နေ့လယ်း ဖြစ်ပါသည်။ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် နေရာများမှာ စန္ဒပုရီခရိုင်ရှိ (၇) မြို့နယ်နှင့် တရာ့ခရိုင်ရှိ မြို့နယ်တစ်ခု ပါဝင်သည်။ [၁၉]

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေသော ထိုင်းနှင့် ကမ္ဘောဒီယားနယ်စပ်ဒေသကို ခရီးသွားလာခြင်း မပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇူလိုင် ၂၅ရက်တွင် အသိပေးထုတ်ပြန်သည်။[၂၀]

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဈေးထဲတွင် အစားအစာဝယ်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ကမ္ဘောဒီးယားနိုင်ငံသားများဟု ထင်မှတ်ပြီး ထိုင်းနိုင်ငံသားအုပ်စုက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။[၂၁]

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခသည် စစ်ပွဲဆီသို့ ဦးတည်နေကြောင်း သတင်းများက ဖော်ပြသည်။ အမေရိကန်တရုတ်ဩစတြေးလျနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့က ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့သော်လည်း ထိုင်းနိုင်ငံက ထိုကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "တတိယနိုင်ငံကနေ ကြားဝင်ညှိနှိုင်းပေးဖို့ မလိုဘူးလို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။[၂၂]

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် နယ်စပ်ပဋိပက္ခများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေး ပြုလုပ်ကာ ဆွေးနွေးခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံက ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုနေသော်လည်း ထိုင်းနိုင်ငံဘက်မှ နှစ်နိုင်ငံအပြန်အလှန် ဆွေးနွေးမှုဘောင်များ (bilateral frameworks) မှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ရန် တိုက်တွန်းလျက်ရှိသည်။[၂၃]

ဇူလိုင် ၂၆

[ပြင်ဆင်ရန်]

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တိုက်ပွဲတိုက်ပွဲအတွင်း သေဆုံးသူများကို ထိုင်းအစိုးရက လျော်ကြေး ဘတ် တစ်သန်းပေးမည်ဟု ဇူလိုင် ၂၆ ရက်စွဲဖြင့်ထုတ်ပြန်သည်။[၂၄]

ဇူလိုင် ၂၆ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ထိုင်း-ကမ္ဘော ဒီးယားနယ်စပ်ရှိ ကမ္ဘောဒီးယားစစ်တပ်က တပ်စွဲထားသော Phu Makhuea တောင် ထိပ်စစ်စခန်းကို ထိုင်းတပ်က သိမ်းယူလိုက်သည်။ [၂၅]

ဇူလိုင် ၂၇

[ပြင်ဆင်ရန်]

အမေရိကန်သမ္မတ ထရမ့်က ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးကို ဆက်သွယ်ပြီး နယ်စပ်တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်တိုက်ခိုက်ပါက အမေရိကန်၏ အခွန်ညှိနှိုင်းမှုများ ရပ်ဆိုင်းမည်ဖြစ်ကြောင်း တောင်းဆိုခဲ့သည်။[၂၆]

ကမ္ဘောဒီးယားက ထိုင်းဘက်မှာရှိတဲ့ လူနေအိမ်ရှိတဲ့နေရာတွေကို ဒီနေ့မနက်က ပစ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရီချာ ဆူကူဝမ်နော့က ပြောသည်။ ပစ်ခတ်မှုတွေဟာ ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်မှာ တကွိုင် ဘုရားကျောင်းနားကနေ စတင်ခဲ့ပြီး မနက် ၅ နာရီခွဲမှာ ထိုင်းဘက်ကနေ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ ထိုင်းသတင်းစာတွေက ရေးသည်။ [၂၇]

ဇူလိုင် ၂၈

[ပြင်ဆင်ရန်]

ပိဋပက္ခများဖြစ်ပွားခဲ့ပြီး ၅ ရက်မြောက်နေ့တွင် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ၏ ကြားဝင်စေ့စပ်မှုဖြင့် ထိုင်းယာယီဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ မလေးရှားနိုင်ငံတွင် ဇူလိုင် ၂၈ တွင် မလေးရှားနိုင်ငံ၌ တွေ့ဆုံခဲ့ကြပြီး၊ အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကလည်း ဆွေးနွေးပွဲသို့ သက်သေများအဖြစ် တက်ရောက်ခဲ့သည်။ ထိုင်းနှင့်ကမ္ဘောဒီးယားတို့ ဇူလိုင် ၂၈ ည သန်းခေါင်ယံအချိန်မှစတင်၍ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန် သဘောတူလိုက်သည်။ [၂၈]

ဇူလိုင် ၂၈ ရက်စွဲဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသများတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအပေါ် နက်ရှိုင်းစွာ စိုးရိမ်ပူပန်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် (TAC) တို့၏ မူပိုင်အခြေခံများနှင့် အာဆီယံမိသားစု စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုနှင့် ကောင်းမွန်သော အိမ်နီးချင်းဆက်ဆံရေးတို့အပေါ် အခြေခံ၍ အငြင်းပွားမှုများနှင့် ကွဲပြားမှုများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရန်လည်း တိုက်တွန်းကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ နှစ်ဖက်စလုံးကို ဆွေးနွေးမှုများ ပြန်လည်စတင်ရန်နှင့် တိုက်ပွဲများ ရပ်တန့်ရန် ကူညီပေးသည့် ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်ခဲ့သည်။

ထိခိုက်မှုများနှင့် သက်ရောက်မှုများ

[ပြင်ဆင်ရန်]

သတင်းရင်းမြစ်များအရ ထိုင်းနိုင်ငံတွင် နေထိုင်သည့် အရပ်သား ၁၃၈,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။ [၂၉][၃၀][၃၁] ထိုင်းဆေးရုံများနှင့် ဓာတ်ဆီဆိုင်များကဲ့သို့သော အရပ်ဘက်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် နယ်စပ်အနီးရှိ အခြားမြို့များမှလည်း ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းများက ဖော်ပြသည်။ [၃၂][၃၃][၃၄] ကမ္ဘောဒီးယားတွင်မူ လူပေါင်း ၃၅,၀၀၀ ဦး ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။[၃၅]

ထိုင်းနိုင်ငံတွင် စစ်သားတစ်ဦးနှင့် အရပ်သား ၁၄ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး စစ်သား ၁၄ ဦးနှင့် အရပ်သား ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသားစုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။[၃၆]

ထိုင်းနိုင်ငံ နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တွင် စစ်ရေးပဋိပက္ခပြင်းထန်လာသည့်အတွက် ထိုင်းနိုင်ငံဘက်မှ စာသင်ကျောင်း ၇၅၀ ကျော်ကို ယာယီပိတ်ထားရန် အခြေခံပညာရေးကော်မရှင်ရုံး (OBEC) က အမိန့်ထုတ်ပြန်ခဲ့သည်။ [၃၇]

နိုင်ငံတကာ တုံ့ပြန်မှု

[ပြင်ဆင်ရန်]

အာဆီယံနိုင်ငံများ

[ပြင်ဆင်ရန်]
  •  မြန်မာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ - နစက ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက "ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အနေနဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ပြောခဲ့သည်။ [၃၈]
  •  မြန်မာ အမျိုးသားညီညွတ်ရေးအစိုးရ: ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ စစ်ရေးအခြေအနေတင်းမာမှုကြောင့် နှစ်နိုင်ငံ အရပ်သားပြည်သူ ထိခိုက်မှုရှိလာချိန် နှစ်နိုင်ငံပြည်သူတွေအတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ပါ အထူးစိုးရိမ်ကြောင်း ထုတ်ပြန်သည်။ [၃၉]
  •  မလေးရှား - မလေးရှားဝန်ကြီးချုပ်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ လက်ရှိတာဝန်ယူထားသူ အန်ဝါ အီဘရာဟင်မ်က အခြေအနေကို "စိုးရိမ်စရာ" ဟု ပြောကြားခဲ့ပြီး "ဝန်ကြီးချုပ်နှစ်ဦးစလုံးထံ သဝဏ်လွှာများ ပေးပို့ထားပြီး ယနေ့ ညနေ သို့မဟုတ် ညတွင် ၎င်းတို့နှင့် စကားပြောရန် မျှော်လင့်ပါသည်" ဟု ပြောကြားခဲ့သည်။ ၎င်းကဆက်လက်၍ "ကျွန်ုပ်တို့ မျှော်လင့်နိုင်သည့် အနည်းဆုံးအချက်မှာ ၎င်းတို့အနေဖြင့် နောက်ဆုတ်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုးပမ်းခြင်းပင်ဖြစ်သည်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။[၄၀]
  •  ဖိလစ်ပိုင်: ဖိလစ်ပိုင်နိုင်ငံက နှစ်ဖက်စလုံးကို ၎င်းတို့၏ ပဋိပက္ခကို နိုင်ငံတကာဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် တိုက်တွန်းခဲ့ပြီး ပဋိပက္ခအပေါ် ကြားနေမှုကို ထိန်းသိမ်းထားရင်း အရပ်သားများကို ကာကွယ်ရန် အလေးပေး ပြောကြားခဲ့သည်။[၄၁]
  •  စင်ကာပူ: စင်ကာပူနိုင်ငံအနေဖြင့် ပဋိပက္ခများအပေါ် အထူးစိုးရိမ်မိပါကြောင်းနှင့် နှစ်နိုင်ငံလုံးအား ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်နှင့် ရန်လိုမှုများ ရပ်တန့်ရန် တောင်းဆိုသည်။ နှစ်ဖက်တင်းမာမှုများကို သံတမန်နည်းလမ်းဖြင့် လျှော့ချရန်နှင့် အရပ်သားပြည်သူအားလုံး၏ ဘေးကင်းလုံခြုံရေးကို အာမခံရန်လည်း တိုက်တွန်းသည်။[၄၂]
  •  အင်ဒိုနီးရှား - အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို "ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ပြန်လည်ဖြေရှင်းနိုင်လိမ့်မည်" ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။[၄၃]
  •  ဗီယက်နမ် - ဗီယက်နမ်နိုင်ငံက ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး နှစ်နိုင်ငံစလုံးအား အမြင့်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ အင်အားအသုံးပြုမှုမှ ရှောင်ရှားရန်၊ နောက်ထပ်တင်းမာမှုများ မတိုးစေရန်နှင့် နိုင်ငံတကာဥပဒေများ၊ ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့်အညီ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကြရန် တောင်းဆိုခဲ့သည်။[၄၄]
  •  လာအို - နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအား ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် နှင့် လက်ရှိအခြေအနေကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။[၄၅]

အခြားနိုင်ငံများ

[ပြင်ဆင်ရန်]
  •  တရုတ် - တရုတ်နိုင်ငံက ဖြစ်ပွားနေသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ "အထူးစိုးရိမ်မိကြောင်း" ထုတ်ဖော်ပြောဆိုခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် ၎င်းတို့၏ ပြဿနာများကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။[၄၆]
  •  အမေရိကန် - အမေရိကန်ပြည်ထောင်စုက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် တိုက်ပွဲများ တိုးမြှင့်ဖြစ်ပွားနေသည်ဟူသော သတင်းများနှင့် ပတ်သက်၍ "ပြင်းထန်စွာ စိုးရိမ်မိကြောင်း" ထုတ်ဖော်ပြောဆိုခဲ့ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။[၄၇]
  •  ဥရောပသမဂ္ဂ - အဖွဲ့အစည်း က စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအား တင်းမာမှုများ လျှော့ချရန် နှင့် ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။[၄၈]
  •  ကုလသမဂ္ဂ - ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် အငြင်းပွားနယ်စပ်ဒေသမှ လက်နက်ကိုင်ပဋိပက္ခအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က အလွန်အမင်းစိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ထို့အပြင် ၎င်းအနေဖြင့် အဆိုပါအငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ကူညီရန် အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့ကြောင်း သိရသည်။[၄၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. Thai Army Launches 'Yuttha Bodin' Offensive Across Border Amidst Escalating Cambodian Clashes (in en-US) (2025-07-24)။ 2025-07-24 တွင် ပြန်စစ်ပြီး။
  2. กองทัพเปิดปฏิบัติการ "ยุทธบดินทร์" สั่งสอนกัมพูชา ลั่นบดขยี้ผู้รุกรานอย่างถึงที่สุด (in th) (2025-07-24)။ 2025-07-24 တွင် ပြန်စစ်ပြီး။
  3. ตชด.ลาดตระเวนเข้ม 24 ชม. ตั้งบังเกอร์ตลอดแนวชายแดนไทย-กัมพูชา ด้าน อ.โคกสูง (in th) (2025-06-29)။ 2025-07-05 တွင် ပြန်စစ်ပြီး။
  4. Thai and Cambodian soldiers clash briefly in a disputed border area, killing 1 (in en) (2025-05-28)။ 3 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-06-03 တွင် ပြန်စစ်ပြီး။
  5. "Thailand F-16 jet deployed against Cambodian forces as border clash escalates"၊ Reuters၊ July 24, 2025။
  6. "กองทัพกัมพูชา ยิงปืนใหญ่ตกใส่บริเวณปั๊ม ปตท.บ้านผือ อ.กันทรลักษ์ จ.ศรีะสะเกษ เหตุการร์นี้มีประชาชนเสียชีวิต 3 ราย โดยจุดเกิดเหตุอยู่ห่างจากชายแดน 20 กิโลเมตร"၊ PBS News၊ July 24, 2025။
  7. ထိုင်း- ကမ္ဘောဒီးယားပဋိပက္ခကိုရပ်နိုင်ခဲ့တဲ့ သူ့လုပ်ရပ်က ကုလသမဂ္ဂထက်သာတယ်လို့ မလေးရှားမှာ ထရမ့်ပြော BBC (၂၆ အောက်တိုဘာ ၂၀၂၅)။ ၂၆ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. Key moments from the signing of the Cambodia-Thailand 'peace deal' BBC (26 Oct 2025)။ 26 Oct 2025 တွင် ပြန်စစ်ပြီး။
  9. U.S. Ally and China's Strategic Partner Exchange Fire in Southeast Asia: Cambodia-Thailand Border Skirmish Raises Fears of Renewed Regional Instability (in en) (2025-06-02)။ 4 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-06-03 တွင် ပြန်စစ်ပြီး။
  10. Hong၊ Raksmey။ "PM warns of 'nationalist rhetoric' fuelling Thai border tensions" (in en)၊ The Phnom Penh Post၊ 19 February 2025။
  11. Bangprapa၊ Mongkol။ "Thai PM downplays Cambodian anthem fuss" (in en)၊ Bangkok Post၊ 2025-02-18။
  12. U.S. Ally and China's Strategic Partner Exchange Fire in Southeast Asia: Cambodia-Thailand Border Skirmish Raises Fears of Renewed Regional Instability (in en) (2025-06-02)။ 4 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-06-03 တွင် ပြန်စစ်ပြီး။
  13. Cambodia PM urges calm after border clash with Thailand leaves soldier dead (in en) (29 May 2025)။ 28 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-06-03 တွင် ပြန်စစ်ပြီး။
  14. U.S. Ally and China's Strategic Partner Exchange Fire in Southeast Asia: Cambodia-Thailand Border Skirmish Raises Fears of Renewed Regional Instability (in en) (2025-06-02)။ 4 June 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-06-03 တွင် ပြန်စစ်ပြီး။
  15. ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ပစ်ခတ်မှုစဖြစ်၊ ထိုင်းအရပ်သားနှစ်ဦးသေဆုံး Dawei Watch (July 24, 2025)။ 2025-7-23 တွင် ပြန်စစ်ပြီး။
  16. နှစ်နိုင်ငံနယ်စပ်တွင် ထိုင်းစစ်သားများ မြေမြှုပ်မိုင်းထိမှန်ပြီးနောက် ကမ္ဘောဒီးယားသံအမတ်ကို ဖယ်ရှားကာ ထိုင်းဘက်သံတမန်ရေး လျှော့ချထား Karen Information Center (July 24, 2025)။ 2025-7-13 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  17. ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုမြင့်တက်လာပြီး ကမ္ဘောဒီးယားဘက်သို့ ထိုင်းက တိုက်လေယာဉ်များ စေလွှတ်တိုက်ခိုက်ခဲ့ NP News။ 2025-7-23 တွင် ပြန်စစ်ပြီး။
  18. နယ်စပ်ပဋိပက္ခမှာ ထိုင်းက အလွန်အကျွံ အင်အားသုံးနေတယ်လို့ ကမ္ဘောဒီးယား စွပ်စွဲ Ludu Nway Oo။ 2025-7-23 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  19. Thailand declares martial law in eight districts bordering Cambodia Strait Times။ 2025-7-25 တွင် ပြန်စစ်ပြီး။
  20. ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေသော နှစ်နိုင်ငံ နယ်စပ်ဒေသကို ခရီးသွားလာခြင်း မပြုလုပ်ရန် မြန်မာသံရုံးအသိပေး NP News။ 2025-7-24 တွင် ပြန်စစ်ပြီး။
  21. ဘန်ကောက်တွင် ကမ္ဘောဒီးယားဟုထင်ပြီး မြန်မာ ၂ ဦးကိုထိုးကြိတ် Dawei Watch။ 2025-724 တွင် ပြန်စစ်ပြီး။
  22. နိုင်ငံတကာဖျန်ဖြေပေးမှုကို ထိုင်းပယ်ချ၊ စစ်ပွဲကို ဦးတည်နေ DVB။ 2025-7-25 တွင် ပြန်စစ်ပြီး။
  23. ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သီးသန့်အစည်းအဝေး ကျင်းပ NHK။ 2025-7-25 တွင် ပြန်စစ်ပြီး။
  24. ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တိုက်ပွဲအတွင်း သေဆုံးသူများကို လျော်ကြေး ဘတ် တစ်သန်းပေးမည်ဟု ထိုင်းအစိုးရထုတ်ပြန် Narinjara။ 2025-7-36 တွင် ပြန်စစ်ပြီး။
  25. ထိုင်းနှင့် ကမ္ဘောဒီးယားစစ်ပွဲ တတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားပြီး အငြင်းပွားနေသည့် နယ်စပ်တွင် တပ်စွဲထားသော ကမ္ဘော ဒီးယား စစ်စခန်းကို ထိုင်းက သိမ်းယူ၊ ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမား ထောင်ချီ ထိုင်းမှ ထွက်ခွာ Khit Thit Media။ 2025-7-24 တွင် ပြန်စစ်ပြီး။
  26. ထိုင်းနဲ့ကမ္ဘောဒီးယား ချက်ချင်းအပစ်ရပ်ကြဖို့ ထရမ့် ကြားဝင်စေ့စပ်၊ အပစ်ရပ်ဖို့ အဆိုပြုချက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် သဘောတူ လူထုနွေဦး။ 2025-7-25 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  27. နယ်စပ်က ပစ်ခတ်တိုက်ခိုက်မှုတွေအရေး ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ မလေးရှားမှာတွေ့မယ် BBC Burmese။ 2025-7-27 တွင် ပြန်စစ်ပြီး။
  28. ထိုင်း-ကမ္ဘောဒီးယား ချက်ချင်းအပစ်ရပ်‌ရန် နှစ်နိုင်ငံသဘောတူ Dawei Watch။ 2025-7-28 တွင် ပြန်စစ်ပြီး။
  29. Entre le Cambodge et la Thaïlande, les affrontements s'intensifient encore (in fr)။ 2025-07-26 တွင် ပြန်စစ်ပြီး။
  30. "Affrontements Thaïlande-Cambodge : le bilan s'élève à 28 morts, Phnom Penh appelle à un « cessez-le-feu immédiat » et « inconditionnel »" (in fr)၊ 2025-07-25။
  31. Ratana (2025-07-26)။ Thai Incursions Spread to Pursat Province as Cambodia Condemns “Brutal Aggression” – Khmer Times (in en-US)။ 2025-07-26 တွင် ပြန်စစ်ပြီး။
  32. What Is The Thailand-Cambodia Border Dispute And Why Has It Escalated Again? (in en)။ 2025-07-24 တွင် ပြန်စစ်ပြီး။
  33. Thailand, Cambodian troops trade heavy fire in latest border dispute clash (in en)။ 2025-07-24 တွင် ပြန်စစ်ပြီး။
  34. Thai air force bombs Cambodian military targets amid deadly clashes as border dispute escalates (in en) (2025-07-24)။ 2025-07-24 တွင် ပြန်စစ်ပြီး။
  35. Thaïlande: la loi martiale déclarée dans huit districts, un risque de «guerre» avec le Cambodge (in fr) (2025-07-25)။ 2025-07-26 တွင် ပြန်စစ်ပြီး။
  36. ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၁၃ ဦး သေဆုံး၊ နယ်စပ်ဒေသတွင် ထိုင်း-ကမ္ဘောဒီးယား စစ်တပ်တို့ စတင်၍ အပြန်အလှန်ပစ်ခတ်လျက်ရှိကြောင်း ထိုင်းမီဒီယာဖော်ပြ Xinhua Myanmar။ 2025-7-25 တွင် ပြန်စစ်ပြီး။
  37. ထိုင်း-ကမ္ဘောဒီးယားစစ်ရေးပဋိပက္ခကြောင့် ထိုင်းစာသင်ကျောင်း ၇၅၀ ကျော် ပိတ်ထား DVB Burmese။ 2025-7-27 တွင် ပြန်စစ်ပြီး။
  38. ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အနေနဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ် - စစ်ကောင်စီ ပြောခွင့်ရ BBC Burmese။ 2025-7-24 တွင် ပြန်စစ်ပြီး။
  39. ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်ရောက်မြန်မာတွေ လုံခြုံရေး သတိရှိဖို့ NUG တိုက်တွန်း BBC Burmese။ 2025-7-23 တွင် ပြန်စစ်ပြီး။
  40. Adler၊ Nils။ ""Thailand-Cambodia live news: Over 10 killed in clashes at disputed border""၊ Al Jazeera၊ 24 July 2025။
  41. Adler၊ Nils။ ""Thailand-Cambodia live news: Over 10 killed in clashes at disputed border""၊ Al Jazeera၊ 24 July 2025။
  42. MFA Spokesperson's Comments in response to media queries on the Cambodia-Thailand Border Clashes, 24 July 2025 MOFA Singapore။ 2025-7-24 တွင် ပြန်စစ်ပြီး။
  43. "RI yakin Thailand-Kamboja akan selesaikan konflik dengan cara damai" (in id)၊ Antara News၊ 25 July 2025။
  44. Huong Giang။ Viet Nam voices concern over Cambodia-Thailand border tensions Government of Vietnam
  45. Statement of MOFA's spokesperson on the ongoing situation at the Cambodia-Thailand border area (in en)။ 2025-07-24 တွင် ပြန်စစ်ပြီး။
  46. Thailand seals border with Cambodia after military clashes kill at least 12 people (in en-GB)။ 24 Jul 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-07-24 တွင် ပြန်စစ်ပြီး။
  47. On the Thailand-Cambodia Border Conflict Press Statement (in en)။ 2025-07-25 တွင် ပြန်စစ်ပြီး။
  48. Adler၊ Nils။ ""Thailand-Cambodia live news: Over 10 killed in clashes at disputed border""၊ Al Jazeera၊ 24 July 2025။
  49. ထိုင်း-ကမ္ဘောဒီးယားအရေးကို စိုးရိမ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ပြောကြား Eleven Media။ 2025-7-26 တွင် ပြန်စစ်ပြီး။