၂၀၂၄ ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲ
| ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲ (၂၀၂၄) | |||||||
|---|---|---|---|---|---|---|---|
| ၁၀၂၇ စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း | |||||||
| |||||||
| စစ်ရင်ဆိုင်သူများ | |||||||
|
|
| ||||||
| စစ်အင်အား | |||||||
| ညီနောင်မဟာမိတ် ပူးပေါင်းတပ်များ | ကွတ်ခိုင်ဗျူဟာအခြေစိုက်တပ်များ | ||||||
| အသေအပျောက် | |||||||
| မသိရှိရ | မသိရှိရ | ||||||
| ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် မြို့ တစ်မြို့ ဖြစ်သည်။ | |||||||
မြန်မာနိုင်ငံအတွင်း ကွတ်ခိုင်မြို့ တည်နေရာ | |||||||
၂၀၂၄ ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲ သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ အရေးပါသော မြို့သိမ်းတိုက်ပွဲတစ်ခု ဖြစ်သည်။ အဆိုပါတိုက်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ကွတ်ခိုင်မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။[၁]
နောက်ခံအကြောင်းအရင်း
[ပြင်ဆင်ရန်]ကွတ်ခိုင်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးနှင့် မူဆယ်ကို ဆက်သွယ်ထားသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ထို့ပြင် စစ်ကောင်စီ၏ အခိုင်အမာ တည်ဆောက်ထားသော ဗျူဟာကုန်း တည်ရှိရာ နေရာဖြစ်သဖြင့် စစ်ရေးအရ အလွန်အချက်အချာကျသော မြို့တစ်မြို့ ဖြစ်သည်။[၂]
ယင်းအပြင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တာမိုးညဲမြို့နှင့် နမ့်ဖက်ကာဒေသ အပါအဝင် နေရာအများစုတွင် တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့များအပြင်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ စစ်ရေးလှုပ်ရှားကြသည်။ ထို့ကြောင့် မကြာခဏဆိုသလို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားသာမက လက်နက်ကိုင်အဖွဲ့အချင်းချင်းကြားတွင်လည်း ရင်ဆိုင်တိုက်ပွဲများနှင့် ပဋိပက္ခများ အစဉ်တစိုက် ဖြစ်ပွားလေ့ရှိခဲ့သည်။[၃][၄]
ဤတွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က ကွက်ခိုင်မြို့နယ်၊ မိုင်းယုလေးဒေသတွင် အပြင်းအထန် ဖြစ်ပွားခဲ့သော ရှမ်းပြည်တိုးတက်ရေးတပ်မတော် (SSPP/SSA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲမှာ ထင်ရှားခဲ့သည်။ဖြစ်စဉ်ကို နှစ်ဖက်ခေါင်းဆောင်များက အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် တွေ့ဆုံ၍ မိတ်ဖက်ပဋိပက္ခအဖြစ် သတ်မှတ်ကာ အပြန်အလှန် သင်ပုန်းချေရန် သဘောတူခဲ့ကြသည်။ [၅][၆]
၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ရှေ့ပြေးဖြစ်စဉ်များ (၂၀၂၁ - ၂၀၂၃ )
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများမှာ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်တွင် နမ့်ဖက်ကာရှိ စစ်ကောင်စီ၏ ခလရ (၁၂၃) တပ်စခန်း၊ ရဲစခန်းနှင့် လျှပ်စစ်ရုံးတို့ကို TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့သည်။[၇][၈] ထို့နောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် တာမိုးညဲမြို့ရှိ ခလရ (၂၉၀) နှင့် ပြည်သူ့စစ်စခန်းများကို MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။[၉][၁၀]
၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်မှစတင်၍ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်အတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ အရှိန်မြင့်တက်ခဲ့သည်။[၁၁]ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ ဩဂုတ်လ ၃၀ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် TNLA က ကျေးရွာ၏တောင်ဘက် မီတာ(၅၀၀)ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့သည်။[၁၂] တစ်ဖက်တွင် ကွတ်ခိုင်မြို့နယ်နှင့်စပ်လျဉ်း၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA သည် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် ထိုမြို့အထက် ၃ မိုင်ခန့်အကွာ ဖာခတ်ကျေးရွာ နှင့် နမ်ဖလွန်ကျေးရွာကြားတွင် နမ်ဖတ်ကာဘက် မှ ဆင်းလာသည့် စစ်ကောင်စီ အင်အား ၂၀၀ ခန့် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့သည်။[၁၃]ထို့နောက် ၂၀၂၃ ခုနှစ် ဇွန် ၁၁ ရက် ညပိုင်း ၈ နာရီခွဲ ဝန်းကျင်အချိန်တွင် ကွတ်ခိုင်မြို့ အမှတ် (၁) ရပ်ကွက် နှင့် ပန်ဆေးရွာအကြားရှိ စစ်ကောင်စီ တပ်စခန်း အထိ KIA က ဝင်တိုက်ခဲ့သည်။ထိုတိုက်ပွဲသည် ပန်းဆေးကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုအထိပြင်းထန်ခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက် ပျက်စီးမှုများရှိခဲ့သည်။[၁၄]
၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းတွင် KIA က ကွတ်ခိုင်မြို့အနီးဖြတ်သန်းသွားသော စစ်ယာဉ်တန်းများကို သုံးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၈ ရက်တွင် နမ့်ဖက်ကာအနီးရှိ ကောင်းရာရွာတောင်ကုန်းစခန်းကို စီးနင်းသိမ်းပိုက်ခဲ့သည်။[၁၅] [၁၆] ဆက်၍ ကွတ်ခိုင်မြို့နယ်၊ ရူခင်းသာ စစ်ကောင်စီ တပ်စခန်းကို အောက်တိုဘာ ၂၇ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြန်သည်။[၁၇]၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက် တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ ဒတ်နှိုင်းကျေးရွာအဝင်တွင် အခြေစိုက်ထားသော နမ့်ဖတ်ကာတပ်ခွဲ ခလရ (၁၂၃)တပ်ရင်းကို ဝင်တိုက်ပြီး နိုဝင်ဘာ ၁၃ ရက် တွင် တပ်စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။[၁၈][၁၉]သို့သော် စစ်တပ်ဘက်က ထိုသတင်းကို မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားရှိ အချက်အချာကျသော မူဆယ်– ကွက်ခိုင်လမ်းပိုင်းပေါ်မှ နမ့်ခိုင်တံတားစစ်တပ်စခန်းကို KIA တပ်မဟာ ၆၊ တပ်ရင်း ၉ က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ယင်းတိုက်ပွဲသည် မူဆယ်-ကွတ်ခိုင် လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းကို KIA က ပထမဆုံးတိုက်ခိုက်နိုင်သော စခန်းသိမ်းတိုက်ပွဲဖြစ်ခဲ့သည်။[၂၀]ထိုနမ့်ခိုင်တံတားတပ်စခန်းကို စီးနင်းစဉ် စခန်းလာတိုက်သည့် TNLA နှင့် KIA အကြား ပွတ်တိုက်မှု ရှိခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၂၉ ရက်၌ ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာ ခလရ (၁၂၃) ဗျူဟာကုန်းကို KIA က စတင်ထိုးစစ်ဆင်ခဲ့သည်။ KIA သည် ရှမ်းမြောက် အခြေစိုက် တပ်မဟာ ၄၊ တပ်မဟာ ၆ နှင့် တပ်မဟာ ၁၀ တို့အပါအဝင် ကချင် ပြည်သူ့ကာကွယ်ရေးတပ် (KPDF)တို့ဖြင့် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီကျော်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။[၂၁][၂၂][၂၃]စစ်ကောင်စီကမူ နမ့်ဖတ်ကာ အခြေစိုက် ခလရ - ၁၂၃ ကို KIA က မသိမ်းနိုင်သေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဝဘ်ဆိုက် စာမျက်နှာမှတဆင့် ဇန်နဝါရီလ ၁၆ ရက် တွင် ချက်ချင်း တုံ့ပြန်ခဲ့ပြီး နမ့်ဖတ်ကာ စခန်းသိမ်း တိုက်ပွဲအကြောင်း သတင်းမီဒီယာများ၏ ရေးသားချက်များသည် သတင်းအမှားများသာ ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပြန်သည်။[၂၄]
တိုက်ပွဲဖြစ်ပွားခြင်း
[ပြင်ဆင်ရန်]ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲ (၁၀၂၇ စစ်ဆင်ရေး အပြီးသတ်)
[ပြင်ဆင်ရန်]၁၀၂၇ စစ်ဆင်ရေး၏ အစောပိုင်းဖြစ်သော အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရှုခင်းသာဗျူဟာစခန်းကို TNLA က ၅ ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့သည်။ထို့နောက် နိုဝင်ဘာလတွင် ရှမ်းပြည်နယ် အရှေ့မြောက်ဘက် တာမိုးညဲ ဒေသတွင် ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။[၂၅]
၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အပြီးသတ်ခဲ့သော တိုက်ပွဲဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဗျူဟာမြောက်လမ်းမကြီးပေါ်တွင် တည်ရှိသည့် ကွတ်ခိုင်မြို့ကို သိမ်းပိုက်နိုင်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်ကြသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က အဓိက ထိုးစစ်ဆင်ခဲ့ကြသည်။ တိုက်ပွဲမစတင်မီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း၌ပင် တာမိုးညဲပြည်သူ့စစ်ဌာနချုပ်၊ မုံးစီးဒေသတပ်စခန်းများနှင့် မြို့ပေါ်ရှိ ကွတ်ခိုင်ပြည်သူ့စစ်ရုံးချုပ်တို့ကို မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြသည်။နိုဝင်ဘာ ၁၅ ရက် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲရှိ စစ်တပ် တပ်ရင်းအား Drop Bomb အလုံးရေ ရာနှင့်ချီ၍ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရာ စစ်တပ်ဘက်က အလူးအလဲခံခဲ့ရသည်။[၂၆]
တိုက်ပွဲ၏ အဆုံးအဖြတ်ဖြစ်သော ကွတ်ခိုင်ဗျူဟာကုန်း တိုက်ပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် စတင်ခဲ့သည်။ အဆိုပါ ဗျူဟာကုန်းသည် အမှတ် (၁) ရပ်ကွက်တွင် တည်ရှိပြီး အမြောက်တပ်နှင့် ရဟတ်ယာဉ်ကွင်းများပါဝင်သော အခိုင်အမာ တည်ဆောက်ထားသည့် တပ်စခန်းတစ်ခုဖြစ်သည်။ထို့အပြင် ကွတ်ခိုင်ဗျူဟာတပ်သည် အနီးတစ်ဝိုက်ရှိ နမ့်ဖက်ကာ၊ တာမိုးညဲ၊ မုံးစီးဒေသရှိ တပ်စခန်းများကို ကွပ်ကဲနေသည့် ဗျူဟာမှူး၏ အထိုင်ချတပ်စခန်းတစ်ခုလည်းဖြစ်သည်။ တိုက်ပွဲအတွင်း မဟာမိတ်တပ်များက ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အရပ်မျက်နှာအသီးသီးမှ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြသည်။ စစ်ကောင်စီဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ကူများကို အပြင်းအထန် အသုံးပြု၍ ခုခံခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့ရသည်။တစ်ချိန်တည်းမှာပင် ကွတ်ခိုင်နှင့် မူဆယ်အကြားရှိ နမ့်ဖက်ကာရွာအနီး အမှတ် (၁၂၃) ခြေလျင်တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့သည်။ နမ့်ဖက်ကာတိုက်ပွဲတွင် KIA တပ်မဟာ (၃)၊ (၅) နှင့် (၆) တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။ ဤတိုက်ပွဲများသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်ရန်အတွက် အလွန်အရေးပါသော စစ်ဆင်ရေးများ ဖြစ်ခဲ့သည်။[၂၇]
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကွတ်ခိုင်မြို့အနောက်ဘက် အမှတ် (၁) ရပ်ကွက်ရှိ ကွတ်ခိုင်ဗျူဟာတပ်စခန်းသည် TNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ လက်နက်ချခဲ့သည်။ အဆိုပါဗျူဟာကုန်းမှ တပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်သည် အလံဖြူထောင်၍ အလင်းဝင်ရန် ကမ်းလှမ်းခဲ့ပြီးနောက် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် လက်နက်စွန့်ကာ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။[၂၈]
ညီနောင်သုံးဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ တွင် ယမန်နေ့ ည ၁၁ နာရီခန့်၌ ကွတ်ခိုင်ဗျူဟာကို မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကွတ်ခိုင်မြို့နှင့်အတူ သိန္နီမြို့ရှိ စကခ (၁၆) နောက်တန်းဌာနချုပ်ကိုလည်း ထိုနေ့မှာပင် သိမ်းပိုက်နိုင်ခဲ့ကြသည်။ဤအောင်မြင်မှုကြောင့် TNLA သည် ဗျူဟာမှူး အထိုင်ချရာ အမြှောက်တပ်၊ ရဟတ်ယာဉ်ကွင်းနှင့် အခိုင်အမာတည်ဆောက်ထားသော တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကာ ကွတ်ခိုင်မြို့တစ်မြို့လုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။[၂၉]
နောက်ဆက်တွဲဖြစ်ရပ်များ
[ပြင်ဆင်ရန်]ကွတ်ခိုင်မြို့သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ရှမ်းမြောက်တွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများခဲ့ပြီး စစ်တပ်၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (AA,TNLA,MNDAA) အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များ သွားလာလှုပ်ရှားသည့်မြို့လည်း ဖြစ်ခဲ့သည်။[၃၀]
TNLA သည်၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ ၈ ရက်နေ့အထိ ကွတ်ခိုင်မြို့ရှိ အမှတ် ၂၄၁၊ ၂၄၂၊ ၄၅ ခြေလျင်တပ်ရင်းများနှင့် အမှတ် ၂၄၇ အမြောက်တပ်ရင်းတို့ကို တိုက်ခိုက်ပြီး မြို့ကို ထိန်းချုပ်ထားခဲ့သည်။သို့သော် မြို့သိမ်းတိုက်ပွဲအပြီး မြို့ပေါ်တွင် မဟာမိတ်တပ်ဖြစ်သည့် MNDAA က တပ်စွဲခဲ့သည်။အလားတူ ၁၉၉၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ KIA ၏ တောင်ပိုင်းတိုင်းဆက်ဆံရေးရုံး ဖွင့်လှစ်ထားဖူးသော ကွတ်ခိုင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ကချင်စာပေအဖွဲ့ (ကွတ်ခိုင်) နေရာကို KIA ကလည်း နေရာပြန်ယူတပ်စွဲခဲ့သည်။TNLA သည် မြို့ပေါ်အုပ်ချုပ်ရေးကို အဓိကတာဝန်ယူရန် ကြိုးပမ်းခဲ့ပြီး၊ထိုသို့လုပ်ဆောင်မည့်အကြောင်း မဟာမိတ်တပ်များကို အသိပေးခဲ့သည်။ MNDAA ကလည်း ရပ်ကွက်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့တွင် တပ်စွဲကာ လမ်းပြင်ခြင်း၊ ယာဉ်လမ်းကြောင်းထိန်းသိမ်းခြင်းနှင့် ခိုးမှု၊ မူးယစ်ဆေးမှုများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။နောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ၏ ပွတ်တိုက်မှုများသည် တစ်စတစ်စဖြင့် ပိုမို ကြီးမားလာခဲ့သည်။[၃၁]
KIA နှင့် TNLA အကြားတင်းမာခြင်းများ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ရပ်ကွက်အချို့၌ အင်အား ၅၀ ခန့်ရှိ KIA တပ်ဖွဲ့က နေရာယူ တပ်စွဲခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်တွင် မြို့ခံ ကချင်ဒေသခံတချို့နှင့်အတူ ကချင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပရန် ပြင်ဆင်ခဲ့ရာတွင် TNLA က ကချင်အလံများ လိုက်လံ ဖြုတ်သိမ်းပြီး တားဆီးခဲ့သည်။[၃၂]ဤသို့ဖြင့် KIA နှင့် TNLA အကြား ကွတ်ခိုင်တွင် တင်းမာမှုစတင်ခဲ့သည်။ယင်းနောက် ဧပြီ ၁၅ ရက်တွင် TNLA နှင့် KIA အကြား ဆက်ဆံရေးရုံးပြဿနာ ဖြစ်ပွားခဲ့ပြန်သည်။ထိုဖြစ်ရပ်သည် ကွတ်ခိုင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ KIA ဆက်ဆံရေးရုံးကို TNLA က သင်္ကြန်ကာလအတွင်း ယာယီပိတ်ခိုင်းခြင်းနှင့် တပ်ဖွဲ့ဝင်စာရင်းများ တောင်းယူခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။TNLAက KIA ဆက်ဆံရေးရုံးကို ပိတ်ပစ်ရန်အထိ ဖိအားပေးအကျပ်ကိုင်ခဲ့သည်။[၃၃][၃၄] [၃၅]
၂၀၂၅ နှစ်စပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာမြို့အနီး၌ KIA နှင့် TNLA တပ်ဖွဲ့ကြား နယ်မြေဆိုင်ရာ အငြင်းပွားပြီး လက်ဝှေ့ထိုးယှဉ်ပြိုင်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ထိုဖြစ်စဉ်က အောက်ခြေတပ်ဖွဲ့များကြား ကြီးမားသည့်တင်းမာမှုအစ ဖြစ်ခဲ့သည်။[၃၆]၂၀၂၅ ခုနှစ် မတ် ၇ ရက်တွင် အင်အား ၁၀၀ ခန့်ပါသည့် KIA တပ်များ ကွတ်ခိုင်မြို့တွင်းသို့ ဝင်ရာက်ရန် ကြိုးစားရာတွင်လည်း တင်းမာမှုများသည် ပိုမိုကြီးမားသွားခဲ့သည်။မြို့ပေါ်ရှိ KIA ဆက်ဆံရေးရုံးမှ ဝန်ထမ်းများကို TNLA က နှင်ထုတ်ခဲ့သည်။ထိုပြဿနာသည် ထိပ်ပိုင်းခေါင်းဆောင်များအထိ ကြီးမားသည့် သဘောထားကွဲလွဲမှု ဖြစ်ခဲ့သည်။[၃၇][၃၈]
TNLA နှင့် MNDAA အကြားတင်းမာခြင်းများ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဧပြီ ၁၉ ရက်တွင် ကွတ်ခိုင်နှင့် တာမိုးညဲအကြားရှိ မော်ဟန်ကျေးရွာအုပ်စုအနီးတွင် TNLA နှင့် MNDAA နှစ်ဖက်ထိတွေ့မှုဖြစ်ပွားကာ သေနတ်ပစ်ဖောက်မှုများအထိ ရှိလာခဲ့သည်။၂၀၂၅ ခုနှစ် မတ်လ ၅ ရက် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု၊ ပြိန်းခမ်းကျေးရွာအနီးရှိ ရွှေလုပ်ကွက်တစ်ခုတွင် KIA နှင့် MNDAA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ KIAအဖွဲ့ဝင် (၁)ဦး အပါအဝင် (၅)သေဆုံးခဲ့ပြီး၊အဆိုပါရွှေလုပ်ကွက်တွင် ရွှေတူးဖော်နေသော တရုတ်လူမျိုးများအား KIAက ဆက်မတူးဖော်ရန်သွားပြောစဉ် စကားနားမထောင်ရာမှ အချင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[၃၉]ထိုကဲ့သို့သော တင်းမာမှုများသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်တွင် ကိုးကန့်တပ် MNDAA က ဒရုန်းများအပါအဝင် လက်နက်ကြီးများဖြင့် မြေပြင်တပ်နှင့် တိုက်ခိုက်ပြီး ဖြေရှင်းခဲ့သည်။ထိုအရာသည် ကွတ်ခိုင်မြို့တွင် MNDAA ဘက်က CCTV ကင်မရာများ တပ်ဆင်ခြင်းကို TNLA က တားဆီးခဲ့သည့် ဖေဖော်ဝါရီလ စစ်ရေးတင်းမာခဲ့မှု ဖြစ်စဉ်ကြောင့် ဖြစ်သည်။[၄၀]
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့၌ MNDAA တပ်ဖွဲ့က CCTV များ တပ်ဆင်ခဲ့မှုနှင့် ပတ်သက်၍ MNDAAနှင့် TNLA တပ်ဖွဲ့ကြား ပဋိပက္ခများ ဖြစ်ခဲ့သည်။နောက်ဆက်တွဲအနေဖြင့် ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA ရုံးများအား TNLA က ပိတ်သိမ်းခိုင်းခဲ့သည်။[၄၁]
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်ခဲ့သည်။[၄၂]ထို့နောက် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာများတွင် ကိုးကန့်တပ် (MNDAA) က တအာင်း (ပလောင်) စာပေနှင့် အလံများ အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့သည်။ ယင်းအပြင် MNDAA တပ်ဖွဲ့သည် တအာင်းစာဖြင့် ရေးသားထားသော ရွာအဝင်ဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့သည့်အပြင်၊ ကျေးရွာရှိ စာသင်ကျောင်းများတွင်လည်း တအာင်းအလံများ မထောင်ရန်နှင့် ကျောင်းဆိုင်းဘုတ်များတွင် တအာင်းစာများ မရေးသားရန် ပြောဆိုတားမြစ်ခဲ့ကြသည်။[၄၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မိုင်းခြိူဝ်းဇာရ် (2024-01-08)။ ကွတ်ခိုင်မြို့ကို TNLA အပြီးသတ်သိမ်းပိုက် (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ မြတ်ပန်း (2024-01-01)။ ကွတ်ခိုင်ဗျူဟာကို သိမ်းနိုင်ရန် မြောက်ပိုင်းတပ်များ တိုက်ခိုက်နေ (in en-US)။ 9 November 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာ၌ တပ်မတော်နှင့် ညီနောင်မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီး နှစ်ဖက်အကျအဆုံးရှိကာ အရပ်သားတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ NoungNoung၊ Nang (2022-11-14)။ ကွတ်ခိုင်မြို့နယ်တွင် KIA တပ်ဖွဲ့မှ ကားသမားများထံ အဆမတန် ငွေကောက်ခံနေ (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2023-10-08)။ ကွက်ခိုင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ TNLA နှင့် SSPP တို့ အကြား တွေ့ဆုံဆွေးနွေးပြီး သင်ပုန်းချေ၊ တော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မည် (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2023-10-08)။ အပြန်အလှန်ပစ်ခတ်နေတဲ့ TNLA နဲ့ SSPP ကြား သဘောတူညီမှုရ (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာ၌ တပ်မတော်နှင့် ညီနောင်မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီး နှစ်ဖက်အကျအဆုံးရှိကာ အရပ်သားတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (0001-11-30)။ ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ (in en-US)။ 4 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ admin (2022-11-18)။ ကွတ်ခိုင် - တာမိုးညဲရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် တပ်စခန်းတို့အား MNDAA သွားရောက်တိုက်ခိုက်၍ တိုက်ပွဲအပြင်းအထန် ဖြစ်ပွား (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ တာမိုးညဲတိုက်ပွဲ နေအိမ်အချို့ ပျက်စီး (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာ၌ တပ်မတော်နှင့် ညီနောင်မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီး နှစ်ဖက်အကျအဆုံးရှိကာ အရပ်သားတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ NP News။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ KNG (2022-07-28)။ ကွတ်ခိုင် နမ်ဖလွန်အနီး စစ်ကောင်စီ နှင့် KIA တိုက်ပွဲ ဖြစ်ပွား (in en-GB)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ NoungNoung၊ Nang (2023-06-13)။ ကွတ်ခိုင်မြို့နယ် KIA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ ရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲ (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ မြတ်ပန်း၊ မောင်ရွှေဝါ (2023-07-19)။ ကွတ်ခိုင်မြို့အနီးရှိ စစ်ကောင်စီအထိုင်စခန်းကို KIA သိမ်းပိုက် (in en-US)။ 11 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ မြတ်ပန်း (2023-07-12)။ ကွတ်ခိုင်မြို့အနီး စစ်ကောင်စီယာဉ်တန်း ၃ ကြိမ် တိုက်ခိုက်ခံရ (in en-US)။ 9 March 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Agency၊ Yangon Khit Thit News (2023-10-31)။ မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်နှင့်လားရှိုးမြို့နယ် တို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ကို ထပ်မံသိမ်းပိုက်ရရှိ၊ စစ် သား ၄ ဦး အရှင်ဖမ်းမိပြီး ဆက်လက်တိုက်ပွဲပြင်းထန် (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ KNG (2023-11-15)။ ကွတ်ခိုင် ဒတ်နှိုင်းစစ်ကောင်စီတပ်စခန်းတိုက်ခိုက် သိမ်းပိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး (in en-GB)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ MPM (2023-11-16)။ ကွတ်ခိုင်၊ ဒတ်နှိုင်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံး » Myanmar Peace Monitor (in my-MM)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက် (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ စောရယ် (2024-01-25)။ တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ မောင်ရွှေဝါ၊ မင်းမောင် (2024-01-15)။ ကွတ်ခိုင်မြို့ နမ့်ဖတ်ကာရွာမှ တပ်စခန်းကို KIA သိမ်းပိုက် (in en-US)။ 13 August 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-01-25)။ ကွတ်ခိုင် နမ့်ဖတ်ကာရွာ တပ်စခန်းကို KIA တိုက်ခိုက်သိမ်းယူ (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-01-16)။ ကွတ်ခိုင်က စစ်ကောင်စီ ခြေလျင်တပ်ရင်းကို KIA တိုက်ခိုက်သိမ်းယူ (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် လွိုင်ကော်ဒေသတို့တွင် တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေများ (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ ရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲဒေသရှိ တပ်မတော်တပ်ရင်းအား Drop Bomb အလုံးရာကျော်ချ၍ တိုက်ခိုက်နေသဖြင့် ခုခံလျက်ရှိပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုများကို အမြန်ဆုံးကာကွယ်နိုင်ရန် ဆောင်ရွက်နေဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ မြတ်ပန်း (2024-01-01)။ ကွတ်ခိုင်ဗျူဟာကို သိမ်းနိုင်ရန် မြောက်ပိုင်းတပ်များ တိုက်ခိုက်နေ (in en-US)။ 9 November 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2024-01-08)။ သိန္နီနဲ့ ကွတ်ခိုင်ကို သိမ်းပိုက်လိုက်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန် (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ မင်းမောင် (2024-01-08)။ ကွတ်ခိုင်မြို့နှင့် သိန္နီအခြေစိုက် စကခ (၁၆) ကို မြောက်ပိုင်းသုံးဖွဲ့သိမ်းပိုက် (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ဧရာဝတီ (2025-01-29)။ မြေပြင်တပ်တွေ ပွတ်တိုက်မှု ဖြေရှင်းမယ်လို့ TNLA နဲ့ KIA ပြော (ရုပ်/သံ) (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ မင်းမောင်၊ မြတ်ပန်း (2024-04-23)။ ကွတ်ခိုင်မြို့တွင် KIA, TNLA အပြင် MNDAA လည်း တပ်စွဲနေရာယူထား (in en-US)။ 14 November 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ KNG (2024-02-14)။ TNLA ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဒေသခံတွကိုခွဲခြားဆက်ဆံနေ (in en-GB)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ LuduNwayOo (2024-04-14)။ ကွတ်ခိုင်ရှိ KIO/KIA ရုံး မနက်ဖြန်နောက်ဆုံးထားဖယ်ပေးရန် TNLA ပြောလာဟု ကချင်စစ်ရေး သတင်းရင်းမြစ်ပြော (in my-MM)။ 22 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ ဗွီအိုအေ (မြန်မာဌာန) (2024-04-15)။ ကွတ်ခိုင်အခြေစိုက် KIA ဆက်ဆံရေးရုံးပိတ်ဖို့ TNLA တောင်းဆို (in my)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ မင်းမောင်၊ မြတ်ပန်း (2024-02-13)။ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ TNLA နှင့် KIA ဆက်ဆံရေးတင်းမာ (in en-US)။ 17 November 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ ကွတ်ခိုင်- KIA နဲ့ TNLA ကြားကပဋိပက္ခနဲ့ ပြည်သူ့အသံ (in my) (2025-03-09)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2025-03-11)။ ကွတ်ခိုင်တွင် KIA ဆက်ဆံရေးရုံးဖွင့်လိုပါက ညှိနှိုင်းရန် TNLA ပြော (in en-US)။ 15 September 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ သူရမောင် (2025-03-08)။ ကွတ်ခိုင်မြို့ထဲမှ KIA တပ်များ TNLA ဖယ်ရှား (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ NP News။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ TNLA ထိန်းချုပ် ကွတ်ခိုင်မြို့ကို MNDAA က ထိုးစစ်ဆင် (in en)။ 2026-05-15 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2026-03-16)။ မဟာမိတ် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို MNDAA သိမ်းပိုက် (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ Now၊ Myanmar (2026-03-16)။ မဟာမိတ် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို MNDAA သိမ်းပိုက် (in en-US)။ 2026-05-15 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ KNG (2026-04-27)။ ကွတ်ခိုင်မှာ တအာင်းစာပေနဲ့အလံသုံးခွင့် ကိုးကန့်ကပိတ်ပင်ထား (in en-GB)။ 2026-05-15 တွင် ပြန်စစ်ပြီး။