ဩဇာသီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဩဇာသီးက ပုံစံအမျိုးမျိုးရှိကြောင်း၊ လုံးလုံးဝိုင်းဝိုင်း ရှိသလို၊ အဖုအထစ်တွေနဲ့ အသီးတွေလဲ ရှိကြောင်း၊ ဒါပေမယ့် နှလုံးပုံသဏ္ဌာန် အသီးတွေလဲရှိတာမို့နွားအသည်ရဲ့ နှလုံးလို့ တင်စားခေါ်တာတဲ့လေ။

တစ်နေ့ဈေးကပြန်လာတဲ့ ညီမလေးယုက အားရဝမ်းသာနဲ့-“ မမကြီးရေ၊ မမစားချင်တဲ့ ဩဇာသီးတွေ ရလာပြီ။“ဈေးသည်တောင်းဖွင့်တာနဲ့ မမအကြိုက် ခြင်းကွဲတွေလေ။“ ယုကခြင်းကွဲ မရသေးတာနဲ့ မမကြီးကို ဝယ်မကျွေးတာ။“ အခုတော့ရပြီ။ လာစားလေ”ဆိုပြီး ပါလာတဲ့ ဩဇာသီးထဲက နှစ်လုံးကို ပန်းကန်နဲ့ ထည့်ကျွေးပါတယ်။ယုထည့်နေတာကို စောင့်နေရင်းဖေဖေနဲ့ မေမေတို့ကို ကျွန်မ သတိရမိ သွားပါတယ်။ ဖေဖေရော မေမေပါ ဩဇာသီးကြိုက်ကြ တာပါ။ကျွန်မတို့ ငယ်ငယ် ကပေါ့။ ပြည်ဘက်က ဩဇာသီး ကောင်းတာကြောင့် အန်တီတစ်ယောက် ဩဇာသီး ပေါ်ချိန်ဆိုရင် ကီလီဈေးသွားပြီး ဩဇာသီးခြင်းလိုက် သွားဝယ် တတ်ပါတယ်။အန်တီ့ အပြောအရ ပြည်ခရိုင်မှာ ဩဇာသီးပင်တွေကို စီးပွားရေးအဖြစ် စိုက်ကြတယ်။ အထူးသဖြင့် ဧရာဝတီ မြစ်ရိုးတစ်လျှောက်လုံးမှာ စိုက်ကြတာတဲ့။ ဒီ့အပြင် ပြင်ဦးလွင်အနီးရှိ အနီးစခန်း၊ ကရင်ပြည်နယ်အတွင်းရှိ သံတောင်မှာလဲ စိုက်ကြတာဆိုပဲ။ တစ်ခါတစ်ရံ အန်တီ ဝယ်လာတဲ့ ဩဇာသီးခြင်းထဲမှာ ခရမ်းရင့်ရောင် ဆန်ဆန် နီညိုလုလု အလုံးတွေ ပါလာတတ်ပါတယ်။ဒါကိုညီမလေးက အန်တီဘာလို့ အပုပ်တွေ ဝယ်လာတာလဲလို့ မေးတယ်ဆိုရင် အန်တီက မဟုတ်ကြောင်း။ ပြည်ဩဇာက ဒီလိုအရောင်ကွဲရှိတယ်။အထဲက အရသာ အတူတူပဲ။ပုပ်တာမဟုတ်ဘူးဆိုပြီး ခွဲကျွေးတာကို ကျွန်မမှတ်မိ နေပါသေးတယ်။ အသီးတွေ မပုပ်ရအောင် ထင်ပါရဲ့။အန်တီ့ဩဇာသီးခြင်း ဖွင့်လိုက်ရင် ဩဇာသီးတွေကို တော်တော်နဲ့ မတွေ့ရပါဘူး။ အင်ဖက်တွေပဲ အထပ်လိုက် ထွက်လာတာပါ။

အန်တီက ခြင်းကွဲပါလာရင် ဩဇာသီး ကြိုက်တတ်တဲ့ မေမေ့အတွက် ဖယ်ထားပြီး ကျန်တဲ့အလုံးအတွေကို အကြီးအသေး၊ မှည့်ခါနီး၊ အုပ်ထားဖို့ လိုတာ စသည်ဖြင့် သပ်သပ်စီ ဖယ်ထားလိုက် ပါတယ်။အုပ်ပြီးထားတဲ့ ဩဇာသီးတွေ ကိုတော့ အန်တီက မှန်မှန်ကြည့်ပေး နေရတာပါ။ အပင်ကအသီး ရင့်မှခူးလို့ ထင်ပါရဲ့။ သိပ်ကြာကြာ မအုပ်ရပါဘူး။ အသီးတွေက တစ်လုံးပြီးတစ်လုံး မှည့်လိုက်လာပါ တော့တယ်။မေမေက ဩဇာသီးကြိုက်တာကြောင့် ကလေးတွေကို အစေ့ပေးပြီး စိုက်ခုင်းခဲ့တယ်။ အပင်ပေါက်လာတော့ မေမေ့ အိပ်ခန်းခြေရင်းဘက်မှာ စိုက်ခိုင်းလိုက် ပါတယ်။ လောင်းရိပ်မိလို့ ထင်ပါရဲ့။ မေမေ့အပင်ကလေးက ငါးနှစ်၊ ခြောက်နှစ် ကြာတာတောင် ပုပုလေး နေနေတာပါ။တကယ်တော့ ဩဇာသီးဆိုတာဟာ အစေ့ကစိုက်မှ ရတာမျိုး မဟုတ်ပါဘူး။ ကိုင်းကူးစိုက်လဲ ရတာပါ။ တချို့က ကိုင်းရင့်ရင့် ထိုးစိုက်ရင်တောင် ရတယ်လို့ ပြောကြသေးတယ်။ ဒါပေမယ့် မေမေက မေမေကိုယ်တိုင် စားပြီး စိတ်ကြိုက်ဖြစ်မှ အစေ့ကို ပျိုးခုင်းခဲ့တာပါ။ ကျွန်မနဲ့ ယုက မေမေ့ကို-“ ဩဇာသီးကို ဈေးမှာ လက်ရွေးစင် အလုံးဖြစ်ဖြစ်၊ ခြင်းကွဲ စောင့်ဝယ်ရင်ဖြစ်ဖြစ် ကြုက်သလို ဝယ်စားရတာပဲ။ မေမေ့သက်ကြီးပု အပင်လေးက သီးပါ့မလား။ သနားစရာ အပင်လေးပါလား ”လို့ ပြောတတ်ကြပါတယ်။ကျွန်မတို့ ပြောကြပြီး မကြာပါဘူး။အဲဒီ သက်ကြီးပု ဩဇာပင်ကလေးက အသီးတစ်လုံး သီးကြောင်း၊ဦးဦးဖျားဖျားမို့ ဆွမ်းတော် တင်လိုက်ကြောင်း မေမေ့စာမှာ ပါလာပါတယ်။ဒါကြောင့် ကျွန်မတို့ ညီအစ်မ နှစ်ယောက်က -“ ဘယ်ဆိုးလို့လဲ။ သက်ကြီးပုက လာသားပဲ” “ ဒီတစ်ခါ ရန်ကုန်ရောက်ရင်တော့ လေတို့၊နေတို့ ရတဲ့နေရာကို ပြောင်းစိုက်ရအောင်” လို့ တိုင်ပင်လိုက် ကြတယ်။အဲဒီနှစ် ရန်ကုန်ပြန်ရောက်တော့ သက်ကြီးပု ဩဇာပင်ကို နေရာပြောင်း စိုက်ခိုင်းလိုက်ပါတယ်။လေတွေ၊ နေတွေ ရလို့ထင်ပါရဲ့။ အပင်က ပြောင်းစိုက်တဲ့ ပထမနှစ်မှာပဲ အရွက်တွေ ဝေဝေဆာဆာ ဖြစ်လာတာကို တွေ့ရပါတယ်။ ပြောင်းစိုက်ပြီး ဒုတိယနှစ်ကျမှပဲ အသီးပြန်သီးတာကို တွေ့ရပါတယ်။ခြံထဲက ရှဥ့်တွေ၊ကျေးတွေ ရန်ကြောက်ရတာကြောင့် ဩဇာသီးကို မှည့်အောင်ထားစားလို့ မဖြစ်ပါဘူး။နောက်သူ့သဘာဝက အမှည့်မြန်တာကြောင့် အပင်မှာ အက်ကွဲသည်အထိ ထားမရပါဘူး။ တစ်ခါမှာ မေမေက ပင်မှည့်စားချင်တယ် ပြောထားတာကြောင့် မခူးဘဲထားရင်း နောက်တစ်နေ့မှာ အပင်မှာ အညှာသာကျန်ပြီး အသီးက ကွဲပြီးမြေပေါ်ကျနေတာ တွေ့ရပါတယ်။ ဒီ့နောက် မေမေက ရင့်တာနဲ့ ခူးခိုင်းတော့ တာပါပဲ။ဒါကြောင့် အသီးတော်တော် ရင့်ပြီး မျက်စိကျဲလာတာနဲ့ ခူးပြီး အုပ်ထားရတာပါ။အန်တီက ဒါကို ကျွမ်းကျင်တာကြောင့် ခြံထဲက အသီးတွေမှန်သမျှ အန်တီပဲ ခူးခိုင်းပြီးစားဖို့ အုပ်ထားပေးစမြဲပါ။ကျွန်မ ဘန်ကောက်ပြန်တဲ့ တစ်ခေါက်မှာ အန်တီပါ လိုက်ခဲ့ပါတယ်။အန်တီ ပါလာတာကြောင့် ကျွန်မရဲ့ထိုင်းသူငယ်ချင်း တစ်ယောက်က ဘန်ကောက်နားရှိ တလတ်နမ်ဒုအန်ဝိုင်- Talat Nam Dong Wai(သူတို့က ဈေးကို တလတ် - Talat လို့ ခေါ်ကြပါတယ်။) ရေပေါ်ဈေးကို လိုက်ပို့ပေး ပါတယ်။ဈေးထဲ လျှောက်သွားရင်းနဲ့ ဧရာမ ဩဇာသီးကြီးတွေကို တွေ့တော့ အန်တီက ကျွန်မကို -“ အဲဒါတွေက ဩဇာသီး ဟုတ်ရဲ့လား။ကြီးလှ ချည့်လား။တစ်လုံးကို ၅ဝကျပ်သားလောက် ရှိမလားတောင် မသိဘူး။တစ်လုံးလောက် ဝယ်သွားရအောင်။အန်တီ အုပ်ပေးထားမယ်” လို့ ပြောပါတော့တယ်။ အန်တီ့အပြောကို ကျွန်မသဘောကျပြီး ပြုံးမိပါတယ်။

ဩဇာသီး အလုံးကြီးတာကြောင့် တချို့က ဒီဩဇာသီးမျိုးကို Bull's Heart,Bullock's Heart လို့တောင် ခေါ်ကြတာဆိုပဲ။ကျွန်မ လာအိုနိုင်ငံမှာ တာဝန်နဲ့ နေခဲ့စဉ်ကလဲ ရုံးကဝန်ထမ်းတွေက ကျွန်မကို-“ ဒေါက်တာခင် Bull's Heart-Bullocks' Heart (နွားအသည်းနှလုံး) အသီးစားဖူးလားလို့ မေးခဲ့ဖူးပါတယ်။ကျွန်မ သူတို့ပြောတဲ့ အသီးကို မကြားဖူးပါဘူး။ ဘာသီးမှန်း မသိတာနဲ့ ကျွန်မရဲ့ စာရေးမလေးကို ဝယ်လာခိုင်း ရပါတယ်။ တစ်နေ့ သူဈေးက ဝယ်လာပေးမှ ဩဇာသီး ဖြစ်နေတာကို သိရပါတော့တယ်။ အဲဒီတုန်းက အသီးရဲ့ အရွယ်အစားက ကျွန်မ ရန်ကုန်မှာ စားရတဲ့ အရွယ်အစားလောက်ပ ဲရှိတာပါ။ဘာမှ မထူးခြားတာကြောင့် သူတို့တစ်တွေ ဘာကြောင့်များ Bull's Heart, Bullocks' Heart လို့ ခေါ်ပါလိမ့်လို့ ကျွန်မ စဉ်းစားမရ ဖြစ်နေမိတယ်။ စာရေးမလေးကို မေးတော့လဲ သူက မသိပါဘူး။ တခြားဝန်ထမ်းတွေကို မေးကြည့်တော့လဲ အဲဒီလို ခေါ်တာကြားဖူးတယ် လို့ပဲ ဖြေကြပါတယ်။ဒါကြောင့် ကျွန်မလဲ သိဖို့ မကြိုးစား တော့ပါဘူး။ အခု ထိုင်းရေပေါ်ဈေးမှာ ဧရာမ ဩဇာသီးကြီးတွေကို ကျွန်မတွေ့မှ သူတို့ဘာကြောင့် Bull's Heart, Bullocks' Heart လို့တင်စား ခေါ်ကြောင်း ရှင်းသွားပါတော့တယ်။ သူတို့ အပြောအရ ဩဇာသီးက ပုံစံအမျိုးမျိုးရှိကြောင်း။ လုံးလုံးဝိုင်းဝိုင်း ရှိသလို၊ အဖုအထစ်တွေနဲ့ အသီးတွေလဲ ရှိကြောင်း။ ဒါပေမယ့် နှလုံးပုံသဏ္ဌာန် အသီးတွေလဲ ရှိတာမို့ နွားအသည်းနှလုံးလို့ တင်စား ခေါ်တာတဲ့လေ။ဒါကို ကျွန်မက အန်တီ့ကို ရှင်းပြတော့ -“ နွားနှလုံး မဟုတ်ပါဘူး။သူတို့ ဩဇာသီးက တော်တော်ကြီးတာ။ ဆင်နှလုံးလို့တောင် ခေါ်ရမလား မသိဘူး ”လို့ ဩဇာသီးကြီးတွေကို ကြည့်ပြီး ပြောနေပါတော့တယ်။ဩဇာသီးက အလုံးတင် ကြီးတာ မဟုတ်ပါဘူး။ ဈေးကလဲ သေးတာ မဟုတ်ပါဘူး။ အန်တီစားဖူးအောင် ကျွန်မဝယ်မလို့ လုပ်တော့ အန်တီက ကျွန်မကို တားပါတယ်။ ဒီလောက်ကြီးတာ တစ်ခါတည်းနဲ့ စားကုန်မှာ မဟုတ်ဘူး။တစ်နေကုန် ကုန်အောင် စားရရင်လဲ ချောင်းဆိုး ရင်ကျပ်ဖြစ်နေတာနဲ့ ဒုက္ခရောက်နေပါဦးမယ်။ မဝယ်ပါနဲ့။အရွယ်တော် အလုံးတွေ့မှ ဝယ်ပေး”လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပဲ အဲဒီနေ့က ကျွန်မဩဇာသီး မဝယ်ဖြစ် ခဲ့ပါဘူး။


ရေးသားသူ-ဒေါက်တာ ခင်လက်ျာ