ဧမောင်၊ ဦး(ပါမောက္ခ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဝဏ္ဏကျော်ထင်၊ သီရိပျံချီ ပါမောက္ခ
ဧမောင်
မွေးဖွား(1905-01-27)၂၇ ဇန်နဝါရီ၊ ၁၉၀၅
ကျုံပျော်မြို့ပုသိမ်ခရိုင်ဗြိတိသျှဘားမား
ကွယ်လွန်၁ ဖေဖော်ဝါရီ၊ ၁၉၈၅(1985-02-01) (အသက် ၈၀)
အလုပ်အကိုင်စာရေးဆရာ၊ ပါမောက္ခ
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
စာပေလှုပ်ရှားမှုခေတ်စမ်းစာပေ
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့(၁၉၅ဝ)
သီရိပျံချီဘွဲ့ (၁၉၆၂)
အိမ်ထောင်ဖက်ဒေါ်ခင်မြမူ(မဟာဝိဇ္ဇာ)

ဧမောင် (ခရစ် ၁၉ဝ၅-၁၉၈၅) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ပါမောက္ခ ဆရာတစ်ဦး ဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူများအနက် တစ်ဦး ဖြစ်သည့်အပြင်၊ ကျောင်းသုံးစကားပြေနှင့် မြန်မာသဒ္ဒါသစ် တို့ကို ဦးစီးပြုစုခဲ့သူ ဖြစ်သည်။ ၁၉၃၀ ခုနှစ်ဝန်းကျင် ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဇော်ဂျီသိပ္ပံမောင်ဝမင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ကုသနှင့် ဧမောင် တို့သည် ဦးဆောင်ပါဝင်ကြသူများ ဖြစ်သည်။

ငယ်စဉ်ဘဝ နှင့် ပညာရေး[ပြင်ဆင်ရန်]

မြန်မာစာ ပါမောက္ခ ဦးဧမောင်ကို ၁၉ဝ၅ ခုနှစ် ဇန်န ဝါရီလ ၂၇ ရက် နေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့၌ အဖ မြေပိုင်ရှင် ဦးဘိုးညှင်း၊ အမိ ဒေါ်လှပုံတို့က မွေးဖွားသည်။

ကျုံပျော်မြို့ အစိုးရမြန်မာကျောင်းမှ နဝမတန်းအောင်မြင် သည်။ ထို့နောက် ရန်ကုန်မြို့ စိန်ဂျွန်းကောလိပ်ကျောင်းတွင် ဆက်လက်ပညာသင်ယူခဲ့သည်။ စိန်ဂျွန်းကောလိပ်မှ သတ္တမ တန်းအောင်မြင်ပြီး အစိုးရအင်္ဂလိပ်-မြန်မာ အထက်တန်း ကျောင်းတွင် နဝမတန်းမှစ၍ တက်ရောက်ပညာသင်ခွင့်ရခဲ့သည်။ နဝမတန်းတွင် အင်္ဂလိပ်စာ စာစီစာကုံးဆုများ ရရှိခဲ့သည်။ ထို့နောက် ၁ဝ တန်း၌ ပြည်ထဲရေးဝန်ကြီး ဦးမေအောင်၏ဆုကို ရရှိခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို အင်္ဂလိပ်စာ၊ အပိုအင်္ဂလိပ်စာ၊ ပထဝီဝင်နှင့် မြန်မာစာတို့တွင် ဂုဏ်ထူးဖြင့် အောင်မြင်သည်။ ၁၉၂၅ ခုနှစ်တွင် တက္ကသိုလ်သို့ရောက်ခဲ့ရာ စကောလား ရှစ် ရသည်။ ၁၉၂၇ ခုနှစ်တွင် ဥပစာတန်း အောင်မြင်၍ မြန်မာစာ ဂုဏ်ထူးတန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်းကို အောင်မြင်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်း[ပြင်ဆင်ရန်]

ဝိဇ္ဇာဂုဏ်ထူးတန်း အောင်မြင်ပြီးနောက် အချိန်ပိုင်းနည်းပြ ဆရာအဖြစ် အမှုထမ်းယင်း မဟာဝိဇ္ဇာတန်းသို့ တက်ရောက်၍ တက္ကသိုလ် မောင်သန့်စင် ကလောင်အမည်ဖြင့် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုများ စတင်ရေးသားခဲ့သည်။ မောင်ဧမောင်၊ ရေခဲမောင် စသည့် ကလောင်အမည်များဖြင့်လည်း တက္ကသိုလ်ကျောင်းတိုက် နှစ်လည်မဂ္ဂဇင်း၊ ဂန္တလောကမဂ္ဂဇင်း၊ အမျိုးသားယဉ်ကျေးမှု စာစောင် စသည်များတွင် စာပေများ ရေးသားခဲ့သည်။

၁၉၃၁ ခုနှစ်တွင် မဟာဝိဇ္ဇာတန်းကို ပထမတန်းဂုဏ်ထူး ဖြင့် အောင်မြင်ပြီးနောက် အချိန်ပြည့် နည်းပြဆရာအဖြစ် အမှုထမ်းသည်။ ၁၉၃၄ ခုနှစ်တွင် အထက်တန်း နည်းပြဆရာ ဖြစ်ခဲ့သည်။ ထိုနှစ်တွင် ကျောက်စာဌာန သုတေသနအရာရှိ ဒေါ်ခင်မြမူ(မဟာဝိဇ္ဇာ)နှင့် လက်ထပ်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် လက်ထောက်ကထိကရာထူး ခန့်အပ်ခံရသည်။ ၁၉၄၁ ခုနှစ်တွင် မြန်မာစာဌာနမှူးအဖြစ် ဆောင်ရွက်ရသည်။

ထို့နောက် ၁၉၄၁ ခုနှစ် အောက်တိုဘာလမှ ၁၉၆၂ ခုနှစ် မေလအထိ မြန်မာစာပါမောက္ခအဖြစ် ထမ်းရွက်သည်။ မြန်မာစာဌာနတွင် ထမ်းရွက်စဉ် အင်္ဂလန်နိုင်ငံသို့ ခြောက်လကြာ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ယဉ်ကျေးမှုမိတ်ဆက်အဖွဲ့ဝင်တစ်ဦးအဖြစ် လေ့လာရေးခရီးများ သွားရောက်ခဲ့သည်။

ပါမောက္ခ ဦးဧမောင်သည် ၁၉၅ဝ ပြည့်နှစ်တွင် ဝဏ္ဏ ကျော်ထင်ဘွဲ့နှင့် ၁၉၆၂ ခုနှစ်တွင် သီရိပျံချီဘွဲ့ကို ရရှိခဲ့သည်။ ပါမောက္ခအဖြစ်မှ အငြိမ်းစားယူပြီးနောက် ၁၉၆၄ ခုနှစ်တွင် မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန် ကော်မရှင် (မြန်မာစာအဖွဲ့) တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခြင်း ခံရသည်။

ပါမောက္ခ ဦးဧမောင်သည် စာပေဗိမာန်သုခမိန်အဖွဲ့ဝင် လူကြီး၊ မြန်မာ့ယဉ်ကျေးမှုအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ့ကောင်စီ စာတည်းချုပ်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ သုတေသနအသင်း အမှုဆောင်လူကြီး စသော တာဝန်များကိုလည်း ထမ်းရွက်ခဲ့သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ပါမောက္ခ ဦးဧမောင်သည် စာအုပ်စာပေများ ရေးသားပြုစုခဲ့ရာ အလယ်တန်းကျောင်းသုံးစကားပြေနှင့် ကဗျာကောက်နုတ်ချက်၊ အထက်တန်းစကားပြေနှင့် ကဗျာကောက်နုတ်ချက် ပထမတွဲ၊ ကဗျာ့ပန်းကုံး၊ စစ်တက္ကသိုလ်သုံး တက္ကသိုလ်စကားပြေ လက်ရွေးစင်၊ ပုဂံကျောက်စာလက်ရွေးစင်၊ မြန်မာသတ်ပုံ သမိုင်းအကျဉ်းချုပ်နှင့် စိန္ဒကျော်သူ ဦးဩ၏ ကဝိလက္ခဏ သတ်ပုံကျမ်းတို့ကို တည်းဖြတ်သည်။ ဆုတောင်းခန်းပျို့၊ ပါရမီ တော်ခန်းပျို့၊ စတုဓမ္မသာရကိုးခန်းပျို့၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ နေမိဘုံခန်းပျို့၊ ငရဲခန်းပျို့တို့ကို တည်းဖြတ်ရာ၌ အထွေထွေ တည်းဖြတ် ကြီးကြပ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ အနုစာပေ ကောက်နုတ်ချက်ကို လည်း ရွေးချယ်တည်းဖြတ်ပြုစုခဲ့သည်။

မြန်မာစာဌာနအတွက် ပုဂံ၊ ညောင်ဦးနှင့် အခြားမြို့မျာသို့ အခေါက်ပေါင်းများစွာသွား၍ ပုဂံ၊ ပင်းယ၊ အင်းဝကျောက်စာများကို ကူးယူစုဆောင်းခဲ့သည်။ မြန်မာဂုဏ်ဂျာနယ်ကိုလည်း မြန်မာစာအသင်းက ထုတ်ဝေစေခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ သုတေသနအသင်းအတွက် မွေ့နွန်း ရကန်ကို ၁၉၃၃ ခုနှစ်တွင် တည်းဖြတ်ပေးခဲ့သည်။ ၁၉၃၄-၃၅-ခုနှစ်တွင် အင်္ဂလိပ်ရာဇဝင်မူလအစ ကို၎င်း၊ ၁၉၃၉-ခုနှစ်တွင် အထက်တန်း ဗြိတိသျှရာဇဝင်ကို၎င်း ဘာသာပြန်ခဲ့သည်။

မြန်မာစာကော်မရှင်တွင် မြန်မာသဒ္ဒါနှင့် စာစီစာကုံး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်ဖြင့် မြန်မာသဒ္ဒါသစ် ပထမအုပ်နှင့် လက်တွေ့မြန်မာစာ စာစီစာကုံးစာအုပ်တို့ကိုလည်း ဦးစီးပြုစုခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဇနီးဖြစ်သူ ကွယ်လွန်ပြီးနောက် ပါမောက္ခဦးဧမောင်သည် နေအိမ် တိုက်တာ၊ စာအုပ် စာတမ်းမကျန် တန်ဖိုးသိန်း ၆ဝ ခန့်ရှိ မိမိပိုင် ပစ္စည်းများကို သံဃာ့ဆေးရုံနှင့် ဗုဒ္ဓသာသနာ ကိစ္စများအတွက် လှူဒါန်းခဲ့သည်။ပါမောက္ခ ဦးဧမောင်သည် ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)