ဧဘိသိက်ပွဲ

ဝီကီပီးဒီးယား မှ

ဧဘိသိက်ပွဲ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၃၆ ခုနှစ်တွင် မင်းတုန်းမင်းတရားသည် ရာဇဘိသိက်၊ မုဒ္ဓါဘိသိက်၊ သီရိ၊ ပဝေသနဘိသိက်ခံတော်မူသည့် ဘိသိက်ပွဲအကြောင်းကို ဖွဲ့ဆိုထားသည်။

ဧဘိသိက်ပွဲ[ပြင်ဆင်ရန်]

သိုက်ငါးတန် ကျမ်းဂန်နှိပ်ပါတဲ့၊ မန်းရိပ်ခိုသေလာတွင်းမတော့၊ မိဓိလာ နေမိမင်းကဲ့သို့၊ သတင်းဆောက်တည်ချုပ်၊ ဥပုဿ်တော် ဆောက်ကာရွက်သူနှင့်၊ စာကျက်သူ ကလျာဏတွေပြင်၊ တာပသသရှင်ရဟန်းတို့ကို၊ လှူဒါန်းကာပဏာလှုံ၍၊ ဓမ္မာရုံပတ်လည်ဝိုင်းမိအောင်၊ ရပ်တိုင်းတွင်ကုသိုလ်ပြုပေတဲ့၊ လောင်းကျွတ်ဆုမုံ၊ ပွင့်လျာ။

မဟေသီ ဒေဝီနတ်ကယ်နှင့်၊ မှူးမတ်တွေဗိုလ်ခြေအုံရ၊ နွေနယုန် မေဓုန်ရက်တွင်မှ၊ နန်းဆက်တော်ရှည်အဓွန့်၊ အညွန့်ထပ်ပွားစေဖို့၊ သိကြားကလက်ယာ၊ ဗြဟ္မာကလက်ဝဲ။

သာရမဏ်ကပ္ပါ၊ သုမေဓာဗျာဒိတ်ပွဲမတော့၊ ငရဲတိုင်အဝီစိ မချိသူ အပူအေးရသတဲ့၊ နောင်လေးထွေသစ္စာမှန်တဲ့၊ ရာနန်းပိုင် ရွှေဘုံစံမတော့၊ နိယတံ မဟုတ်ငြားသော်လဲ၊ နုငါးရာပါတန်ကောင်းပေငဲ့၊ အလောင်းတော် တဆူမို့၊ သေသင့်သူလူမရှိစေနှင့်၊ ဇီဝိတံသက်ဒါန၊ ရာဇရာမှပေးနိုင်သတဲ့၊ ပူဆွေးကာ စိတ်ပင်ပန်းသူတို့၊ ထောင်တန်းမနေလျှင်းရအောင်၊ ခြေကျင်းဖြုတ်ကာချွတ်ပါလို့၊ ခွင့်သာအောင် ဖွင့်ကာလွှတ်စေဟု၊ ရာဝတ်တော် ရှောင်ပယ်လွှဲသော်ကြောင့်၊ ငရဲတိုင် အဝီစိ၊ မချိသူ အပူအေးပါလိမ့်၊ မုလေးခိုင်အောင်သပြေနှင့်၊ ရာဇဘွေပလ္လင်ပေါ်၊ ရေယာဉ်တော် စံပျော်ပါးသော်ကြောင့်၊ လှော်ကားတွေကုဋေသောင်းငဲ့ပြင်၊ ရေကြောင်းစံ ဖောင်ကရဝိက်ကယ်နှင့်၊ ဖြူရိပ်စံ ပဲ့တင်ဟိန်းလှအောင်၊ စည်ဆော်ကာ ပြည်တော်သိမ်းချေပေါ့၊ သည်ကိန်းကို သည်လိုအဖြစ်ကိုဖြင့်၊ သည်ခေတ်သည်ခါကြုံရ၊ ရတနာပုံ မန်းတောင်ရိပ်မှာ၊ ဧဘိသိက်ပွဲ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။