ဧကာသနိက်ဓုတင်

ဝီကီပီးဒီးယား မှ

ဧကာသနိက်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ဧကာသနိက်ဓုတင် ဆောက်တည်သည့် ရဟန်းသည် တစ်နေ့လျှင် တစ်နေရာတည်း၌သာ တစ်ထိုင်တည်းသော ဣရိယာပုတ်ဖြင့် ဆွမ်းဘုဉ်းပေးရ၏။ နှစ်နေရာ၊ သုံးနေရာ စသည်ဖြင့် နေရာအများ၌ ဆွမ်းဘုဉ်းပေးခြင်း မပြုရပေ။[၁]

ဆောက်တည်ပုံ[ပြင်ဆင်ရန်]

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် နာနာသနဘောဇနံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ နေရာအများ၌ စားခြင်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊

ဧကာသနိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ တစ်နေရာတည်းတစ်ထိုင်တည်း၌သာ စားလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ယင်း ဓုတင် ဆောက်တည်သော ရဟန်းသည် ဆွမ်းစား စရပ်၌ ထိုင်သောအခါ ထေရ်ကြီးတို့၏ နေရာ၌ မထိုင်မူ၍ မိမိနှင့် သင့်လျော်သော နေရာကို မှတ်သား၍ ထိုင်ရသည်၊ ဆွမ်းစား၍ မဝသေး မပြီးသေးမီ ဆရာဥပဇ္ဈာယ် ကြွလာပါမူ နေရာမှထ၍ ဝတ်ကြီး ဝတ်ငယ် ပြုလုပ် ကောင်းသည်။ တိပိဋကစူဠာဘယထေရ်ကမူ ဝတ်ကြီး, ဝတ်ငယ်ပြုပြီး ဆွမ်းကိုနောက်ထပ် ပြန်မစား ကောင်းတော့ပြီဟု ဆို၏။

ဓုတင်ဆောင် ရဟန်း ၃-မျိုး[ပြင်ဆင်ရန်]

(၁) အမြတ်စား(= ဥက္ကဋ္ဌ) ဓုတင်ဆောင် ရဟန်းသည် နည်းသည်ဖြစ်စေ, များသည်ဖြစ်စေ မိမိလက် ချထားသောဘောဇဉ်မှ တခြားဘောဇဉ်ကို ခံယူခွင့်မရှိပါ။ ဒကာဒကာမတို့က အာဟာရအလို့ငှါ မဟုတ်ပဲ ဆေးအလို့ငှါ ဆောင်လာပါမူ ခံယူကောင်းသည်။

(၂) အလတ်စား (= မဇ္ဈိမ)ဓုတင်ဆောင်ရဟန်းသည် သပိတ်၌ ဆွမ်းမကုန်သေးသမျှ တခြားဘောဇဉ်များကို ခံယူကောင်း၏၊ ယင်းကို ဘောဇနပရိယန္တိက ပုဂ္ဂိုလ်ဟုဆိုသည်။

(၃) အညံ့စား(= မုဒုက) ဓုတင်ဆောင် ရဟန်းသည် သပိတ်၌ ဆွမ်းကုန်သော်လည်း နေရာမှ မထသေးလျှင် အခြား ဘောဇဉ်ကို ခံယူ သုံးဆောင်နိုင်ခွင့် ရှိ၏၊ ယင်းကို အာသနပရိယန္တိကပုဂ္ဂိုလ်ဟုဆိုသည်။

ဓုတင် ပျက်စီးခြင်း[ပြင်ဆင်ရန်]

နှစ်နေရာ သုံးနေရာ စသည်၌ ဘုဉ်းပေးသုံးဆောင်ပါက ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

ဆွမ်းစားပြီး၍ နေရာမှထပြီးနောက် ကျန်းမာရေးအကြောင်းမရှိလျှင် ကွမ်းဝါးခြင်းပင်မအပ်၊ ထောပတ်စသည်တို့ကား အာဟာရကိစ္စဖြစ်သောကြောင့် ပို၍ပင် မအပ်ဟု ဆရာမြတ်တို့ မိန့်ဆိုကြ၏။

ဧကာသနိက ဓုတင်ဆောင်ရကျိုး[ပြင်ဆင်ရန်]

  • (၁) ကျန်းမာခြင်း၊
  • (၂) ဆင်းရဲပင်ပန်းမူ မရှိခြင်း၊
  • (၃) လျင်မြန်ပေါ့ပါးစွာ ထကြွလာနိုင်ခြင်း၊
  • (၄) ကာယခွန်အား ပြည့်ဝခြင်း၊
  • (၅) ချမ်းသာစွာ နေရခြင်း၊
  • (၆) အတိရိက်မပြုသော ဘောဇဉ်ကို စားခြင်းကြောင့် သင့်ကောင်းသော အာပတ်မသင့်ခြင်း၊
  • (၇) အပ္ပိစ္ဆတာ-စသော ဂုဏ်တို့အားလျော်သော အသက် မွေးမှုရှိခြင်းဟူသော ယင်းအကျိုးများကို ရနိုင်သည် [၂]

တိုက်တွန်းချက်[ပြင်ဆင်ရန်]

  • ဧကာသနိက်ဓုတင်ဆောင်ခြင်း၌ မွေ့လျော်နေသော ပုဂ္ဂိုလ် ကို အကြိမ်များစွာစားခြင်းကြောင့် ဖြစ်ပေါ်လာတတ်သော အနာရောဂါတို့သည် မညှင်းဆဲနိုင်၊
  • အရသာအမျိုးမျိုး၌ တပ်မက်လော်လည်ခြင်း ကင်းသောကြောင့် ပရိယတ် ပဋိပတ် ရဟန်းကိစ္စတို့ကို မဆုတ်ယုတ်စေပဲ ပြည့်စုံစေနိုင်၏၊
  • စင်ကြယ်သောအကျင့်၊ ကိလေသာခေါင်းပါးသော အကျင့်၌ မွေ့လျော်သောအရှင်မြတ်တို့သည် ချမ်းသာစွာ နေရကြောင်းဖြစ်သော ဧကာသနိက်ဓုတင်ကို အမြဲဆောင်တည်မှီဝဲကြကုန်၏။

ထို့ကြောင့် အထူးဖြူစင်သောနှလုံးသားပိုင်ရှင် ပုဂ္ဂိုလ်မြတ်တို့သည် "ဧကာသနိက်ဓုတင်ဆောင်ခြင်း၌" အမြဲမပြတ်မွေ့လျော်ခြင်းကို ပြုထိုက်လှပေတော့၏။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. (ဝိသုဒ္ဓိ၊၁၊၆၆-၇)
  3. သဗြဟ္မစာရီ-ဓမ္မဝိနယ