ဦးဦးလှစော
ဦး ဦးလှစော | |
---|---|
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၅ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဦးအောင်ထွန်းသာ |
မဲဆန္ဒနယ် | မြောက်ဦးမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြောက်ဦးမြို့နယ် ၊ရခိုင်ပြည်နယ် | မေ ၂၇၊ ၁၉၅၃
ကွယ်လွန် | မေ ၅၊ ၂၀၂၅ အိုင်ဇောလ်မြို့ ၊ မီဇိုရမ်ပြည်နယ်၊ အိန္ဒိယနိုင်ငံ | (အသက် ၇၁)
လူမျိုး | ရခိုင်လူမျိုး |
နိုင်ငံရေးပါတီ | -ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)(၁၉၉၀) - ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)(၂၀၁၀-၂၀၁၃) -ရခိုင်အမျိုးသားပါတီ (ANP) (၂၀၁၃ – ၂၀၂၁) |
ကြင်ဖော် | ဒေါ်အနွဲ့ချေ |
သားသမီး | သမီး ၂ဦး |
မိဘ | ဦးအောင်လှဇံ၊ ဒေါ်စံသာဖြူ |
မိခင်ကျောင်း | ရန်ကုန်စက်မှုတက္ကသိုလ် |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဦးဦးလှစော (၂၇ မေ ၁၉၅၃ - ၅ မေ ၂၀၂၅) သည် ရခိုင်လူမျိုး ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦး ဖြစ် သည်။မြန်မာ့နိုင်ငံရေးဖြစ်စဥ်တွင် သူသည် နိုင်ငံရေးအကျဥ်းသားတစ်ဦး အဖြစ်လည်းကောင်း၊ပါတီနိုင်ငံရေးဖြင့်လည်းကောင်း၊လွှတ်တော်အမတ်အဖြစ်လည်းကောင်း၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ၏ ဗီတာ ၁ စစ်ဒေသ နိုင်ငံရေးမှူးအဖြစ်လည်းကောင်းပါဝင်ခဲ့သည်။သူသည် မောင်ခိုင်အောင် ကလောင်အမည်ဖြင့် ကဗျာရေးခြင်း၊စာပေရေးသားခြင်းဖြင့်လည်း ဘဝကို ဖြတ်သန်းခဲ့သူဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဦးဦးလှစော ကို ၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (ကောဇာသက္ကရာဇ် ၁၃၁၅ ခုနှစ် ကဆုန်လပြည့်နေ့)တွင် ဖခင် ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူတို့ က ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ် တွင်မွေးဖွားခဲ့သည်။ငယ်စဥ်ဘဝ စာပေသင်ကြားမှုကို စစ်တွေမြို့ ၊ရူပရွာ မူလတန်းကျောင်း၌ ပညာသင်ကြားသည်။စာပေထူးချွန်သူဖြစ်သည့် အားလျော်စွာ သူသည် စစ်တွေခရိုင် ကိုယ်စားပြုသူအဖြစ်ဖြင့် စတုတ္ထတန်း စကောလားရှစ် ပထမဆုကို ရရှိခဲ့သည်။တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ဘာသာဖြင့် အောင်မြင်ပြီး၊ သင်္ချာဘာသာရပ်ကို အမှတ် ၁၀၀ အပြည့် ရရှိခဲ့သည်။ယင်းနောက် ရန်ကုန်မြို့ ရှိ စက်မှုတက္ကသိုလ် သို့ တက်ခွင့်ရ၍ တက်ရောက်သည်။
နိုင်ငံရေးလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမှုအပြီး ၇ နှစ်အကြာ ဒုတိယအကြီမ်ဖြစ်ပွားသော ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေးအခင်း တွင် သူလည်းပါဝင်ခဲ့သည်။[၁] ထင်ရှားသူများထဲ ပါဝင်ခဲ့မှုကြောင့် သူ့အသက် ၁၆နှစ် ရန်ကုန်စက်မှုတက္ကသိုလ် တက်စမှာပင် ကျောင်း ၂နှစ် အထုတ်ခဲ့ရသည်။ကျောင်းထုတ်ခံရပြီး ပြန်တက်ခွင့်ရသည့်အတွက် ကျောင်းပြန်တက်နေဆဲမှာပင် ၁၉၇၅ ခုနှစ် ရွှေတိဂုံအထွေထွေသပိတ် ထဲ ပါဝင်ခဲ့မှုဖြင့် ဖမ်းခံရသည်။စစ်ခုံရုံးဖြင့် ထောင် ၉နှစ် ချမှတ်ပြီး ကျောင်းအပြီးတိုင် ထုတ်ပယ်ခံရသည်။ထောင်မှ ပြန်လွှတ်လာပြီး နိုင်ငံရေးစိတ်မကုန်သေးဘဲ ၁၉၈၈ ခုနှစ်အရေးတော်ပုံ တွင် ပါဝင်လှုပ်ရှားပြန်သည်။ဖမ်းခံရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရသည်။နှစ်အနည်းငယ်သာ ထောင်ထဲနေခဲ့ရပြီး ၁၉၉၀ ပြည့်နှစ် တွင် ပြန်လွတ်လာသည်။ယင်းနောက် ၁၉၉၀ ရွေးကောက်ပွဲ ပါဝင်ယှဥ်ပြိုင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် သို့ ဝင်ရောက်သည်။စစ်အစိုးရက ပါတီကို ဖျက်သိမ်းလိုက်၍ နိုင်ငံရေးလှုပ်ရှားမှုများကို ယာယီရပ်ကာ ကျူရှင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုသည်။နိုင်ငံရေးလှုပ်ရှားမှုများ တရား ဝင်စတင် ပြန်လည်ရရှိသည့် ၂၀၁၀ ပြည့်နှစ် အရောက်တွင် ဒေါက်တာအေးမောင် ဦးစီးသည့် ရခိုင်ပြည်နယ် အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကို ဖွဲ့စည်းကြစဥ် သူသည် ထိုပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ရွေးကောက်ပွဲ မဝင်ဘဲ ပါတီကို သူက အဓိကထား ထိန်း ကျောင်းပေးခဲ့သည်။၂၀၁၃ ခုနှစ် တွင် ရခိုင်ပါတီ ၂ခု ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ ဖြစ်လာစေရေး သူက အားစိုက်လုပ်ဆောင်သည်။အထွေထွေရွေးကာက်ပွဲ၂၀၁၅ ၌ သူသည် ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုပြီး မြောက်ဦးမြို့နယ် မှနေ၍ ရွေးကောက်ပွဲဝင်သည်။ခိုင်လုံမဲရလဒ် ၆၇၀၃၀ မဲ ဖြင့် အနိုင်ရသည်။[၂] ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်သည်။လွှတ်တော်တွင်း သူ၏ ပြောကြားချက်များနှင့် စပ်လျဥ်းပြီး လူသိပိုများလာသူ ဖြစ်လာသည်။[၃] ၂၀၁၄ ခုနှစ် ဧပြီလ ၂၇ရက် မှ မေလ ၁ရက်နေ့အထိ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့တွင် ကျင်းပခဲ့သည့် ရခိုင်အမျိုးသားညီလာခံ ကို အဓိက ဦးဆောင်သူအဖြစ် ပါဝင်ခဲ့သည်။[၄] ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်း ပြီးနောက် သူသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ၏ ဗီတာ ၁ စစ်ဒေသ နိုင်ငံ ရေးမှူး တာဝန်ဖြင့် နိုင်ငံရေးလမ်းကို ဆက်လျှောက်ခဲ့သည်။တပ်မတော် နှင့် အာရက္ခတပ် တို့ ဆက်ဆံရေးမတင်းမာချိန်ကာလ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော် တွင် ကျင်းပသည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ULA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်) ၏ နိုင်ငံရေးမှူးအဖြစ် ကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။ [၅]
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဒေါ်အနွဲ့ချေ နှင့် အိမ်ထောင်ကျပြီး ချိုဉာဏ်ဝေ၊ ဆောင်းနှင်းဝေ စသည့် သမီးနှစ်ဦး ထွန်းကားသည်။
စာပေဖြတ်သန်းမှု
[ပြင်ဆင်ရန်]သူ့အသက် ၂၀ ဝန်းကျင် ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းကာလများမှစပြီး တက္ကသိုလ်၏ မြေအောက်ကျောင်းသားလှုပ်ရှားမှုများ၊ ခေတ်ပေါ်ကဗျာလှုပ်ရှားမှုတို့တွင် မောင်ခိုင်အောင်(စစ်တွေ)၊မောင်ခိုင်အောင် စသည့် ကလောင်အမည်များအသုံးပြုပြီး ပါဝင်လှုပ်ရှားခဲ့သည်။ ခေတ်ပေါ်ကဗျာနှင့် ဝတ္ထုတို၊ရသစာတမ်းငယ်များလည်း ရေးသားသည်။[၆] သူသည် ရခိုင်တန်ဆောင် ရခိုင်ရိုးမ နှင့် လခြမ်းမြီမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သေးသည်။ ဖယ်ဒရယ်ဂျာနယ်တွင်လည်း အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးသည်။
ရေးသားထုတ်ဝေခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]- အမင် (၂၀၀၈)[၇]
- အန်းဖရန့်ဒိုင်ယာရီ
- မြောက်ဦးနှင့် မြောက်ဦးဗေဒ ရသစာတမ်းများ
- ကျောင်း
- ကင်ဗာရာစာတမ်း (၂၀၁၃)
- ဒိုင်ယာစပိုရာ
- စံသာဖြူ အောင်လှဇံ (မြောက်ဦးဗေဒ ရသစာတမ်းများ)
- အိုင်ရင်းနှင့်အိဗ် ကျူရီ
- အင်ဒိုနီးရှား သက်တံရောင်စဉ်ကောင်းကင်သစ် (အခြားစာရေးဆရာများနှင့် ပူးတွဲ)
- အမေရိကန် - တရုတ် ဆက်ဆံရေး (အခြားစာရေးဆရာများနှင့် ပူးတွဲ)
- မျက်မှောက် ရခိုင်ပြည်မြောက်ပိုင်းအရေး (အခြားစာရေးဆရာများနှင့် ပူးတွဲ)
- နှစ် ၁၀၀ ပြည့်အကြို မြန်မာဝတ္ထုတိုများ (အတွဲ ၂) (အခြားစာရေးဆရာများနှင့် ပူးတွဲ)
- ၂၀၂၀ ကနေ ကျွန်ုပ်တို့ ဘယ်ကိုသွားကြမလဲ(အခြားစာရေးဆရာများနှင့် ပူးတွဲ)
- ရောင်စုံကျေးလက် ဝတ္ထု ၁၂ ပုဒ် (အခြားစာရေးဆရာများနှင့် ပူးတွဲ)
- The Waves မဂ္ဂဇင်းအတွဲများ (အခြားစာရေးဆရာများနှင့် ပူးတွဲ)
ဘဝနိဂုံး
[ပြင်ဆင်ရန်]သူသည် ၂၀၂၅ ခုနှစ် မတ်လ ၅ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် လည်ချောင်းကင်ဆာဖြင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့ ရှိ ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။[၈]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကျောင်းသားလှုပ်ရှားမှုထဲက သမိုင်းတခု (သို့) ၆၉ ကျွန်းဆွယ်အရေးအခင်း။ The Irrawaddy (၂၉ ဇူလိုင် ၂၀၁၇)။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၁၅ ခုနှစ် အထွထွေရွေးကောက်ပွဲ ရလဒ်များ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၅)။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အာနန်ကော်မရှင်အကြံပြုချက်အပေါ် ဦးဦးလှစောအမြင်။ VOA Burmese (၁၆ မတ် ၂၀၁၇)။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်။ RFA Burmese (၂၇ ဧပြီ ၂၀၁၄)။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ULA ကိုယ်စားပြု၍ ဦးဦးလှစော ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်မှု ပါတီကို အသိပေးဆောင်ရွက်ခြင်းမဟုတ်ကြောင်း ANP ပါတီဥက္ကဋ္ဌ ပြောကြား။ Eleven Media Group (၁၅ ဖေဖော်ဝါရီ ၂၀၂၂)။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ မောင်ခိုင်အောင် နှင့် မောင်ခိုင်အောင် ပါဝင်သည့် စာအုပ်များ။ myanmarbookshop။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အမင် (မောင်ခိုင်အောင်)။ Arakan Art။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်။ Mizzima Burmese (၆ မေ ၂၀၂၅)။ ၆ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။