လှဖေ (နိုင်ငံရေးသမား)

ဝီကီပီးဒီးယား မှ
(ဦးလှဖေ မှ ပြန်ညွှန်းထားသည်)
ဦးလှဖေ

ဦးလှဖေ သည် မော်လမြိုင်ကျွန်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာ ခိုင်လုံမဲ (၂၄၉၆၀) မဲ၊ စုစုပေါင်း မဲ ရာခိုင်နှုန်း (၅၃.၀၃) ဖြင့် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ ရသည်။ အဖ ဦးမောင်ဆိုင် (ရုပ်ရှင်ရုံ မန်နေဂျာ)၊ အမိ ဒေါ်အုန်းသင် တို့မှ ၁၉၂၇ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် မွေးဖွား ခဲ့သည်။ ဦးလှဖေသည် မော်လမြိုင်ကျွန်းမြို့ ဦးမောင်ထွေး အထက်တန်းကျောင်းနှင့် ရန်ကုန်မြို့မ အထက်တန်းကျောင်း တို့တွင် (၁၀) တန်း အထိ ပညာ သင်ကြား ခဲ့သည်။

ကျောင်းသား သမဂ္ဂနှင့် ကျောင်းသား သံမဏိတပ်ဖွဲ့ ဌာနမှူး၊ မြောင်းမြ ခရိုင် ကျောင်းသား သမဂ္ဂ အလုပ်အမှုဆောင် ဖြစ်ခဲ့ပြီး၊ ကျောင်းသား သပိတ်နှင့် ဗမာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲ များတွင် ဒို့ဗမာ အစည်းအရုံး၊ လက်ရုံး တပ်များနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း မော်လမြိုင်ကျွန်းမြို့၊ မီးသတ် အစည်းအရုံးတွင် ပါဝင်ခဲ့ရင်း ဖက်ဆစ် ဂျပန်များကို တော်လှန်ရန် မြေအောက် တော်လှန်ရေး အတွက် ပြည်သူ့ အရေးတော်ပုံ ပါတီ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၄၆ ခုနှစ်မှ ၁၉၅၈ ခုနှစ် အတွင်း မော်လမြိုင်ကျွန်း မြို့နယ် ဗမာပြည် ဆိုရှယ်လစ် ပါတီနှင့် ဗမာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ မြောင်းမြ ခရိုင် ဆိုရှယ်လစ် ပါတီနှင့် (ဖဆပလ) အဖွဲ့ အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဝန်ကြီး ဌာန ပါလီမန် အတွင်းဝန် အဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အတွင်း ဧရာဝတီတိုင်း ဖဆပလ အဖွဲ့ အတွင်းရေးမှူးနှင့် ဗတလစ ဌာနချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး (စည်းရုံးရေး) တာဝန် ယူခဲ့သည်။ ၁၉၆၈ ခုနှစ်မှ ၁၉၈၇ ခုနှစ် အထိ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဌာနတွင် ညှိနှိုင်းရေး အရာရှိ အဖြစ် လည်းကောင်း၊ စီမံကိန်းနှင့် လုပ်ငန်း ဆောင်ရွက်ရေး ဦးစီး ဌာနတွင် တိုင်းဦးစီးမှူး အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် အငြိမ်းစား ယူခဲ့သည်။

လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၊ ပြည်ထောင်စု သမ္မတ ရွှေတံဆိပ်ဆု၊ နိုင်ငံ့ဂုဏ်ရည် (ဒုတိယဆင့်) တို့ ရရှိ ခဲ့သည်။ ၁၃၅၀ ပြည့်နှစ် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် လွတ်လပ်ရေး တိုက်ပွဲ အစဉ်အလာ ရှိခဲ့ ကြသော နိုင်ငံရေး ရဲဘော်များ နှင့်အတူ ပြည်သူ တရပ်လုံး၏ ဆန္ဒ ဖြစ်သည့် ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ရေး အတွက် ကြေညာချက် ထုတ်ပြန်ခြင်း၊ ပါတီ ဂိုဏ်းဂဏ ကင်းရှင်းသော တခုတည်းသော တောင်သူ လယ်သမား အဖွဲ့ ပေါ်ပေါက်ရန် ဆွေးနွေး ညှိနှိုင်းပြီး (ယာယီ) အခြေခံများ ဖွဲ့ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဗဟို ဦးစီး အဖွဲ့ဝင်၊ ဗဟို တောင်သူ လယ်သမား အဖွဲ့ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ ပဲခူးတိုင်း စည်းရုံးရေး အဖွဲ့ဝင် တာဝန် ပူးတွဲ ဆောင်ရွက် ခဲ့သည်။ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့ဝင် တာဝန် ယူခဲ့သည်။ ၁၉၉၁ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းသည့် ဗဟို အလုပ်အမှုဆောင် အဖွဲ့တွင် အဖွဲ့ဝင် အဖြစ် တိုးမြှင့် တာဝန် ပေးအပ်ခြင်း ခံခဲ့ ရသည်။ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာ ခဲ့သည်။ ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် ဖြစ်ပွား ခဲ့သည့် ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံ တိုက်ခိုက် သတ်ဖြတ်မှု ဖြစ်ပွားစဉ် နအဖမှ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ထားခဲ့ ရာမှ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ပြန်လွတ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 24 September 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 February 2013 တွင် ပြန်စစ်ပြီး။