ဘိုသင်း

ဝီကီပီးဒီးယား မှ
(ဦးဘိုသင်း မှ ပြန်ညွှန်းထားသည်)
ဦးဘိုသင်း(၁၉၃၀-၂၀၁၁)

ဘိုသင်း၊ ဦး(၁၉၃၀-၂၀၁၁)[ပြင်ဆင်ရန်]

ဦးဘိုသင်းကို ဦးသန့် (ခ) ဦးတာရဲ၊ ဒေါ်ကြင်တို့က ၁၉၃၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ လ ၁၃ ရက်တွင် မန္တလေးမြို့ ချမ်းအေးသာဇံ ရပ်ကွက်၌ မွေးဖွားသည်။


ငယ်စဉ်က မန္တလေးမြို့ မစ်ရှင်ကျောင်း၊ စိန်မေရီ၊ ဗုဒ္ဓသာသနနုဂ္ဂဟကျောင်းတို့၌ စတုတ္ထတန်း အထိ ပညာသင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်တွင် တိုင်း ချစ်သတင်းစာပိုင်ရှင် သခင်သိန်းဆွေနှင့် စာရေးဆရာမ ဒေါ်မြမြ (B.A.D.T)က အလွတ်ပညာသင်အဖြစ် သီးသန့်ခေါ်ယူကာ စာပေသင်ကြားပေးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၄၉ ခုနှစ်၊ ဇွန်လတွင် မန္တလေးကောလိပ်၌ ပထမနှစ်တက်ရောက်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ မတ်လတွင် ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန် ပညာရေးတက္ကသိုလ် မဟာပညာရေးဌာန၌ နည်းပြသင်တန်း နှစ်နှစ်တက်ရောက်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် B.Ed ဘွဲ့ရရှိခဲ့သည်။


၁၉၆၃ ခုနှစ်တွင် မဟာဝိဇ္ဇာ (မြန်မာစာ)ဘွဲ့ကို ရရှိခဲ့သည်။ ၎င်း၏ မဟာဝိဇ္ဇာဘွဲ့ယူကျမ်းမှာ ရှေးခေတ် မြန်မာမင်းများ စည်းရုံးမှုနှင့် အရေးတော်ပုံဖြစ်သည်။ ဦးဘိုသင်းသည် ၁၉၅၃ ခုနှစ်၌ မန္တလေး ဒီဂရီကောလိပ်၊ သမိုင်းဌာန (ရာဇဝင်ဌာန)၌ နည်းပြ ဆရာအဖြစ်လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် မန္တလေးတက္ကသိုလ် မြန်မာစာဌာန၌ နည်းပြဆရာအဖြစ် လည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် မကွေးဥပဇာကောလိပ် မြန်မာစာဌာန၌ လက်ထောက်ကထိက (ဌာနမှူး) အဖြစ် လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ် မြန်မာစာဌာန၌ လက်ထောက်ကထိကအဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် မန္တလေးတက္ကသိုလ် မြန်မာစာဌာန၌ ကထိကအဖြစ်လည်းကောင်း၊ ၁၉၆၇ ခုနှစ်တွင် ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံကားလ်မာ့စ် တက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ် မြန်မာစာဌာန၌ ကထိက အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် မကွေးကောလိပ် မြန်မာစာဌာန၌ ကထိက(ဌာနမှူး)အဖြစ်လည်းကောင်း၊ ၁၉၇၇ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ် မြန်မာစာဌာန၌ ကထိက(ဌာနမှူး)အဖြစ်လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန၌ တွဲဖက် ပါမောက္ခအဖြစ်လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီတက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ပါမောက္ခအဖြစ် လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်ပညာရေး တက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့ သည်။ အငြိမ်းစားယူပြီးနောက် ရန်ကုန်ပညာရေး တက္ကသိုလ်တွင် အကြံပေးအရာရှိအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးဘိုသင်းသည် မြန်မာစာဌာနတွင် တာဝန် ထမ်းဆောင်ရင်း မဂ္ဂဇင်း၊ စာစောင်များ၌ ဆောင်းပါး ၅ ပုဒ်၊ သုတေသနစာတမ်း ၁ စောင်၊ မြန်မာစာရေးရာစာအုပ် ၂ အုပ်၊ မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများ၊ အခြေခံပညာအထက်တန်းအဆင့် မြန်မာကဗျာသင်ကြားရေးနှင့် ပိတောက်ရွှေဝါ အခြေခံပညာအလယ်တန်းအဆင့် မြန်မာကဗျာ သင်ကြားရေး စာအုပ်တို့ကို ရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် မြန်မာစာဌာန၏ မဟာဝိဇ္ဇာကျမ်း ၃၀ အတွက် သဘာပတိအဖြစ်လည်းကောင်း၊ ကျမ်းပေါင်း ၁၅ စောင်အတွက် ပြင်ပစာစစ်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။


ဦးဘိုသင်းသည် ကွယ်လွန်ချိန်အထိ မြန်မာစာ ပါရဂူတန်း၊ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာစာ သက်ကြီးဆရာကြီးများ အပူဇော်ခံပုဂ္ဂိုလ် အဖြစ်လည်း ကန်တော့ခံခဲ့သည်။ ဦးဘိုသင်းသည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ၊ ၂၅ ရက်တွင် ဆာကူရာအထူးကုဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ယဉ်ဌေးနှင့် သမီး ၃ ယောက်၊ မြေးနှစ်ယောက်နှင့် မြစ်တစ်ယောက် ကျန်ရစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)