ဦးတင် (မြန်မာ့အလင်း)
| မြန်မာ့အလင်း ဦးတင် | |
|---|---|
![]() မြန်မာ့အလင်း ဦးတင် | |
| မွေးဖွား | ဩဂုတ် ၁၊ ၁၈၉၇ ကြံခင်းမြို့, မြန်မာနိုင်ငံ |
| ကွယ်လွန် | အောက်တိုဘာ ၃၊ ၁၉၇၈ (အသက် ၈၁) ရန်ကုန်မြို့, မြန်မာနိုင်ငံ |
| နိုင်ငံလူမျိုး | မြန်မာ |
| အလုပ်အကိုင် | ဝန်ကြီး၊ သတင်းစာထုတ်ဝေသူ၊ နိုင်ငံရေးသမား |
| ကျော်ကြားမှုအရင်းခံ |
|
ဦးတင် (မြန်မာ့အလင်း ) (၁ ဩဂုတ် ၁၈၉၇ - ၃ အောက်တိုဘာ ၁၉၇၈)သည် ထင်ရှားသည့် မြန်မာ့နိုင်ငံရေး သမားတစ်ဦး ဖြစ်ပြီး၊လွတ်လပ်ရေးရပြီး မြန်မာ့ပထမဦးဆုံး ဦးနုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၁] သူသည် နောင်တွင် ဥပဒေပြု ပြည်သူ့လွှတ်တော် ၏ ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]မြန်မာ့အလင်း ဦးတင်သည် ၁၈၉၇ ခုနှစ်တွင်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ကြံခင်းမြို့ ၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က ကြံခင်းမြို့ အာရ်စီအမ်ကျောင်းတွင် ၇ တန်းအောင်ခဲ့သည်။
ဘဝဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]ရန်ကုန်မြို့၊ မြန်မာ့အလင်း သတင်းစာတိုက်တွင် ၁၉၄၇ ခုနှစ် အထိ အထွေထွေ မန်နေဂျာ အဖြစ် လုပ်ကိုင်ခဲ့သည်။
ဦးတင်သည် ၁၉၄၂ ခုနှစ်၊ ဘီအိုင်အေခေတ်တွင် ရန်ကုန်မြို့တော် ငြိမ်းချမ်းရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဂျပန်ခေတ် မြန်မာနိုင်ငံအစိုးရ အတိုင်ပင်ခံလွှတ်တော်အဖွဲ့ဝင် အဖြစ် ခန့်ထားခြင်း ခံခဲ့ရသည်။
၁၉၄၅ ခုနှစ်၊ မေလမှစ၍ ဖဆပလအဖွဲ့ချုပ် တွင် ငွေထိန်း အဖြစ် ဆောင်ရွက်ခဲ့သည်။၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ စ၍ ဦးနုအစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီး အဖြစ် လည်းကောင်း၊ ကုန်သွယ်မှု တိုးတက်ရေးနှင့် ပစ္စည်းထောက်ပံရေးဝန်ကြီး အဖြစ် လည်းကောင်း စသည်ဖြင့် ၁၉၅၈ခုနှစ် အောက်တိုဘာလ၂၈ ရက်နေ့ အထိ ခန့်အပ်ခြင်း ခံခဲ့ရသည်။
ဦးတင်သည် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်အမတ် အဖြစ် ရန်ကုန် မြို့မ (သိမ်ဖြူ) မှ လည်းကောင်း၊ ၁၉၅၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် ရွှေဘို မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ် အဖြစ် လည်းကောင်း၊ ၁၉၅၆ ခုနှစ်၊ ရန်ကုန်မြို့ ကြည့်မြင်တိုင် တောင်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် အမတ် အဖြစ် လည်းကောင်း ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
ဗိုလ်ချုပ် နေဝင်းအစိုးရ လက်ထက် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့မှ ၁၉၆ဝ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
ဦးတင်သည် ၁၉၆ဝ ပြည်နှစ် နောက်ပိုင်းတွင် ရွေးကောက်ပွဲသို့ မဝင်တော့ဘဲ ထိုနှစ် ဧပြီလမှ စ၍ အစိုးရ အကြံပေး အဖွဲ့ဝင် လူကြီး တဦး အဖြစ် လည်းကောင်း၊ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့ အထိ ရွေးကောက်ပွဲကော်မရှင် မင်းကြီးချုပ် အဖြစ် လည်းကောင်း လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။
လူမှုဝန်ထမ်း လုပ်ငန်းများကို အများဆုံး လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွား စောင့်ရှောက်ရေး အဖွဲ့ကို ၄ - ၄ - ၄၃ ခုနေ့မှ စတင် ဖွဲ့စည်း တည်ထောင်၍ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ရာ ကွယ်လွန်သည် အထိပင် ဖြစ်သည်။ နှင်းဆီကုန်း ဘိုးဘွား ရိပ်သာမှာ စေတနာဝန်ထမ်း တာဝန်ခံ အဖြစ် ဆောင်ရွက်စဉ်က မိမိအိမ်မှ ရေနွေးဗူး၊ လက်ဘက်ရည်ဗူးတို့ ထည့်ယူလာပြီး ဘိုးဘွားရိပ်သာ ရန်ပုံငွေမှ ကိုယ့်အတွက် ရေနွေးတခွက် မသောက်ဘဲ၊ စေတနာ ဝန်ထမ်းများ အကြား စံနမူနာပြ လုပ်ဆောင် သွားခဲ့သူ အဖြစ် နာမည်ကြီးသည်။
ဦးတင်သည် ဗိုလ်ချုပ်နှင့် တကွ ကျဆုံးသော ဝန်ကြီးများ၏ ကျန်ရစ်သော အမွေဆိုင်တို့အတွက် ဘဏ္ဍာတော် အုပ်ချုပ်ရေးမှူး အဖြစ် ဆောင်ရွက် လာခဲ့ရာ အမွေဆိုင်တို့၏ သားသမီးများအား ယင်းတို့၏ ခံစားသင့် ခံစားထိုက်သော ငွေများ ရှင်းပေးပြီသည် အထိ နှစ်ပေါင်း ၂ဝ ကျော် ဖြစ်သည်။
မြန်မာ့ အလင်း သတင်းစာ တိုးတက်မှုနှင့် လူမှုဝန်ထမ်း ဆောင်ရွက်မှု စသည်များတွင် စိတ်ရောကိုယ်ပါ ငွေကြေးက အစ ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီး တဦးလည်း ဖြစ်သည်။ ငွေကြေးနှင့် ပတ်သက်၍ စိတ်အချရဆုံး ပုဂ္ဂိုလ်ကြီး တဦးလည်း ဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]မြန်မာ့ အလင်း ဦးတင်သည် ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၊ နံနက် ၇ နာရီ ၇ မိနစ် အချိန်တွင် အသက် ၈၁ နှစ် အရောက် ရန်ကုန်မြို့ ဝင်္ကပါ ရိပ်သာလမ်း၊ အမှတ် ၃ နေအိမ်တွင် လူကြီး ရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ တဦးတည်းသော သမီး မထူးထူးလျှံနှင့် မြေး ၄ ယောက် ကျန်ရစ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး (မတ် ၁၉၉၆)။ "အခန်း(၁)"။ နိုင်ငံရေးအဖွဲ့အစည်း အင်အားစုများ အခြေအနေ (pdf)။ တပ်မတော်သမိုင်း။ စတုတ္ထတွဲ (၁၉၄၈–၁၉၆၂) (ပထမအကြိမ် ed.)။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ p. ၈၁။ ၂၈ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
