ဦးဇွန်း၊ ဒေါ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဒေါ်ဦးဇွန်း

ပထမလူမှုဝန်ထမ်းဒေါ်ဦးဇွန်း (မြန်မာသက္ကရာဇ် ၁၂၃ဝ-၁၃ဝ၆) သည် ယနေ့ မြန်မာနိုင်ငံ၌ ထမြောက်အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဘိုးဘွားများ (ဝါ) လူအိုများ စောင့်ရှောက်ရေး လူမှုဝန်ထမ်းလုပ်ငန်းကို မြန်မာလူမျိုးများထံမှ ပထမဦးစွာ မျိုးစေ့ချခဲ့သူ ဖြစ်ပေသည်။ ပရဟိတလုပ်ငန်းတစ်ခုကို `ဗွေဆော်ဦး´ လုပ်ဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ လူအိုရုံ (မြန်မာ့ပထမဦးဆုံး ဘိုးဘွားရိပ်သာကို စစ်ကြိုခေတ်က သက်ကြီးရွယ်အိုများ စုဝေးနေထိုင်ရာဌာနဖြစ်၍ လူအိုရုံဟု ခေါ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှ လူအိုရုံအစား ဘိုးဘွားရိပ်သာဟု ခေါ်ကြသည်။[၁]) များကို စတင်တည်ထောင်ခဲ့သူ ဒေါ်ဦးဇွန်းကို မင်းတုန်းမင်းလက်ထက်တွင် ရတနာပုံနေပြည်တော် (မန္တလေးမြို့) ၌ ၁၈၆၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မိဘများမှာ ပိုးကုန်သည် ဦးအိနှင့် ဒေါ်မျှင် တို့ ဖြစ်ကြပြီး တစ်ဦးတည်းသောသမီး ဖြစ်သည်။ ငယ်အမည်မှာ မဦးဇွန်းပင် ဖြစ်သည်။

လူထုဒေါ်အမာ၏ အစ်မကြီး နဂါးဒေါ်ဦး၏ ငယ်မည်မှာလည်း မဦးဇွန်းပင်ဖြစ်သည်။ (ထိုခေတ်၌ မန္တလေးတွင် သမီးဦးမိန်းကလေး မွေးလျှင် မဦးဇွန်းဟု အမည်မှည့်လေ့ရှိကြောင်း၊ ထို့ပြင် သမီးလေးကို ဦးခေါင်းဆံပင်အား ဦးစွန်းဖုတ်ကလေးထားပေးပြီး ချစ်စနိုးဖြင့် မဦးစွန်းဟုလည်း မှည့်ခေါ်တတ်ကြောင်း စာရေးဆရာမကြီး လူထုဒေါ်အမာက ပြောဆိုဖူးကြောင်း သိရသည်။[၁]) ဦးအိသည် အမရပူရမြို့ ရက်ကန်းစင်များမှ ပိုးထည်၊ ချည်ထည်တို့ကို ရောင်းဝယ်သော ပိုးကုန်သည်ကြီး ဖြစ်ရာ ပစ္စည်းဥစ္စာ ကြွယ်၀ချမ်းသာသည်။

ဒေါ်ဦးဇွန်း၏ အမူအကျင့်၊ စိတ်နေသဘောထားနှင့် ပတ်သက်၍ စာပေဗိမာန်ထုတ် ‘ဖွားဦးဇွန်း’ အတ္ထုပ္ပတ္တိ၌ ဤသို့ ဖော်ပြထားသည်ကို တွေ့ရသည်။ “သူမသည် ရုပ်ရည်လည်း လှပတင့်တယ်၏။ သို့သော် မာနထောင်လွှားခြင်းမရှိ၊ စိတ်နေသဘောထား အမူအကျင့် မွန်မြတ်လှသည်။”

မဦးဇွန်းကလေးသည် ငယ်စဉ်ကပင် သူတော်ကောင်းမိဘများ၏ သွန်သင်ချက်အရ ဘာသာရေးကို အထူးကိုင်းရှိုင်းသော အမျိုးကောင်းသမီးဖြစ်ခဲ့သည်။ ခုနစ်နှစ်အရွယ်ကပင် ပုပ္ဖာရုံကျောင်းအမဝိသာခါထုံး နှလုံးမူကာ နေ့စဉ် ငါးပါးသီလကိုစောင့်ထိန်း၍ ရှစ်ရက်သီတင်း လပြည့်လကွယ်တို့၌ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောသီလကို အမြဲမပြတ် ဆောက်တည်ခဲ့လေသည်။ မိဘများအားလည်း မပြတ်လုပ်ကျွေးပြုစုလေသည်။ အသက် ၁၆ နှစ်အရွယ်မှစ၍ ဒေါ်ဦးဇွန်းသည် မိဘလုပ်ငန်းဖြစ်သော ပိုးကုန်သည်အလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့သည်။ ပိုးထည်အရောင်းအဝယ်နှင့် စပ်လျဉ်း၍ အမြို့မြို့သို့ ကူးသန်းသွားလာရသောကြောင့် အမြို့မြို့၌ မိတ်ဆွေများရှိသည်။ လူပေါင်းဆန့်သည်။ ဗဟုသုတကြွယ်ဝသည်။ မင်္ဂလာတရားတော်နှင့်အညီ မောက်ကြွားဝင့်ဝါခြင်းမရှိ ခြိုးခြံစွာကျင့်သုံးနေထိုင်၍ လှူသင့်လှူထိုက် ပေးသင့်ပေးထိုက်သူအားမူ ရက်ရောစွာပေးကမ်းတတ်သည်။ သို့ရာတွင် အိမ်ထောင်သားမွေးကား မပြုခဲ့။ အပျိုကြီးဘဝဖြင့် အရိုးထုတ်ခဲ့လေသည်။ မဦးဇွန်း ၁၇ နှစ်သမီးအရွယ်သို့ ရောက်သောအခါတွင်မှ သီပေါမင်း ပါတော်မူခဲ့လေသည်။

ကျောင်းအမ ဒေါ်ဦ:ဇွန်း[ပြင်ဆင်ရန်]

ဒေါ်ဦးဇွန်းသည် ၁၈၉၈ ခုနှစ်တွင် မန္တလေးမြို့ ပတ္တမြားဆရာတော်အား အုတ်ကျောင်း ဆောက်လုပ်လှူဒါန်းသည်။ ထိုအချိန်မှစ၍ ပတ္တမြားအုတ်ကျောင်းအမ ဒေါ်ဦးဇွန်း ဟူ၍ လူသိများလာသည်။

လူအိုရုံများ စတင်တည်ထောင်ခဲ့ပုံ[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၂၅၂-ခုနှစ် (ခရစ်နှစ် ၁၈၉၀-ပြည့်နှစ်) တွင် မဦးဇွန်း အသက် ၄၀ အရွယ်တွင် မိဘနှစ်ပါးသည် တစ်နှစ်အတွင်း ရှေ့ဆင့်နောင်ဆင့် ကွယ်လွန်ခဲ့သည်။ မိခင်ဘခင်တို့ကွယ်လွန်ချိန်တွင် ဒေါ်ဦးဇွန်း၌ မိမိနေထိုင်သောတိုက်အိမ်၊ ငွေသားတစ်သိန်းခွဲခန့်နှင့် လယ်ယာမြေစသော အမွေအနှစ်များကိုရလိုက်သည်။ အမရပူရမြို့မှ ပိုးထည်စသည့်ကုန်တို့ကို တစ်ဦးတည်း ကိုယ်စားလှယ်ယူကာ ရန်ကုန်၊ သထုံ၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ် စသော အောက်ပြည်နယ်များသို့ ပို့သောအလုပ်ကိုလုပ်သည်။ သို့ရာတွင် သူမသည် စီးပွားရေးလုပ်ငန်းများ မည်မျှပင် တိုးတက်ကောင်းမွန်နေစေကာမူ မိဘများကွယ်လွန်သည့်အချိန်မှစ၍ မိဘများအား လွမ်းဆွတ်သောစိတ်ကြောင့် ဘဝတွင်မပျော်ပိုက်၊ မိဘများကို လွမ်းဆွတ်တမ်းတသောကြောင့် စိတ်ပြေလက်ပျောက် ရန်ကုန်သို့ သွားရောက်လေသည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ ကန်တော်လေးရပ်ရှိ ပြင်သစ်လူမျိုး ခရစ်ယာန်ဗရင်ဂျီဘုန်းကြီး ဘီဂင်ဒစ်တည်ထောင်သည့် ဘုန်းကြီးနှင့်သီလရှင်များ သာသနာပြုလူအိုရုံသို့ သွားရောက်ကြည့်ရှုရာမှ သားထောက်သမီးခံမရှိသော လူအိုများအား မိဘများကိုယ်စား စောင့်ရှောက်ကျွေးမွေးရသော် သင့်မည်ဟု အကြံဖြစ်ပေါ်လာလေသည်။[၂]

မိရိုးဖလာအားဖြင့် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာဖြစ်လာကြပါလျက် မြန်မာနိုင်ငံ၌ တစ်ခုတည်းသာရှိသော ပြင်သစ်သာသနာပြုလူအိုရုံတွင် ခိုလှုံကြရပါက ဘာသာရေးအခက်အခဲ ဖြစ်ကြရတော့မည်ကို ယူကြုံးမရဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် မိမိကိုးကွယ်သောဘာသာကိုလည်း မထိခိုက်စေပဲ မိမိတို့အလိုအလျောက်ကိုးကွယ်လိုသောဘာသာကို ကိုးကွယ်ခွင့်ရှိစေရန် လူအိုများစောင့်ရှောက်ရေးဌာန တစ်ခုကို ဖွင့်လှစ်မည်၊ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွင်လည်း ထိုမျှ မွန်မြတ်သော လုပ်ငန်းမျိုးရှိသင့်သည်၊ မိမိကပင် ဦးဆောင်ဦးရွက်ပြုမည်၊ ထိုမှသာ ကွယ်လွန်သူ မိဘနှစ်ပါးကိုယ်စား ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတို့ကို စောင့်ရှောက်ခြင်းဖြင့် စိတ်ချမ်းသာမှုရနိုင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

မင်းကွန်းလူအိုရုံရှိ ဒေါ်ဦးဇွန်း ရုပ်တု

ဒေါ်ဦးဇွန်းသည် ၁၉၁၅ ခုနှစ်တွင် မန္တလေးမြို့၌ ပထမဦးဆုံး လူအိုရုံတည်ဆောက်ရေးနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ မြို့မျက်နှာဖုံးလူကြီးများနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် “ကျွန်မတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ အဆင်မသင့်လို့ စင်မြင့်ကနေဆင်းပြီး သူတစ်ပါးလက်အောက်ခံနိုင်ငံဖြစ်နေရတာ၊ ကျွန်မတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကျွန်မတို့ကိုယ်တိုင် ဦးစီးတဲ့ ဗုဒ္ဓဘာသာလူအိုရုံကို ဘာကြောင့် တည်ထောင်လို့မရမှာလဲ၊ ရအောင် တည်ထောင်မယ်။” ဆိုပြီး ဒေါ်ဦးဇွန်းက ပြောဆိုခဲ့သည်။[၁]

မန္တလေးမြို့၊ စစ်ကိုင်းတောင်ရိုး အရိယမဂ္ဂင်ချောင် ဆရာတော်ဘုရားကြီးအား လျှောက်ထား၍ မင်းကွန်းခေါင်းလောင်းကြီး တည်ရာအနီးတွင် ဘီအိုင်အေ ဦးမောင်ကြီး၊ ဦးဘချမ်း တို့နှင့်အတူ ဒေါ်ဦးဇွန်းကိုယ်တိုင် ခုတ်ထွင်မြေညှိပြီးလျှင် ကမ္မဋ္ဌာန်းကျောင်းသုံးကျောင်း စတင်ဆောက်လုပ်ကာ လူအိုရုံကို ၁၂၇၈ ခုနှစ်တွင် စတင်တည်ထောင်သည်။ ရှေးဦးစွာ အဖိုးအိုတစ်ယောက်၊ အဖွားအို နှစ်ယောက် (အသက် (၉၅) နှစ်ရှိ အဘိုး ဦးဖိုးဆင့်၊ အသက် (၉၂) နှစ်ရှိ အဘွား ဖွားဆိုး၊ အသက် (၈၁) နှစ်အရွယ်ရှိ အဘွား ဖွားမယ်[၁]) လက်ခံ၍ ဒေါ်ဦးဇွန်းကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦးနှင့် ဝတ်ကြီးဝတ်ငယ်ပြု၍ကျွေးမွေး စောင့်ရှောက်ခဲ့ရာ ၁၉၁၈ ခုနှစ်သို့ ရောက်သောအခါ ဘိုးဘွား ၂ဝ ခန့်ကို လက်ခံစောင့်ရှောက်နိုင်သည့်အခြေသို့ ရောက်ခဲ့လေသည်။ ယင်းနှစ်နှစ်အတွင်း ဒေါ်ဦးဇွန်းသည် မိမိ၏ ကိုယ်ပိုင်ငွေဖြင့်ပင် ပြုစုပျိုးထောင်ခဲ့၍ ၁၂၈ဝ ပြည့်နှစ်တွင်မှ အလှူပါဝင်လိုသူများထံမှ သဒ္ဓါကြေးလက်ခံကာ လူအိုရုံအသင်းကို စတင်တည်ထောင်သည်။

၁၉၁၈ ခုနှစ်တွင် မင်းကွန်းလူအိုရုံအသင်းကို စတင်ဖွဲ့စည်းခဲ့သည်။ အသင်းတည်ထောင်စဉ်က အားပေးကူညီသူနည်းပါးပြီး ရှစ်နှစ်တွင် ရန်ပုံငွေရှစ်ထောင်ကျပ်သာရရှိခဲ့ပြီး ကိုယ်တိုင် ရုန်းကန်ဆောင်ရွက်ခဲ့ရသည်။ သို့သော် မကြာမီ ရန်ပုံငွေ လေးသိန်းကျော်အထိ တိုးရရှိခဲ့ပြီး ဘိုးဘွား ၂၅၀ ထိ လက်ခံနိုင်ခဲ့သည်။[၁] မင်းကွန်းဗုဒ္ဓဘာသာ လူအိုရုံလုပ်ငန်း အတော်အထမြောက် အောင်မြင်လာသောအခါ ဒေါ်ဦးဇွန်းသည် မူလရည်ရွယ်ချက်များအတိုင်း ၁၂၈၉ ခုနှစ်တွင် သထုံမြို့ မြသပိတ်တောင်ခြေ၌လည်းကောင်း၊ ၁၂၉ဝ ပြည့်နှစ်တွင် ပေါင်းတည်မြို့၌ လည်းကောင်း၊ ၁၂၉၅ ခုနှစ်တွင် ရန်ကုန်မြို့ နှင်းဆီကုန်း၌ လည်းကောင်း၊ ၁၂၉၉ ခုနှစ်တွင် ပခုက္ကူမြို့၌လည်းကောင်း အသီးသီး လူအိုရုံများကို မိမိပိုင်ငွေဖြင့် မတည်၍ ဖွင့်လှစ်ခဲ့သည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်း စုစုပေါင်း နှစ်သိန်းခန့်ကို လူအိုရုံများသို့ လှူဒါန်းလိုက်လေသည်။

၁၉၃၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာပြည် ဘုရင်ခံဝန်ကြီးများဖြစ်သော ပညာရေးဝန်ကြီး ဒေါက်တာဘမော်၊ သစ်တောရေးရာဝန်ကြီး ဦးဘဖေ၊ နိုင်ငံတော်ဝန်ကြီးချုပ် သခင်နုတို့ မင်းကွန်းလူအိုရုံသို့ လာရောက်လေ့လာခဲ့သည်။ မင်းကွန်းလူအိုရုံအသင်းနှင့်ပတ်သက်၍ ဒေါ်ဦးဇွန်း၏ ဆောင်ရွက်ချက်များကို ချီးကျူးဂုဏ်ပြုမှတ်တမ်းရေးသားခဲ့သည်။[၁]

တည်ထောင်ခဲ့သော ဘိုးဘွားရိပ်သာများ[ပြင်ဆင်ရန်]

နိဂုံး[ပြင်ဆင်ရန်]

ထိုနောက် ၁၂၉ဝ ပြည့်နှစ်အသက် ၆ဝ အရွယ်တွင် ပေါင်းတည်လူအိုရုံ၌ ဝတ်ကြောင်ကိုစွန့်၍ သီလရှင်ဝတ်လိုက်သည်။ သီလရှင်ဘွဲ့မှာ ဖွားသုမာလာတည်း။ သို့ရာတွင် ဒေါ်ဦးဇွန်း ဟူသောအမည်ဖြင့်ပင် ထင်ရှားသည်။

ကျောင်းအမကြီး ဒေါ်ဦးဇွန်း၏ ကိုယ်ကျိုးစွန့်သော တိုင်းကျိုးပြည်ကျိုးဆောင်လုပ်ငန်းကို အင်္ဂလိပ်အစိုးရတို့သည် အသိအမှတ်ပြုသည့်အနေဖြင့် တီပီအက်စ်ခေါ် တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ကို ချီးမြှင့်လေသည်။ မီးရထား၊ မီးသင်္ဘောတို့ဖြင့် မြန်မာနိုင်ငံအနှံ့အပြား ပထမတန်းမှ အခမဲ့ စီးနင်းသွားလာခွင့်ကိုလည်းပေးထားလေသည်။

ဒေါ်ဦးဇွန်းသည် “လူအိုများအကျိုးကို ဟန်ဆောင်ကူညီကြသည့် လောဘအတ္တသမားများ တွေ့ရှိပါလျှင် နှိမ်နှင်းဖယ်ရှားနိုင်ပါစေ” ဟု မိန့်ကြားခဲ့သည်။[၁]

ပင်ပန်းကြီးစွာ ဗုဒ္ဓဘာသာလူအိုရုံတည်ထောင်ခဲ့သော[၁] လူအိုရုံများ၏မိခင် ကျောင်းအမကြီး ဒေါ်ဦးဇွန်းသည် လူအိုများအတွက် စည်းစိမ်နှင့်လုပ်အားကို ၂၈ နှစ်လုံးလုံး ပေးအပ်ဆောင်ရွက်ခဲ့ပြီးနောက် ၁၃ဝ၆ ခုနှစ် ကဆုန်လပြည့်ကျော် ၅ ရက်နေ့ (၁၉၄၄ ခုနှစ် မေလ ၁၁ ရက်[၁]) တွင် အသက် ၇၆ နှစ် အရွယ်၌ မင်းကွန်းလူအိုရုံတွင် ကွယ်လွန်လေသည်။

ဒေါ်ဦးဇွန်း၏ကြေးရုပ်ကို ထုလုပ်၍ မင်းကွန်းလူအိုရုံတွင် ဂုဏ်ပြုသောအားဖြင့် ထားရှိသည်ကို တွေ့နိုင်ပေသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  • တက္ကသိုလ်စိန်တင် ၏ ဘွားဦးဇွန်း (၂၀၀၇၊ဒီဇင်ဘာလ)
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ ၁.ဇူလိုင်လ.၂၀၁၅ ထုတ် ကြေးမုံသတင်းစာ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုဆောင်းပါးအဖြစ် ထွန်းလှိုင် (မြိုင်) ရေးသားခဲ့သော မြန်မာ့ဘိုးဘွားရိပ်သာများ၏ မိခင် ဒေါ်ဦးဇွန်း
  2. တင်နိုင်တိုး, "ခေတ်ဟောင်းသတင်းစာများကပြောသော ၁၂ လရာသီ အဖြစ်အပျက်များ", သူရိယစာပေ, ၂၀၀၉
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)