ဥ (တိရစ္ဆာန်)

ဝီကီပီးဒီးယား မှ
ငှက်ဥများနှင့် တိရစ္ဆာန်ဥများ

ငှက်အားလုံးသည် ဥများကို ဥကြ၏။ သို့သော် လူအများ နှစ်သက်သော အစာဖြစ်သည့် ကြက်ဥနှင့် ဘဲဥတို့ကိုသာ လူသိများသည်။ ငှက်များသာမက ငါး၊ တွားသွားသတ္တဝါများ၊ ပိုးကောင်များနှင့် ဝက်မ၊ နွားမ စသော နို့တိုက်သတ္တဝါများ အပါအဝင် များစွာသော အခြားတိရစ္ဆာန်များ၌လည်း သားငယ်ကလေးများသည် ဥများမှတစ်ဆင့် ပေါက်ဖွားကြခြင်းသာ ဖြစ်လေသည်။

ဥ၏ အဓိကလုပ်ငန်းမှာ သားငယ်ကို ပေါက်ဖွားပေးရန် ဖြစ်သည်။ ဥတွင် အစဉ်သဖြင့် သားကောင်၏ အသက်မျိုးစေ့နှင့် သားကောင်အတွက် အာဟာရဓာတ် ဖြစ်စေသောအနှစ်ကို အကာအကွယ်ပေးထားသည့် အခွံ့ပါစမြဲဖြစ်သည်။ ငှက်၏ဥသည် နို့တိုက်သတ္တဝါ၏ ဥထက်ကြီး၏။ ထိုသို့ ဖြစ်ခြင်းမှာ ငှက်မ၏ ခန္ဓာ ကိုယ်အတွင်းမှ ထွက်လာသော ဥအတွင်း၌ ကြီးထွားလာမည့် ငှက်ငယ်အတွက် အစာပါရှိခြင်းကြောင့် ဖြစ်သည်။ နို့တိုက်သတ္တဝါငယ်များကမူများသောအားဖြင့် မိခင်၏ ခန္ဓာကိုယ်အတွင်း၌သာ ကြီးထွားလာကြ ပြီးလျှင် မွေးဖွားမည့်အချိန်အထိ မိခင်ထံမှ အစာအာဟာရကို ရရှိနေလေသည်။

ငှက်များ၊ ပိုးကောင်းများ၊ တွားသွားသတ္တဝါများနှင့် များသောအားဖြင့် ငါးများသည် အမိ၏ခန္ဓာကိုယ် အတွင်းမှ ပြည့်ဝသော ဥများကို ဥပေးကြသည်။ ထိုဥများကို လိုအပ် သည့်အချိန်အထိ သင့်လျော်စွာ ထားလျှင် ဥများအတွင်း၌ အမိအဘနှင့်တူသော သားငယ်များ ကြီးထွားလာကြလေသည်။ နို့တိုက်သတ္တဝါ အားလုံးလိုလိုတွင်မူ ဥသည် မိခင်၏ခန္ဓာ ကိုယ်အတွင်း၌သာ ကြီးထွားပြီးလျှင် အချိန့်စေ့သောအခါ သားငယ်ကို ဖွားလေသည်။

ဥအမျိုးမျိုးရှိရာ တီကောင်များသည် အာဟာရဓာတ်ပါရှိ သော အိတ်များနှင့်ဥများကို ဥပေးကြသည်။ လိပ်ပြာနှင့် ပိုးကောင်တို့၏ ဥများသည် လွန်စွာ သေးငယ်ကြပြီးလျှင် အရောင်အမျိုးမျိုးရှိကြသကဲ့သို့ ပုံသဏ္ဌာန်တွင်လည်း အမျိုးမျိုး ရှိကြသည်။ ထိုဥများကို အတွဲလိုက် မြေကြီးပေါ်၌ဖြစ်စေ၊ သစ်ရွက်ပေါ်၌ ဖြစ်စေ၊ ရေပေါ်၌ဖြစ်စေ ဥကြသည်။ ကမာသည် တစ်နှစ်လျှင် ဥပေါင်း ၆ဝဝဝဝဝဝဝဝ မက ဥလေသည်။ ထိုသို့ များပြားစွာ ဥခြင်းမှာ ရေထဲ၌ ဥပေါင်း မြောက်မြားစွာ ပျောက်ဆုံးလေ့ရှိသဖြင့် သားငယ်များအဖြစ် ပေါက်စေမည့် ဥများ အဖတ်တင် ကျန်ရစ်စေရန် ဖြစ်သည်။ ငါးများကလည်း များသောအားဖြင့် ဥအမြောက်အမြားကို ဥပေးလေ့ ရှိကြသည်။ အချို့ငါးမျိုး၏ ဥများသည် လေးလံကြ သဖြင့် ချောင်း၊ ရေအိုင်၊ သို့မဟုတ် ပင်လယ်၏ အောက်ခြေ အထိ နစ်မြုပ်သွားကြ၏။ အချို့ ငါးမျိုး၏ ဥများကမူ ပေါ့ပြီး လျှင် အလင်းပေါက်များ ဖြစ်ကြ သည်။ ထိုငါးဥမျိုးသည် အတွဲလိုက် ရေမျက်နှာပြင်ပေါ်တွင် မျောနေလေသည်။

သာမန် ဖားပြုပ်မတစ်ကောင်သည် တစ်ခါဥလျှင် ဥပေါင်း ၆ဝဝဝ အထိ ဥတတ်ပြီးလျှင် အတန်း နှစ်တန်းဖြင့် ဥလေ့ ရှိသည်။ သာမန် ဖားမတစ်ကောင်ကမူ ပလောပီနံဥကို ပြုတ် ထားသကဲ့သို့ ကော်ကဲ့သို့ သော ဥများကို ဥလေ့ရှိသည်။ တွားသွားသတ္တဝါများသည် ယင်းတို့၏ဥများကို များသော အားဖြင့် မြေကြီး၏ အပူဓာတ်ဖြင့် ပေါက်စေ လေ့ရှိကြသည်။ အချို့ မြွေမျိုးများကမူ မိမိတို့၏ဥများကို မိမိတို့၏ ခန္ဓာကိုယ် ဖြင့် ခွေပတ်ကာ စောင့်ရှောက် လေ့ရှိကြသည်။

နို့တိုက်သတ္တဝါများအနက် ဥဥလေ့ရှိသောသတ္တဝါမှာ ဘဲတူ ဖျံတူနှင့်ဆူးရှိသော ပရွက်စားကောင် တို့ ဖြစ်သည်။ အချို့ မြွေမျိုး၊ ဖွတ်ပုတတ်မျိုးနှင့် ငါးမျိုးများသည် သားကောင် ကလေးများကို မွေးဖွားသော်လည်း များသောအားဖြင့်ကား ဥများကိုသာ ဥကြလေသည်။ ဘဲတူဖျံတူရှိသော ဩစတြေး လီးယားတိုက်တွင် တွားသွားသတ္တဝါများ ဥသကဲ့သို့ ဥသော ငှက်မျိုးများလည်း ရှိသည်။ ထိုငှက်မျိုးသည် ယင်းတို့၏ ဥများကို ဝပ်ပေးလေ့ မရှိကြချေ။

အချို့ပိုးကောင်များသည် ယင်းတို့၏ ဥများကို နည်းအမျိုး မျိုးဖြင့် အကာအကွယ်ပေးကြသည်။ ပျားနှင့် နကျယ်ကောင် များသည် ယင်းတို့၏ဥများကို အထူးစီမံထားသောအိမ်များတွင် ဥကြလေသည်။ ပင့်ကူများကမူ ယင်းတို့၏ဥများကို ပိုးမျှင် ကဲ့သို့သော အိတ်ငယ်ကလေးများဖြင့် ရစ်ပတ်၍ ထားလေ့ရှိကြ ပြီးလျှင် ထိုအိတ် ငယ်ကလေးများကို လုံခြုံသည့်တစ်နေရာရာ တွင် ဖြစ်စေ၊ မိမိနှင့်တစ်ပါတည်း သယ်ဆောင်၍ဖြစ်စေ သွား လေ့ ရှိကြသည်။ ခြင်များသည် ယင်းတို့၏ ဥများကို ရေသေများ၏ မျက်နှာပြင်ပေါ်၌ ဖောင်ကလေးများသဖွယ် ဥလေ့ရှိ ကြသည်။

ကြက်ဥနှင့်ဘဲဥများအပြင် လူများ စားသောက်သော အခြား ဥများလည်း ရှိသေးသည်။ မြန်မာနိုင်ငံကဲ့သို့သော အပူပိုင်း ဒေသများတွင် လိပ်ဥများကို ကြက်ဥနှင့်ဘဲဥများသဖွယ် စားသောက်လေ့ ရှိကြသည်။ အထူးသဖြင့် ကမ်းရိုးတန်း ဒေသ နေလူများသည် ထိုလိပ်ဥများကို ဟင်းလျာအဖြစ် စားသောက် ကြသည်။ ငါးဥ၊ ပုစွန်ဥများကိုလည်း ဟင်းလျာအဖြစ် စား သောက်တတ်ကြလေသည်။[၁]

ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)