ဥရောပသမိုင်းတွင် ထင်ရှားသော ချားဘုရင်များ

ဝီကီပီးဒီးယား မှ

ဥရောပသမိုင်းတွင် ထင်ရှားသော ချားဘုရင်များ[ပြင်ဆင်ရန်]

ဥရောပတိုက်ရှိ တိုင်းပြည်တို့တွင် ချားအမည်ခံ မင်းဆက်များ အများအပြားရှိခဲ့၏။ ထိုချားမင်းဆက် အသီးသီးတို့အနက်၊ ဆွီဒင်နိုင်ငံမှ ၁၂ ဆက်မြောက် ချားဘုရင်၊ ပြင်သစ်နိုင်ငံမှ ချားအမည်ခံဘုရင် ၁ဝ ပါး၊ အင်္ဂလန်ပြည်မှ ချားအမည်ခံ ဘုရင် ၂ ပါးနှင့်၊ ရောမသာသနာစောင့် နိုင်ငံတော်၏ ပဉ္စမ မြောက် ချားဧကရာဇ်တို့အကြောင်းကိုသာ ဖော်ပြလိုက်သည်။

ချားဘုရင်၊ ၁၂ ဆက်မြောက် (ဆွီဒင်)(ခရစ် ၁၆၈၂-၁၇၁၈)[ပြင်ဆင်ရန်]

၁၆၉၈ ခုနှစ်တွင် ဆွီဒင်နိုင်ငံ ထီးနန်းကို ၁၂ ဆက် မြောက် ချားဘုရင်သည် ၁၅ နှစ်သားအရွယ်၌ ဆက်ခံစိုးစံ သည်။

ထီးနန်းဆက်ခံသည့် အချိန်မှစ၍ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ ဆွီဒင်နိုင်ငံတွင်းရှိ မှူးမတ်တို့သည် ခမည်း တော် ၁၁ ဆက်မြောက် ချားဘုရင်လက်ထက်က ဆုံးရှုံးခဲ့သော သူတို့၏ အာဏာများကို သားတော်ဖြစ်သော သူတို့၏ တန်ခိုး အာဏာများကို သားတော်ဖြစ်သော ၁၂ ဆက်မြောက်ချားဘုရင် ကလေးထံမှ ပြန်၍ ယူလိုကြသည်။ သို့သော် ဘုရင်ကလေးက လျှော့မပေးချေ။ ဘိသိက်သွန်းလောင်းသည့်အခါ ကျိန်ဆိုရမည့် ကတိကဝတ်ကိုပင် ရှောင်လွှဲလို၍ ဘိသိတ်လောင်းခြင်း မခံ ယူဘဲ၊ ဘုရားသခင်၏ အလိုတော်အရ ငါမင်းပြုသည်ဟု ကျေညာခဲ့၏။ နိုင်ငံနီးချင်းဖြစ်သော ရုရှ၊ ပိုလန်နှင့် ဒိန်းမတ်တို့က ဗောလတစ်ပင်လယ် အရှေ့ဘက်ကမ်းခြေ တစ်လျှောက်ရှိ ဆွီဒင်ပိုင်နယ်မြေများကို သိမ်းယူရန် ကြံစည်ကြ သည်။

၁၆၉၉ ခုနှစ်၌ ဒိန်းမတ်၊ ရုရှနှင့် ပိုလန်နိုင်ငံတို့ ပူးပေါင်း လျက် ဆွီဒင်နိုင်ငံကို စစ်ကျေညာသောကြောင့် ဥရောပမြောက် ပိုင်း စစ်ပွဲကြီး ဖြစ်ပွားလေတော့သည်။ ထိုအခါတွင် ချားဘုရင် ကလေးသည် အရွယ်နှင့်မလိုက်အောင် ထူးချွန်ထက်မြက်သော သူ၏လက်ရုံးရည်တို့ကိုပြရန် အခါအခွင့်ရခဲ့သည်။ သို့ရသည့် အတိုင်း သူ၏စစ်တပ်များကို ကိုယိုင်စီမံခန့်ခွဲလျက် ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ရှေးဦးစွာ အနီးဆုံးရန်သူ ဖြစ် သော ဒိန်းလူမျိုးတို့အား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နှိမ်နင်းပြီးလျှင်၊ နားဗာမြို့ စစ်မျက်နှာ၌ ရုရှာဇာဘုရင် ပီတာ-သ-ဂရိတ်၏ အင်အား အဆမတန် ကြီးမားလှသော ရုရှစစ်တပ်ကို နှိမ်နင်း အောင်မြင်ခဲ့ပြန်လေသည်။ ထိုတိုက်ပွဲ၌ ဖမ်းမိခဲ့သော ရုရှ သုံးပန်းများမှာ စစ်နိုင်သူတို့ထက်ပင် အရေအတွက်အားဖြင့် များနေသေးသည်ဟု ဆို၏။ ထို့နောက်တွင် ပိုလန်နိုင်ငံကို တိုက်ခိုက်သိမ်းယူလျက် ပိုလန်ဘုရင်ကို ထီးနန်းမှ ချပြီးလျှင် သူ့စိတ်ကြိုက် ဘုရင်တစ်ပါးကို နန်းတင်ခဲ့လေသည်။

ဤမြောက်ပိုင်းစစ်ပွဲကြီးတွင် ချားဘုရင်ကလေး၏ လက်ရုံးရည် နှလုံးရည်တို့ကို ဥရောပတိုက် တစ်တိုက်လုံးက အံ့ဩကြလေရာ၊ ဘုရင်ကလေးမှာ ဥရောပတိုက်သမိုင်းတွင် နာမည်ထွန်းပြောင်လှသော စစ်ဘုရင်တစ်ပါးအဖြစ် ကျော်ကြား လာသည်။ သို့ရာတွင် ချားဘုရင်ကလေး ပိုလန်နိုင်ငံသို့ ချီတက်တိုက်ခိုက် သိမ်းပိုက်နေသောအချိန်တွင် ရုရှဇာဘုရင် ပီတာ-သ-ဂရိတ်သည် စစ်သည်အင်အားသစ် ဖြည့်လောင်းပြီး သော် ဖင်းလန်ပင်လယ်ကွေ့အတွင်းရှိ ဆွီဒင်ပိုင်နက်များကို တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်သည်။

ထိုအခါတွင်မှ ချားဘုရင်သည် ရုရှစစ်တပ်များကို နှိမ်နင်း ၍ ရုရှနိုင်ငံကိုပါ သိမ်းယူရန် ရုရှနိုင်ငံဖက်သို့ စစ်ဦးလှည့်ခဲ့ ရပြန်သည်။ သို့ရာတွင် ရုရှတို့သည် အလုံးအရင်းနှင့် ရင်ဆိုင် မတိုက်ဘဲ တဖြည်းဖြည်း ဆုတ်ခံခံလျက် နောက်ပိုင်းမှ စစ်အင် အားကို ဖြည့်တင်းခဲ့ကြသည်။ ရုရှတို့၏ စစ်ပရိယာယ်ကို နား မလည်သော ချားဘုရင်သည် ရုရှနိုင်ငံတွင်းသို့ နယ်ကျွံသည် ထက် ကျွံအောင် ချီတက်ခဲ့၏။ ဤကား သူ၏အမှားပင် ဖြစ် တော့သည်။ မောစကိုမြို့ကို တိုက်ခိုက်၍မရသည်နှင့် ရုရှ တောင်ပိုင်းရှိ ဗောလတစ်ပင်လယ်မှ မိုင် ၈ဝဝ ဝေးသော ပိုလတာဗာမြို့ကို ဝန်းရံတိုက်ခိုက်၏။

ဤသို့ ဝန်းရံတိုက်ခိုက်လျက်ရှိစဉ်၊ ၁၇ဝ၉ ခုနှစ်ဦးတွင်၊ အအေးဓာတ် ပြင်းထန်သော ဆောင်းရာသီတိုင် ရောက်လာ သဖြင့် ဆွီဒင်စစ်သားများမှာ အခက်အခဲတွေ့ကြလေတော့သည်။ စစ်တပ်ရုပ်သိမ်း ဆုတ်ခွာရန် အကြံပေးချက်များကို ငြင်းပယ် လျက် ချားဘုရင်သည် ရုရှတို့ကိုမနိုင်သမျှ ငါမပြန်ဟု တင်းမာ စွာ ဆုံးဖြတ်ခဲ့၏။ ထိုအချိန်တွင် အင်အား ၂ ဆမျှ သာလွန် သော ရုရှတို့သည် ဆွီဒင်စစ်တပ်အား တိုက်စစ်ဆင်ကြလေ တော့ရာ၊ ဆွီဒင်စစ်သားများ ကစဉ့်ကလျားပျက်ကာ ၂ ရက် အတွင်း လက်နက်ချကြရလေတော့သည်။ ချား ဘုရင်ကိုယ်တိုင် မှာလည်း မြင်းသည်တော် ၁၅ဝဝ ခန့်နှင့် လက်လွှတ်ထွက်ပြေး ၍ တူရကီနိုင်ငံထဲသို့ ခိုဝင်ရလေ၏။

ချားဘုရင်သည် တူရကီနိုင်ငံတွင် ၅ နှစ်ခန့် နေထိုင်ခဲ့စဉ် ရုရှကို စစ်ကျေညာရန် တူရကီဘုရင်အား တိုက်တွန်းသော် လည်း မအောင်မြင်ခဲ့ချေ။ ထိုမျှမကသေး တူရကီလူမျိုးတို့၏ ဖမ်းဆီးခြင်းခံရ၍ တစ်နှစ်ခန့် အကျယ်ချုပ်နှင့် နေခဲ့ရပြီးသော် ၁၇၁၄ ခုနှစ်တွင် တူရကီနိုင်ငံတွင်းမှ ထွက်ခွာသွားရန် အမိန့် ပေးခြင်း ခံရသည်။ ထို့ကြောင့် ချားဘုရင်သည် အဖော် ၂ ဦး နှင့်အတူ ရန်သူနယ်များကို ဖြတ်ကျော်ကာ ၁၄ နှစ်ခန့် စွန့်ခွာ ထားခဲ့ရသော ဆွီဒင်နိုင်ငံသို့ ပြန်ခဲ့ရ၏။

ထိုအချိန်တွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ခဲ့သော ဆွီဒင်မှာ တန်ခိုးမှေးမှိန်သွားပေပြီ၊ ဆွီဒင်ပိုင် အစွန်အဖျား နယ်များ ကိုလည်း အခြားနိုင်ငံများက သိမ်းပိုက်ခဲ့ပေပြီ။ ယင်းသို့တစေ အခဲမကြေနိုင်သေးသော ချားဘုရင်သည် သူပြန်ရောက်ပြီး နောက် ၃ နှစ်ခန့်အတွင်း အင်အားစုကာ ၁၇၁၇ ခုနှစ်တွင် နော်ဝေး နိုင်ငံသို့ ချီတက်တိုက်ခိုက်ပြန်လေသည်။ ၁၇၁၈ ခုနှစ် ၌ နောက်တစ်ကြိမ် စစ်ဆင်ပြန်ရာတွင် 'ဖရက်စရစ်စတင်' ခံတပ်ကို ဝန်းရံ၍တိုက်စဉ် ချားဘုရင် ကျည်သင့်၍ ကျဆုံးသွား လေသည်။

ချားဘုရင်များ (ပြင်သစ်)[ပြင်ဆင်ရန်]

ပြင်သစ်နိုင်ငံသမိုင်းတွင် ချားဘွဲ့ခံဘုရင်ပေါင်း ၁ဝ ပါး ရှိခဲ့သည်။

ပထမချားဘုရင်(ခရစ် ၈၂၃-၈၇၇)[ပြင်ဆင်ရန်]

ပထမချားဘုရင်သည် ရှားလမိန်း ဘုရင်၏ မြေးတော်ဖြစ်သည်။ ဖိုးတော်ရှား လမိန်း ဧကရာဇ်ဘုရင်နှင့် လူဝီ-သ-ဂျာမန်တို့သည် သုံးပိုင်းပိုင်းကာ၊ တသီးတခြားစီ ဘုရင်လုပ်ကြသည်။ အနောက်ဘက်ဆုံးအပိုင်းကို ချားထိပ်ပြောင် ဟူ၍လည်း ခေါ်ဝေါ်ကြသော ချားဘုရင်က ၈၇၇ ခုနှစ်အထိ ဆက်ခံစိုးမိုးသည်။ ထို အနောက်ဘက်ဆုံးအပိုင်းမှ ယခုကာလ ပြင်သစ်နိုင်ငံ ပေါ်ထွန်းလာလေသည်၊ ထို့ကြောင့် ချားထိပ်ပြောင်ကို ပြင်သစ်နိုင်ငံ၏ ပထမချားဘုရင်ဟု ခေါ်စမှတ်ပြုကြသည်။ ရောမသာသနာစောင့်နိုင်ငံတော်၏ ဒုတိယချား ဧကရာဇ်ဟူ၍လည်း ဘွဲ့ခံယူသည်။ ဤဘုရင်သည်နိုင်ငံတွင်းသို့ ချင်းနင်းဝင်ရောက်လာစပြုသော နော်မန်လူမျိုးများအား တွန်းလှန်တိုက်ခိုက်ရ၏။


ဒုတိယချားဘုရင် (ခရစ် ၈၃၂-၈၈၈)[ပြင်ဆင်ရန်]

ဒုတိယချားဘုရင် သည် ပထမချားဘုရင်၏ တူတော်ဖြစ်သည်။ ၈၈၁ ခုနှစ်တွင် အနောက်ဘက်ဆုံးပိုင်း ပြင်သစ်တို့၏ ဘုရင်ဖြစ်လာသည်။ ပြင်သစ်ပြည်ကို ချင်းနင်းတိုက်ခိုက်နေသော နော်မန်နှင့် ဆာရဆင် လူမျိုးများ၏ရန်ကို ကောင်းစွာ တွန်းလှန်ခြင်း မပြုနိုင်သဖြင့် ၈၈၇ ခုနှစ်တွင် နန်းချခံရသည်။ ဤဘုရင်ကို ဝလွန်း၍ ချားဘုရင်ဝ ဟူ၍လည်း ခေါ်စမှတ်ပြုကြသည်။

တတိယချားဘုရင် (ခရစ် ဂ၇၉-၉၂၉)[ပြင်ဆင်ရန်]

တတိယချားဘုရင်သည် ၈၉၃-ခုနှစ်တွင် နန်းတက်သည်။ ရိုးလွန်းသောကြောင့် သူ့ကို ချားဘုရင်ရိုး ကြီး ဟူ၍လည်း ခေါ်စမှတ်ပြုကြသည်။ ထိုဘုရင်၏လက်ထက် တွင် နော်မန်ဒီဟု နောင် ခေါ်တွင်မည့်နယ်မြေကို နော့ သမန်လူမျိုးတို့လက်သို့ လွဲပြောင်းပေးလိုက်ရသည်။ ထိုအချိန် မှစ၍ ပြင်သစ်နိုင်ငံသည် ရောမသာသနာစောင့် နိုင်ငံတော်တွင် အပါအဝင်မဟုတ်ဘဲ၊ သီးခြားလွတ်လပ်သော နိုင်ငံအဖြစ်ဖြင့် ထင်ရှားလာလေသည်။ မှူးမတ်ရိုးရာများက ၉၂၂ ခုနှစ်တွင် ပုန်ကန်ထကြွပြီးလျှင် ချားဘုရင်ကို အကျဉ်းချထားရာ၊ ထို အကျဉ်းထောင်ထဲ၌ပင် ဘုရင်သည် နတ်ရွာစံလေသည်။

စတုတ္ထချားဘုရင် (ခရစ် ၁၂၉၄-၁၃၂၈)[ပြင်ဆင်ရန်]

စတုတ္ထချားဘုရင်အား ချားဆံဖြူ ဟူ၍လည်း ခေါ်သည်။ ၁၃၂၂ ခုနှစ်မှ ၁၃၂၈ ခုနှစ်အထိ ပြင်သစ်နိုင်ငံကို အုပ်ချုပ်သည်။ ပြင်သစ်ပြည်ကို ခရစ် ၉၈၇ ခုနှစ်ကစ၍ စိုးမိုးခဲ့သော ကပတ်မင်းဆက်တွင် ထိုမင်းသည် နောက်ဆုံးမင်း ဖြစ်သည်။ ထိုမင်းလက်ထက်တွင် ကပက်မင်း များ မရရှိခဲ့သော ဘုရင့်အာဏာများ ရ၍ တိုးတက်ခိုင်မြဲ လာသည်။

ပဉ္စမချားဘုရင် (ခရစ် ၁၃၃၇-၁၃၈ဝ)[ပြင်ဆင်ရန်]

ပဉ္စမချားဘုရင်အား ချားပညာရှိ ဟူ၍လည်း ခေါ်သည်။ ၁၃၆၄ ခုနှစ်တွင် နန်းတက်သည်။ ၁၃၅၆ ခုနှစ်တွင် ခမည်းတော် ဂျွန်ဘုရင်သည် ဂျွန်ဘုရင်သည် ပွားတျားတိုက်ပွဲ၌ အင်္ဂလိပ်တို့လက်တွင် အဖမ်းခံရသဖြင့် ချား ဘုရင်က ခမည်းတော်ကိုယ်စား နိုင်ငံကို အုပ်ချုပ်ရသည်။ ချား ဘုရင်သည် ခမည်းတော် လက်ထက်၌ ဆုံးရှုံးခဲ့သော နယ်မြေ အားလုံးလိုလိုကို အင်္ဂလိပ်တို့လက်မှ ပြန်လည်သိမ်းပိုက်လေ သည်။ အနုပညာနှင့် စာပေကို အားပေးချီးမြှောက်သည့်ဘုရင် ဖြစ်သည့်အပြင်၊ ပြင်သစ်နိုင်ငံရှိ အမျိုးသား စာကြည့်တိုက်ကို လည်း အခြေတည် ပျိုးထောင်ခဲ့သူ ဖြစ်ပေသည်။ ထိုဘုရင်၏ လက်ထက်တွင် ဗက်စီတီး အကျဉ်းထောင်ကို တည်ထောင်ခဲ့ သည်။ ပဉ္စမချားဘုရင် နန်းတက်သောနှစ်သည် ဥရောပနှစ် တစ်ရာစစ်ပွဲ ဒုတိယပိုင်းကို စသောနှစ် ဖြစ်သည်။

ဆဋ္ဌမချားဘုရင် (ခရစ် ၁၃၆၈-၁၄၂၂)[ပြင်ဆင်ရန်]

ဆဋ္ဌမချားဘုရင် သည် ပဉ္စမချား ဘုရင်၏ သားတော်ဖြစ်သည်။ မွေးလျှင် မွေးခြင်းပင် ဒိုဖန်နယ် စားအဖြစ် ခြီးမြှောက်ခံရသဖြင့်၊ ထိုအခါမှစ၍ ပြင်သစ်ဘုရင်၏ သားအကြီးဆုံးကို ဒိုဖန် မင်းသားဟု ခေါ်စမှတ်ပြု၏။ ခမည်း တော် နတ်ရွာစံသောအခါ ချားသည် အသက် ၁၂ နှစ်အရွယ်မျှ သာ ရှိသေးသဖြင့် ဦးရီးတော် ၄ ဦးတို့သည် ဘုရင့်အာဏာကို ခွဲယူကာ နိုင်ငံကို အုပ်ချုပ်ကြသည်။ ဦးရီးတော်တို့ အချင်းချင်း အာဏာလုမှုများ ပေါ်ပေါက်လာရာ တိုင်းပြည် မငြိမ်မသက် ဖြစ်နေလေသည်။ ၁၃၈၈ ခုနှစ်သို့ ရောက်သည့်အခါ ချားဘုရင် သည် ထီးနန်းကို သိမ်းပိုက်၍ ၁၃၉၂ ခုနှစ်အထိ ပြင်သစ်နိုင်ငံ ကို အုပ်စိုးသည်။ သို့ရာတွင် ဘုရင်၌ ရူးသွပ်သောရောဂါ စွဲကပ်လာသဖြင့် အာဏာလုပွဲများ ထပ်မံပေါ်ပေါက်လေသည်။

ချားဘုရင်၏ ဦးရီးတော် ဒျူဘွဲ့ရ ဗာဂန်ဒီစားနှင့် ချား ဘုရင်၏ ညီတော် ဒျူဘွဲ့ရ အော်လီယန်းစားတို့ အပြိုင်အဆိုင် အာဏာလုမှုကြောင့် နိုင်ငံတွင်း၌ ပြည်တွင်းစစ် ဖြစ်ပွားလေ သည်။ ယင်းသို့ ပြည်တွင်းရေး မငြိမ်မသက်ရှိနေခိုက် အင်္ဂလန် ပြည်မှ ပဉ္စမဟင်နရီဘုရင်သည် ဗာဂန်ဒီဘက်တော်သားများအား ကူညီသည့်အနေဖြင့် ပြင်သစ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်၏။ ၁၄၁၅ ခုနှစ်တွင် အင်္ဂလိပ်တို့သည် အက်ဂျင်ကုတ် တိုက်ပွဲ၌ စစ်နိုင်သဖြင့် ပြင်သစ်နိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်လေသည်။ ဆဋ္ဌမချားဘုရင်၏သမီးတော် ကက်သရင်းကို အင်္ဂလိပ်ဘုရင် ပဉ္စမဟင်နရီနှင့် လက်ထပ်ထိမ်းမြားလိုက်ရ၍ ဟင်နရီဘုရင်အား ပြင်သစ်နန်းမွေ ဆက်ခံမည့်သူဟု အသိအမှတ်ပြုလိုက်ရသည်။ ၁၄၂၂ ခုနှစ်တွင် အင်္ဂလိပ်ဟင်နရီဘုရင်နှင့် ပြင်သစ်ချား ဘုရင် တို့ နတ်ရွာစံကြသည်။ ထိုစဉ်က သတ္တမချားဘုရင်အဖြစ် နန်း တက်မည့် ဒိုဖန်မင်းသားသည် ပြင်သစ်နိုင်ငံ တောင်ပိုင်းကိုသာ အုပ်စိုးနိုင်သည်။

သတ္တမချားဘုရင် (ခရစ် ၁၄ဝ၃-၁၄၆၁)[ပြင်ဆင်ရန်]

သည် ခမည်း တော်၏ အရိုက်အရာကို ၁၄၂၂ ခုနှစ်တွင် ဆက်ခံရသော်လည်း အင်္ဂလိပ်တို့က ပြင်သစ်ပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းကို သိမ်းပိုက်ထားခြင်းကြောင့် ၇ နှစ်ကြာမှ ပြင်သစ်ဘုရင်အဖြစ် ဘိသိက်ခံရသည်။ ၁၄၂၉ ခုနှစ်တွင် တောရွာသူကလေး ဂျုန်း အော့အတ်သည် ပြင်သစ်စစ်တပ်ကို ခေါင်းဆောင်၍ အင်္ဂလိပ် များ ဝန်းရံလျက်ရှိသော အော်လီယန်းမြို့ကို ရန်သူ၏ လက်တွင်းမှ ကယ်တင်ခဲ့သည်။


ထိုသို့အောင်မြင်ပြီးနောက် ရှေးပြင်သစ်ဘုရင် အဆက်ဆက်တို့၏ ထုံးတမ်းစဉ်လာအရ သတ္တမချားဘုရင်အား ရိမ်းမြို့၌ ရာဇ ဘိသိက်ကို ခံယူစေသည်။ ပြင်သစ်တို့လည်း ကဲလေးမြို့မှ တစ်ပါး ပြင်သစ်ပိုင်နယ်အားလုံးကို ၁၄၄၄ ခုမှ ၁၄၅၃ ခုအတွင်းတွင် အင်္ဂလိပ်တို့လက်မှ ပြန်လည်သိမ်းပိုက်နိုင်ကြ လေသည်။ ထိုမင်းလက်ထက်တွင် နှစ်တစ်ရာစစ်ပွဲလည်း ပြီးဆုံး၍ တိုင်းပြည်စည်ပင်ဝပြောလာသည်။ သတ္တမချားဘုရင် သည် အင်အားတောင့်တင်းသော အမြဲတမ်းစစ်တပ်ကို စတင် ဖွဲ့စည်း တည်ထောင်သည့် ပထမဆုံးပြင်သစ်ဘုရင် ဖြစ်သည်။

အဋ္ဌမချားဘုရင် (ခရစ် ၁၄၇ဝ-၁၄၉၈)[ပြင်ဆင်ရန်]

သည် အသက် ၁၃ နှစ်ရွယ်တွင် ခမည်းတော်ဖြစ်သော ၁၁ ဆက်မြောက် လူဝီ၏ အရိုက်အရာကို ဆက်ခံလေသည်။ သို့ရာတွင် ဘုရင် ကလေး ၂၁ နှစ်အရွယ် ရောက်သည့်တိုင်အောင် အစ်မတော် အန်က နိုင်ငံကို အုပ်ချုပ်သည်။ ၁၄၉၁ ခုနှစ်တွင် ဘုရင်သည် ဗရစ်တန္နီးစား အန်နှင့် လက်ထပ်လိုက်သဖြင့် ပြင်သစ်နိုင်ငံ တွင်းသို့ ဗရစ်တန္နီနယ်တစ်နယ် ထပ်တိုးလာသည်။ ၁၄၉၄ ခုနှစ်တွင် ချားဘုရင်သည် အီတလီကျွန်းဆွယ်ရှိ မြို့တို့ကို ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် နယ်သစ်မရရှိသော်လည်း၊ ပြင်သစ်နိုင်ငံသို့ အီတလီအနုပညာနှင့် စာပေလေ့လာမှုများ ရောက်ရှိလာသဖြင့်၊ ပြင်သစ်တို့၏ ဉာဏ်သစ်အရေးပုံ စတင် ဖြစ်ပေါ်လာသည်။

နဝမချားဘုရင် (ခရစ် ၁၅၅ဝ-၁၅၇၄)[ပြင်ဆင်ရန်]

သည် ဒုတိယဟင်နရီနှင့် ကက်သရင်း ဒါမဲဒီချီ၏ သားတော် ဖြစ်သည်။ အသက် ၁ဝ နှစ်အရွယ်၌ နောင်တော် ဒုတိယဖရန်စစ်၏ အရိုက်အရာကို ဆက်ခံသည်။ သို့ရာတွင် သားတော်အရွယ် ရောက်ပြီးသည့်တိုင်အောင် မယ်တော်က နိုင်ငံကို ရင်ခွင်ပိုက် အုပ်ချုပ်သည်။ ထိုမင်းလက်ထက်တွင် ပြည်တွင်းစစ်များ၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် ရိုမင်ကက်သလစ် (ဗရင်ဂျီ)နှင့် ပရိုစတန့် ဟျူးဂျနိုးဂိုဏ်းတို့ အယူဝါဒပဋိပက္ခဖြစ်မှုများဖြင့် ရှုပ်ထွေးနေသဖြင့် ပြင်သစ်နိုင်ငံသမိုင်းတွင် မငြိမ်မသက် ဆုံး အချိန်တစ်ချိန် ဖြစ်သည်။ မယ်တော်၏ ပယောဂကြောင့် ၁၅၇၂ ခုနှစ် စိန့်ဗာသောလမျူးနေ့တွင် (ဩဂုတ်လ ၂၄ ရက်) ထောင် ပေါင်း များစွာသော ပရိုတက်စတန့်ဟျူးဂျနိုးဂိုဏ်းဝင်များ အသတ်ခံရလေသည်။ ချားဘုရင်လည်း ထိုကဲ့သို့ သတ်ဖြတ်မိ သဖြင့် စိတ်၌ အလွန်ထိခိုက်၍ မမာမကျန်းဖြစ်ပြီးလနောက် ၂ နှစ်အကြာတွင် ကံကုန်သည်။

ဒသမချားဘုရင် (ခရစ် ၁၇၅၇-၁၈၃၆)[ပြင်ဆင်ရန်]

သည် ၁၆ ဆက်မြောက်နှင့် ၁၈ ဆက်မြောက် လူဝီဘုရင်တို့၏ ညီတော်ဖြစ် သည်။ ၁၈၂၃ ခုနှစ်တွင် နောင်တော် ၁၈ ဆက်မြောက် လူဝီ ဘုရင်၏ အရိုက်အရာကို ဆက်ခံလေသည်။ ထိုမင်းသည် ၁၇၈၉ ခုနှစ်တွင် ဖြစ်ပွားသော ပြင်သစ်တော်လှန်ရေးကြီး ပြီးစီးသည့်နောက်မှ မင်း လုပ်ရသည့်တိုင်အောင် ဘုရင်တို့၏ ဘုန်းကံအခွင့်အရေးကို စွဲမြဲယုံကြည်သူ ဖြစ်သည်။ သို့ဖြစ်၍၊ တိုင်းသူပြည်သားတို့အား သက်ဦးဆံပိုင်စနစ်ဖြင့် ပြန်လည် အုပ်ချုပ်လေရာ၊ ၁၈၃ဝ ခုနှစ်တွင် ပါရစ်မြို့၌ ပါရစ်မြို့၌ ဘုရင်အား တော်လှန်မှုကြီး ဖြစ်ပွားလာလေသည်။ ချားဘုရင် လည်း နန်းစွန့်၍ အင်္ဂလန်ပြည်သို့ တိမ်းရှောင်ရလေသည်။ လူဝီဖိလစ်က ပြင်သစ်ထီးနန်းကို ဆက်ခံသည်။ ဒသမချား ဘုရင်သည် ဗူးဗွန်မင်းဆက်တွင် နောက်ဆုံးဘုရင် ဖြစ်သည်။

ချားဘုရင်များ (အင်္ဂလိပ်)[ပြင်ဆင်ရန်]

ချားဘုရင်ပထမ (ခရစ် ၁၆ဝဝ-၁၆၄၉)[ပြင်ဆင်ရန်]

ပထမချားဘုရင်မှာ အင်္ဂလန်ပြည်၏ ထီးနန်းကို အုပ်စိုးခဲ့ သော စကော့မင်းဆက် စတူးဝပ်အနွယ်ဝင် ဘုရင်တစ်ပါး ဖြစ်သည်။ အင်္ဂလန်နှင့် စကော့တလန် နှစ်ပြည်ထောင်၏ ပထမဘုရင်အဖြစ် အုပ်စိုးခဲ့သော ပထမဂျိန်းဘုရင်၏သားတော် ဖြစ်ပေသည်။ ဘုရင်၏ တန်ခိုးအာဏာမှာ ဘုရားသခင်မှ ဆင်းသက်လာသည်ဖြစ်၍ တိုင်းပြည်လူထု၏ အလိုကို ဂရုပြု စရာ မလို၊ ဘုန်းကံအခွင့်အရေးရှိ၍ ဘုရင့်အလိုကျ ပြုမူနိုင်ခွင့် ရှိသည်ဟူသော ဝါဒကို ခမည်းတော်ကဲ့သို့ စွဲမြဲယုံကြည် သူဖြစ် လေသည်။ ထို့ကြောင့် ပါလီမန်နှင့် တဖက်တစ်လမ်း ဖြစ်ကြ ရာမှ အာဏာလုသည့် ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားခဲ့ရ၍၊ ပါလီမန်က အရေးသာသောအခါ မိမိ၏ဝါဒကို မစွန့်လွှတ် နိုင်သည့် ချားဘုရင်မျာ မိမိ၏အသက်ကို စွန့်လွှတ်လိုက်ရ လေသည်။ ချားသည် ၁၆ဝဝ ပြည့်နှစ်တွင် ဖွားမြင်၍ ၁၆၁၂ ခုနှစ် တွင် သူ၏နောင်တော် ဟင်နရီမင်းသား ကွယ်လွန်သွားသည့် အခါ အိမ်ရှေ့နန်းလျား ဖြစ်လာသည်။၁၆၂၅ ခုနှစ်တွင် ဖခင်၏ အရိုက်အရာကို ဆက်ခံခဲ့ရ၏။ စာပေပညာရပ်များကို ကောင်း စွာ လေ့လာဆည်းပူး၍ ဘာသာတရားကို ကြည်ညိုလေးစားသူ ဖြစ်လေသည်။ မိမိ၏ ယုံကြည်စွဲမြဲချက်အတိုင်း ဖြစ်မြောက် အောင် မည်သည့်အရာမဆို စွန့်လွှတ်နိုင်သောသဘော ရှိသည်။ သို့သော် ချားကား ထိုခေတ်အခါက လူများ၌ အကြံဉာဏ် အတွေးအခေါ်သစ်များ ပေါ်ပေါက်နေကြောင်းကို ဂရုမပြုခဲ့ချေ။ နန်းတက်ပြီး ၃ နှစ်အတွင်း၌ ပါလီမန်အစည်းအဝေး ၃ ကြိမ် တိုင် ဆင့်ခေါ်ခဲ့သော်လည်း ပါလီမန်သည် ဘုရင်၏ တစ်ချက် လွှတ် တောင်းဆိုချက်များကို မလိုက်လျောသဖြင့် ၃ ကြိမ်လုံး ဖျက်သိမ်းပစ်လိုက်ရလေသည်။ အချုပ်ဆိုရသော် ဘုရင်နှင့် ပါလီမန်သဘော မညီညွတ်သည်မှာ ဘုရင်ကလည်း သက်ဦး ဆံပိုင်ဘုရင်အဖြစ် ကန့်သတ်လိုသောကြောင့် ဖြစ်လေသည်။ ယင်းသို့ ချားဘုရင်အား သက်ဦးဆံပိုင်ဘုရင်အဖြစ် စိုးမိုး စေရန် ဝိုင်းဝန်းသွေးထိုးပေးနေကြသူများမှာ ဝန်ကြီးချုပ်အား ဘွဲ့ရစထရက်ဖို့စား၊ ဂိုဏ်းချုပ်ကြီးလော့နှင့် ဘုရင်၏ မိဖုယား ပြင်သစ်မင်းသမီး၊ ဟင်နရီအက်စတာမာရီယာတို့ ဖြစ်လေသည်။ ပထမချားဘုရင်သည် တတိယအကြိမ် ပါလီမန်အစည်း အဝေးတွင် ရေးဆွဲတင်ပြခဲ့သော အခွင့်အရေး တောင်းဆိုလွှာ အတိုင်း လိုက်နာရန် သဘောတူခဲ့လေသည်။ သို့သော် ဖော်ပြခဲ့ သော လူတစ်စု၏ ဩဇာလွှမ်းမိုးမှု၊ သွေးထိုးပေးမှုတို့ကြောင့် ထိုတောင်းဆိုလွှာပါ အရေးကြီးသောအချက်များကို ဖောက်ဖျက် ကာ၊ ဥပဒေနှင့်လည်း မညီ အကျိုးအကြောင်းလည်း မဆီလျော် သော အခွန်စည်းကြပ်ခြင်း ငွေချေးယူခြင်းများ ပြုလေသည်။ ပါလီမန်ကို ၃ ကြိမ်မျှ ဖျက်သိမ်းပြီးနောက်တွင် ၁၆၂၉ ခုနှစ်မှ ၁၆၄ဝ ပြည့်နှစ်အထိ ၁၁ နှစ်တိုင်တိုင် ချားဘုရင်သည် ပါလီမန်မခေါ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်လေသည်။ ထိုအတော အတွင်း တိုင်းပြည်အတွက် သုံးရန်မလိုသော ငွေများကို ရနိုင်သောနည်းဖြင့် ကောက်ခံခဲ့ရာ တစ်နိုင်ငံလုံး မကျေမနပ် ဖြစ်ခဲ့လေသည်။ ၁၆၃၉ ခုနှစ်၌ စကော့တလန်ပြည်တွင် ဘုရား ဝတ်တက်ခြင်းကို အင်္ဂလန်ပြည်၌ ဆောင်ရွက်ပုံအတိုင်း လိုက်နာစေသဖြင့်၊ စကော့လူမျိုးတို့ မခံမရပ်နိုင်ဖြစ်ပြီးလျှင်၊ တော်လှန်ပုန်ကန်ကြလေသည်။ အင်္ဂလန်ပြည်၌လည်း ဗရင်ဂျီဂိုဏ်း အဆောင်အယောင်ထုံးစံများကို ရှေးကထက် အရေးတယူပြုလာသဖြင့် သာသနာရေးအယူသည်းသည့် ပျူရီတန်များမှာ မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြရပေသည်။ ထိုအခါ စကော့တလန်ပြည်၏ ပုန်ကန်ထကြွမှုကို နှိမ်နင်း ရန် ငွေလိုသောကြောင့် ချားဘုရင်သည် မလွှဲမရှောင်သာသဖြင့် ပါလီမန်ကို ဆင့်ခေါ်ရသည်။ ထိုပါလီမန်ကို ၁၆၄ဝ ပြည့်နှစ် တွင် ဆင့်ခေါ်လေရာ ၁၂ နှစ်မျှ ပါလီမန်သက် ရှည်ခဲ့သော ကြောင့် သက်တမ်းရှည်ပါလီမန်ဟု ခေါ်ဝေါ်ကြသည်။ ယင်း ပါလီမန်က ယင်းသဘောတူညီချက်မရဘဲ အခွန်ကောက်ခံ ခြင်းမှာ မတရားဟူ၍လည်းကောင်း၊ စတားချိမ်းဗာနှင့် အခြား အထူးအခွင့်ရ ရုံးတော်များကို ပယ်ဖျက်ရန်လည်းကောင်း၊ ပါလီမန်၏ သဘောတူညီချက်မရဘဲ ပါလီမန်ကို မဖျက်သိမ်းရ ဟူ၍လည်းကောင်း၊ ပြဋ္ဌာန်းခဲ့လေသည်။ ဂိုဏ်းချုပ်ကြီး လော့ နှင့် အခြားဝန်ကြီးများကို အကျဉ်း ချထားပြီးနောက် စထရက် ဖို့စားကိုလည်း အဆုံးစီရင်လိုက်သည်။ ၁၆၄၂ ခု ဇန္နဝါရီလ ၄ ရက်နေ့တွင် ပါလီမန်အမတ် ၅ ဦးကို ဖမ်းဆီးရန် အကြံ မအောင်မြင်သောချားသည် လန်ဒန်မြို့မှ ထွက်ပြီးသော် နော့တင်ဂမ်မှနေ၍ ပါလီမန်ကို စစ်ကျေညာလေသည်။ ယင်း သို့လျှင် ဘုရင်နှင့် ပါလီမန်တို့၏ ပြည်တွင်းစစ်သည် ဖြစ်ပွား ရလေသည်။ ဘုရင်၏ ဖက်တွင် မင်းဆွေစိုးမျိုး၊ သူဌေးသူကြွယ်များနှင့် သာသနာ့ဝန်ထမ်းများ ပါဝင်ကြ၏။ ပါလီမန်ဖက်မှ ပျူရီတန် ဂိုဏ်းသားများက ရှေ့ဆောင်၍ ကုန်သည်လယ်လုပ်သူ လူတန်း စားများ ပါဝင်လေသည်။ ပထမ ၂ နှစ်ခန့်တွင် ဘုရင့်ဖက်မှ အရေးသာခဲ့လေသည်။ သို့သော် ပါလီမန်ဖက်တွင် အော်လီဗာ ကရွမ်းဝဲ စသည့် ခေါင်းဆောင်ကောင်းကြီးများ ပါဝင်တိုက်ခိုက် ခဲ့ရာ ဘုရင့်ဖက်မှာ တဖြည်းဖြည်း အရေးနိမ့်လာလေတော့ သည်။ ကရွမ်းဝဲကား တဖြည်းဖြည်း ထင်ရှားလာလေသည်။


၁၆၄၄ ခုနှစ် မာစတန်မူးဝါးတိုက်ပွဲ၌လည်းကောင်း၊ ၁၆၄၅ ခုနှစ်နေ့ ဇဗီတိုက်ပွဲ၌လည်းကောင်း၊ ကရွမ်းဝဲတို့ဖက်မှ အပြတ်အသတ် အရေးသာခဲ့သဖြင့် ဘုရင့်ဂိုဏ်းသားများမှာ နလံမထူနိုင်အောင် ရှိခဲ့လေသည်။ ၁၆၄၆ ခုနှစ်တွင် ချားသည် စကော့တလန်သို့ ထွက်ပြေးခဲ့ပြီးနောက် နျူးအတ်၌ စကော့တို့ ထံတွင် လက်နက်ချ အဖမ်းခံခဲ့ရာ၊ စကော့စစ်တပ်က သူ့ကို ၁၆၄၇ ခုနှစ်တွင် အင်္ဂလိပ်ပါလီမန်လက်သို့ အပ်လိုက်လေ သည်။ ထိုနှစ် ဇွန်လတွင် စစ်တပ်က ဖမ်းဆီးပြီးနောက် ဟမ္ပတန်ကုတ်သို့ ခေါ်ဆောင်သွားလေသည်။ စစ်တပ်သည် ပါလီမန်နှင့် စေ့စပ်ရန် ကြိုးပမ်းနေခိုက် ချားသည် နိုဝင်ဘာ လတွင် ဝိုက်ကျွန်းသို့ ထွက်ပြေးခဲ့ပြီးနောက် ဘက်တော်သား စကော့လူမျိုးတို့နှင့် အင်္ဂလန်ကို ချီတက်တိုက်ခိုက်ရန်အတွက် ကြံစည်ခဲ့၏။ စကော့တို့သည် ၁၆၄၈ ခုနှစ်တွင် အင်္ဂလန်သို့ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ပရက်စတန်တွင် ကရွမ်းဝဲ က တိုက်ခိုက်နှိမ်နင်းလိုက်လေသည်။


၁၆၄၉ ခုနှစ်တွင် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို မထိခိုက် စေရန်ဟု အကြောင်းပြကာ၊ တိုင်းပြည်ကို သစ္စာဖောက်မှု၊ အနိုင်အထက်ပြုကျင့်မှုနှင့် တိုင်းပြည်ရန်သူအဖြစ်၊ ချားကို စစ်ဆေးရန်အတွက် သီးသန့် ဖွဲ့စည်းသော ဟိုက်ကုတ်တရား လွှတ်တော်တွင် သူ့အား စစ်ဆေးပြီးနောက် ခေါင်းဖြတ် သတ်လိုက်လေသည်။ ချားကား ဘုရင်အဖြစ်ဖြင့် အာဏာရှင် ဆန်စွာ ပြုမူခဲ့သော်လည်း၊ သေဒဏ်ခံရအံ့ဆဲဆဲတွင်ကား အလွန်တရာ နူးညံ့သိမ်မွေ့၍ သူ၏ရန်သူအပေါင်းတို့ပင် နှစ်မြောကြေကွဲခြင်း ဖြစ်ရလောက်အောင် ပြုမူနေထိုင်ခဲ့ပြီး၊ ရဲရင့်တည်ကြည်စွာ အသတ်ခံသွားသည်။


ဒုတိယချားဘုရင် (ခရစ် ၁၆၃ဝ-၁၆၈၅)[ပြင်ဆင်ရန်]

သည် ပထမချား ဘုရင်၏ ဒုတိယသားတော် ဖြစ်သည်။ ခမည်းတော် ပထမချား ဘုရင် အဆုံးစီရင်ခြင်း ခံရချိန်တွင် ချားမှာ ပြင်သစ်နိုင်ငံတွင် ရှိနေ၍ အသက် ၁၉ နှစ် အရွယ် ရှိနေပေပြီ။ စကော့တလန် ပြည်မှ ဘုရင့်ဂိုဏ်းသားများသည် ၁၆၅၁ ခုနှစ်တွင် ချား မင်းသားအား အင်္ဂလန်ပြည်၏ ဘုရင်အဖြစ် ကျေညာ၍ ကရွမ်းဝဲ၏ တပ်များကို တိုက်ခိုက်ကြသည်။ သို့သော် ဝုစတာ အရပ်တွင် အရေးနိမ့်သဖြင့် ချားမင်းမှာ ပြင်သစ်နိုင်ငံသို့ ပြန်ပြေးခဲ့ရလေသည်။ ထို့နောက်တွင်ကား ချားမင်းမှာ ရွှေဒင်္ဂါး ၁ဝဝဝ ဆုငွေထုတ်ထားခြင်း ခံရသော ဝရမ်းပြေးတစ်ဦးအဖြစ် ၁ဝ နှစ်မျှ တိမ်းရှောင်နေခဲ့ရ၏။ ချားအား ကူညီသူတို့၏ သစ္စာရှိမှုကြောင့်သာ အဖမ်းမခံရဘဲ ရှိသည်။ ကရွမ်းဝဲ ကွယ်လွန်ခဲ့ပြီးနောက်တွင် သားဖြစ်သူရစ်ချတ်မှာ ကရွမ်းဝဲ၏ ရာထူးကို ဆက်ခံခဲ့သော်လည်း နိုင်နင်းအောင် မအုပ်ချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် အင်္ဂလန်ပြည်လူထုသည် ကရွမ်းဝဲ၏ အုပ်ချုပ်ရေးစံနစ်မျိုးကို ငြီးငွေ့လာကာ ဘုရင့် အုပ်ချုပ်ရေးကို ပြန်လည်တမ်းတလာကြ၏။ ထို့ကြောင့် ၁၆၆ဝ ပြည့်နှစ်တွင် ချားအား အင်္ဂလန်ပြည် ထီးနန်းကို ပြန်လည် အပ်နှင်း၍ ဒုတိယချားအဖြစ် စိုးစံစေခဲ့သည်။ ဒုတိယချားဘုရင်လက်ထက်တွင် ပါလီမန်သည် ပထမချား လက်ထက်ကထက် ဘုရင်အား အခွင့်အရေးများ ပိုမိုပေးအပ်ခဲ့ သော်လည်း ချားသည် သက်ဦးဆံပိုင်ဘုရင်အဖြစ် အုပ်စိုးနိုင်ရန် ကြိုးစားခဲ့လေသည်။ သူ၏ တစ်သက်တာတွင် တစ်ခုတည်း သော ရည်ရွယ်ချက်မှာ သက်ဦးဆံပိုင်ဘုရင်ဖြစ်ရေးပင် ဖြစ် သည်ဟု ဆိုလေသည်။ ထို့ကြောင့် သူသည် အမြဲတမ်း စစ်တပ် တစ်ခု ထားရှိရန်ကိုလည်းကောင်း၊ ဗရင်ဂျီဂိုဏ်းကို နိုင်ငံတော် အယူဝါဒအဖြစ် ပြန်လည်ပြုပြင်ရန်ကိုလည်းကောင်း ကြိုးစားခဲ့ လေသည်။ ထိုသို့ကြိုးစားခဲ့ရာတွင် ပြင်သစ်ဘုရင် ၁၄ ဆက် မြောက် လူဝီထံမှ ငွေအား လူအား အကူအညီများကို ရယူခဲ့ ၏။ ချားသည် မိမိအာဏာ ရရှိမှုအတွက် တစ်ခါတစ်ရံ ပါလီမန်ကို လာဘ်ထိုးသည်။ သို့သော် အတိုက်အခံပြင်းထန် မည့် အခါများတွင်ကား အလျှော့ပေးကာ ပါလီမန်၏ သဘော အတိုင်း ခေါင်းညိတ်တတ်၏။ ထိုစဉ်က ချား၏နန်းတွင်းသူ နန်းတွင်းသားများနှင့် မှူးမတ်စသည့် အထက်တန်းစားများသည် အပျော်အပါးကြူးကာ၊ ဟီရိဩတ္တပ္ပတရားကို မစောင့်စည်းသည့် အနေအထိုင် အကျင့်စရိုက်များ ရှိကြ၏။


ထိုဘုရင်၏ လက်ထက်တွင် တိုင်းပြည်လူထု၏ အခြေ အနေမှာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲလာသည်ကို တွေ့ရပေ သည်။ ထိုခေတ်တွင် တိုင်းပြည်လူထုသည် သတင်းစာများ ဖတ်၍ နိုင်ငံရေးရာများ ဆွေးနွေးကာ လောကဓာတ်ပညာရပ် များကို လိုက်စားလာကြသည်။ ဘုရင့်ကိုယ်တိုင်ပင် လောက ဓာတ်ပညာ စူးစမ်းလေ့လာ မှုများကို အားပေးခဲ့သည်။ ဗိသုကာ အတတ်၊ ပန်းချီပညာနှင့် ပြဇာတ်ပညာတို့ကိုလည်း အားပေး ခဲ့၏။


နိုင်ငံရေးပါတီကြီးများလည်း ချားဘုရင်၏ လက်ထက် တွင် စတင်ပေါ်ပေါက်ခဲ့၏။ နောင်အခါတွင် ကွန်ဆားဗတစ်နှင့် လစ်ဗရယ်ပါတီတို့ ဖြစ်လာသည့် တိုရီနှင့် ဝှစ်ပါတီတို့သည် ချားလက်ထက်တွင် စတင်ပေါ်ပေါက်ခဲ့လေသည်။ ၁၆၇၉ ခုနှစ် တွင် ပါလီမန်က ဟေဗိယက်ကောပပ်ဥပဒေခေါ်၊ ပြည်သူ ပြည်သားတို့အား အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ ကာကွယ်သောဥပဒေကို ပြဋ္ဌာန်းသည်။ ချားဘုရင်၏ လက် ထက်တွင် ဖြစ်ပွားသော ထင်ရှားသည့်အဖြစ်အပျက်များမှာ ၁၆၆၅ ခုနှစ်၌ လန်ဒန်မြို့တွင် ပုလိပ်ရောဂါ အကြီးအကျယ် ဖြစ်ပွားခြင်းနှင့် နောက်တစ်နှစ်တွင် မီးအကြီးအကျယ် လောင် ခြင်းများ ဖြစ်သည်။ ထို့ပြင် ပရိုတက်စတန့်နိုင်ငံဖြစ်သော ဒပ်ချနှင့် ၂ ကြိမ် စစ်ဖြစ်ပွားခဲ့ရာ ပါလီမန်က မလိုလားသဖြင့် ချားမှာ စစ်ပြေ ငြိမ်းခဲ့ရလေသည်။ သို့သော် ဒပ်ချ်တို့လက်မှ ယခု နယားယော့ဟု ခေါ်တွင်သော မြောက်အမေရိကတိုက်ရှိ ဒပ်ချပိုင် နယူးအမ်စတာဒမ်မြို့ကို ထိုသို့ စစ်ဖြစ်ပွားရခြင်း အကြောင်းကြောင့် ရရှိလိုက်လေသည်။


ချားသည် သူမကွယ်လွန်မီ ၅ နှစ်အတွင်း သူ၏ကြိုးပမ်း ချက်များ အတော်ပင် အောင်မြင်ခဲ့သည်ဟု ဆိုရပေမည်။ သူသည် ဗရင်ဂျီဂိုဏ်းဝင်များကို အခွင့်အရေးများ ပေးနိုင်ခဲ့၍ သူ၏ညီတော် ဗရင်ဂျီဂိုဏ်းဝင် ဂျိမ်းကို ထီးနန်းဆက်ခံခွင့် ရအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ၁၄ ဆက်မြောက်လူဝီထံမှ ရရှိခဲ့သော ငွေကြေးအထောက်အပံ့များကြောင့်လည်း ၁၆၈၅ ခုနှစ်အထိ ၄ နှစ်ခန့်အတွင်း ပါလီမန်ကို တစ်ကြိမ်မျှ မဆင့် ခေါ်ဘဲ နေနိုင်ခဲ့လေသည်။ သူသည် ၁၆၈၅ ခုနှစ် ဖေဖော်ဝါ ရီလ ၆ ရက်နေ့တွင် ကွယ်လွန်၍၊ ကွယ်လွန်အံဆဲဆဲတွင် ဗရင်ဂျီဂိုဏ်းသို့ ကူးပြောင်းခဲ့သည်။


ချားသည် သူတစ်ကိုယ်တည်း ကောင်းစားရေးအတွက် ကိုသာ အရေးထားသော်လည်း၊ မူလစိတ်ရင်းကောင်း၍ သူ တစ်ပါးအား ဖော်ရွေစွာ ဆက်ဆံတတ်သည်။ ထို့ပြင် သူ တစ်ပါးကို ဆွဲငင်နိုင်သော ဟန်အမူအရာရှိ၍၊ စကားပြောလည်း ကောင်းသည်။ စာပေများကို ကောင်းစွာ ဖတ်ရှုလေ့လာသည်။ ယင်းအရည် အခြင်းများကြောင့်လည်း နန်းမရခင် တိမ်းရှောင် နေရစဉ်က သူ၏ တိုင်းသူပြည်သားတို့က သူ့အား သစ္စာ မဖောက်ခဲ့ကြပေ။


ချားဘုရင် ပဉ္စမမြောက်ဧကရာဇ်[ပြင်ဆင်ရန်]

ပဉ္စမချားဘုရင် (၁၅ဝဝ-၁၅၅၈)သည် ဥရောပအလယ် ခေတ်က ရောမသာသနာစောင့် နိုင်ငံတော်ကို အုပ်စိုးခဲ့သော ဧကရာဇ်ဘုရင်ကြီး ဖြစ်သည်။ ဗာဂန်ဒီမင်းသားဖိလစ်နှင့် စပိန် မင်းသမီး ဂျိုအင်းနားတို့၏ သားတော်ဖြစ်၍ အသက် ၁၆ နှစ် အရွယ်၌ စပိန်၊ နယ်သာလန်၊ စစ္စလီ၊ အီတလီတောင်ပိုင်းရှိ နေးပလိ (နေပယ်)နှင့် အမေရိကတိုက်ရှိ ကျယ်ဝန်းများပြားလှ သော စပိန်ပိုင်နယ်များကို အုပ်စိုးရလေသည်။ အသက် ၂ဝ မပြည့်မီ သူ့ဘိုးတော် ပထမမက္ကဆီမီလျံဘုရင်ကြီး၏ ဩစတြီး ယားထီးနန်းရိုက်ရာကို ဆက်ဆံရပြီးလျှင် ရောသမသာသနာ စောင့် နိုင်ငံတော်ကြီး၏ ဧကရာဇ်ဘုရင်အဖြစ်ဖြင့် ဘိသိက် သွန်းလောင်းခြင်း ခံရလေသည်။


ဗာဂန်ဒီနှင့် အီတလီပြည်ရှိ နယ်များနှင့် စပ်လျဉ်း၍ ပြင်သစ်ဘုရင် ပထမဖရန်စစ်နှင့် စစ်ပွဲ ၄ ကြိမ် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရလေရာ၊ အီတလီပြည်၌ ၃ ကြိမ်တိုင်တိုင် တိုက်ခဲ့ ရသည်။ ထိုစစ်ပွဲများတွင် ထူးခြား သော အဖြစ်အပျက်များမှာ ၁၅၂၅ ခုနှစ် ပေးဗီးယားတိုက်ပွဲတွင် ပြင်သစ်ဘုရင် အရေးနိမ့် ၍ အဖမ်းခံရခြင်း၊ ၁၅၂၇ ခုနှစ်တွင် ရောမမြို့တော် တိုက်ခိုက် သိမ်းပိုက် လုယက်ဖျက်ဆီးခြင်း၊ ဖရန်စစ်၏ မဟာမိတ် ဖြစ် သွားသော ပုပ်ရဟန်းမင်းကိုလည်း ဖမ်းဆီးခြင်း စသည်တို့ ဖြစ်သည်။ ထိုစစ်ပွဲများကား ၁၅၄၄ ခုနှစ်တွင်မှ ပြီးဆုံးသွား လေသည်။ ချားဘုရင်သည် ဗာဂန်ဒီနယ်ကြီးကို လက်လွှတ် လိုက်သော်လည်း ဗာဂန်ဒီပိုင်နယ်များနှင့် မီလန်နယ်ကိုကား သိမ်းယူထားခဲ့၏။ ပြင်သစ်တို့ကို တိုက်ခိုက်နေစဉ် တူရကီ တို့က ဩစတြီးယားနှင့် ဟန်ဂေရီပြည်တွင်းသို့ ချင်းနင်း ဝင်ရောက်လာသဖြင့် ချားဘုရင်မှာ တူရကီသို့ သွားရောက် တိုက်ခိုက်ခဲ့ရလေသည်။ ဖရန်စစ်ဘုရင်သည် ချားကို အခဲမကြေ နိုင်သဖြင့် တူရကီနှင့်ပူးပေါင်းခဲ့သည်ဟု ဆိုလေသည်။ တူရကီ တို့သည် ဗီယင်းနားမြို့ကို ၁၅၂၉ ခုနှစ်တွင် တစ်ကြိမ်၊ ၁၅၃၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂ ကြိမ်တိုင်တိုင် ဝန်းရံခဲ့သည်။ အာဖရိက မြောက်ပိုင်းမှ ပင်လယ်ဓားပြများသည် စပိန်နှင့် အီတလီ ကမ်းခြေပေါ်ရှိ မြို့များကို ထိပါးလာသဖြင့် သူတို့ကိုလည်း နှိမ်နင်းခံရလေသည်။


ဤသို့လျှင် ချားဘုရင်မှာ ရန်သူများကို အမြဲလိုက်လံ တိုက်ခိုက်နေရသဖြင့် မအားလပ်အောင် ရှိနေစဉ် ဂျာမဏီပြည်၌ သူ့ကို များစွာအနှောင့်အယှက်ပေးမည့်သူများ နောက်ထပ် ပေါ် ပေါက်လာသည်။ ထိုသူများမှာ မတင်လူသာနှင့် သူ့တပည့်များ ဖြစ်လေသည်။ မတင်လူသာက ပုပ်ရဟန်းမင်းကို အတိအလင်း ပုန်ကန် တော်လှန်ခဲ့သဖြင့် ဂျာမနီပြည် တစ်ပြည်လုံးသည် သာသနာရေးအားဖြင့် ၂ စု ကွဲကာ လှုပ်လှုပ်ရွရွ ဖြစ်နေလေ သည်။ ထိုအခိုက် တောင်သူလယ်သမားများမှာလည်း အယူသစ် များကြောင့် တစ်မျိုးစိတ်အား တက်ကြွလာ၍ မြို့စား နယ်စား မြေပိုင်ရှင်များကို လက်နက်စွဲကိုင်ကာ ပုန်ကန်လျက်ရှိကြ လေသည်။


ချားဘုရင်ကား ဘုရား တရား ကြည်ညိုသော ဗရင်ဂျီ ဂိုဏ်းဝင် တစ်ဦးဖြစ်၍ သာသနာ့သူပုန်များကို ချေမှုန်းပစ် လို၏။ သို့ရာတွင် ဂျာမနီမင်းညီမင်းသားများက မာတင်လူသာ ကို အားပေးကူညီနေသည့်အပြင် သူကိုယ်တိုင်မှာလည်း တိုင်း ရေးပြည်မှု ကိစ္စအဝဝနှင့် ဗျာများနေသဖြင့် ပထမတွင် ထိထိ ရောက်ရောက် မနှိမ်နင်းနိုင်ခဲ့ချေ။ ပြင်သစ်တို့နှင့် တိုက်ရသော စစ်ပွဲများ ပြီးဆုံးသွား၍ ပရိုတက်စတန့်ဂိုဏ်းဝင်တို့ကို တိုက် ခိုက် အောင်နိုင်သောအခါတွင် စစ်ပွဲ၌ အနိုင်ရသော်လည်း ပရိုစတန့် အယူဝါဒမှာ ဂျာမနီပြည်၌ အမြစ်တွယ်လျက် ရှိပြီး ဖြစ်နေလေပြီ။ သို့ဖြစ်၍ နောက်ဆုံး ၁၅၅၂ ခုနှစ်တွင် သူသည် ဂျာမန်မင်းသားနှင့်စစ်ပြေငြိမ်း၍ ပြည်နယ်အသီးသီးမှ မင်းသား များက သူတို့လက်အောက်ခံ တိုင်းသူပြည်သားများအဖို့ သူတို့ နှစ်သက်သော အယူဝါဒကို ကိုးကွယ်ခွင့်ပြုနိုင်သော အာဏာ ရရှိသွားကြလေသည်။


နောက်မကြာမီ ချားဘုရင်သည် မိစ္ဆာဝါဒဟု သူမှတ်ယူ ထားသော ပရိုတက်စတန့်အယူဝါဒကို မနှိပ်ကွပ် နိုင်သဖြင့်၊ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည့်အပြင် အမြဲ စစ်တိုက်နေရသဖြင့် စိတ်ပန်းလူနွမ်းဖြစ်ကာ ဧကရာဇ် မင်းဘဝကို ငြီးငွေ့လာလေ သည်။ သို့ဖြစ်၍ မကြာမီ သူပိုင်ဆိုင်သော နိုင်ငံတော်ကို ညီတော်ဖာဒီနန်နှင့် သားတော်တတိယဖိလစ်တို့အား ခွဲဝေပေး ပြီးလျှင် စပိန်နိုင်ငံရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ သွား ရောက် နေထိုင်လေတော့သည်။


ဤသို့ လူ့ဘောင်ကို ရှောင်ခွာသွားသော်လည်း ချားဘုရင် သည် ရဟန်းတို့ကဲ့သို့ ခြိုးခြံစွာနေ၍ အမြဲတစေ တရား အား ထုတ်နေသည်ကား မဟုတ်ပေ။ အစားကောင်းကောင်းစား၍ သူ ဝါသနာပါသော ဥယျာဉ်စိုက်ပျိုးခြင်း၊တောထဲ၌ ကြက်ငှက် ပစ်ခတ်ခြင်းများဖြင့် အချိန်ကုန်ခဲ့သည်သာ များလေသည်။ သူ့ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများကိုလည်း လက်ခံစကား ပြော၍ တိုင်းရေးပြည်မူကိစ္စများကိုပင် တစ်ခါတစ်ရံ ဆောင်ရွက်ခဲ့ပေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)