ဥရုဝေလသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတောအုပ် ပဉ္စမသတ္တာဟ အဇပါလ ညောင်ပင်ရင်းဝယ် သီတင်းသုံးတော်မူစဉ်အခါက မိမိအလေးဂရုပြု ရိုသေရမည့်ပုဂ္ဂိုလ်ကို ဆင်ခြင်တော်မူသည့်အခါဝယ် မိမိထက် သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓေအားဖြင့် သာလွန်မြင့်မြတ်သောပုဂ္ဂိုလ်ကို ဆင်ခြင်ကြည့်ရှုတော်မူသည့်အခါ နတ်, မာရ်နတ်, ဗြဟ္မာမင်းနှင့် တကွသော နတ်ပြည်, ဗြဟ္မာပြည်ဟူသော ဩကာသ လောက၌လည်းကောင်း၊ လူမင်း, သမဏ, ဗြာဟ္မဏနှင့် တကွသော သတ္တလောက၌ လည်းကောင်း တစုံတစ်ယောက်ကိုမျှ မြင်တော်မမူသောကြောင့် “ကိုယ်တော်တိုင် ထိုးထွင်းသိမြင်အပ်သောဓမ္မကိုသာ အလေးဂရုပြုနေတော်မူအံ့”ဟု အကြံဖြစ်တော်မူခဲ့ပုံကိုလည်းကောင်း၊ သဟမ္ပတိဗြဟ္မာမင်းကြီးရောက်ရှိလာပြီး “ပွင့်တော်မူပြီး ဘုရားရှင် ပွင်တော်မူလတ္တံ့ ဘုရားရှင်တို့သည်လည်း အရိုအသေ အလေးအမြတ်ပြုတော်မူကြောင်း၊ ပွင့်တော်မူဆဲ ဘုရားရှင်သည်လည်း ဓမ္မကို အရိုအသေ အလေးအမြတ်ပြုနေတော်မူပါရန်” လျှောက်ထားပုံကိုလည်းကောင်း၊ ထိုတရားကိုသာ အလေးအမြတ်ပြုတော်မူပုံ၊ (ရတ္တညူမဟတ္တ, ဝေပုလ္လမဟတ္တ, ဗြဟ္မစရိယမဟတ္တ, လာဘဂ္ဂမဟတ္တ-ဟူသော) မဟတ္တလေးပါး သံဃာတော်အားဖြစ်လာရာ၌ သံဃာ၌ အလေးဂရုပြုပုံကိုလည်းကောင်း ရဟန်းတို့အား ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင်ဖြစ်တော်မူပြီးစ ပဉ္စမသတ္တာဟ အဇပါလညောင်ပင်ရင်းဝယ် သီတင်းသုံးတော်မူစဉ် ဟုဟုက္က (ဟုဟုင်္က)ပုဏ္ဏားနှင့်အတူ ရောက်လာကြကုန်သောဗြာဟ္မဏတို့ အပြစ်တင်စကား ပြောကြားမှုကို အကြောင်းပြု၍ “ဗာလထေရပုဂ္ဂိုလ်, ပဏ္ဍိတထေရ ပုဂ္ဂိုလ်တို့၏ အရည်အချင်းနှင့် ထေရကရဏဓမ္မလေးပါး”တို့ကို ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-ပါရဂူပုဂ္ဂိုလ် ၆-မျိုးတို့နှင့်တကွ ဗဟုဿုတ၊ သုတဓရ၊ သုတသန္နိစယ-အစရှိသောပုဒ်တို့ကို ဖွင့်ဆိုထားပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -အံ၊၁၊၃၂၇-၃၃၀။ အံ၊မြန်၊၁၊၃၄၃-၅။ အံ၊ဋ္ဌ၊၁၊၂၆၃-၅။ အံ၊ဋီ၊၁၊၂၄၂-၅။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဌမပဏ္ဏာသာ၊ ၃-ဥရုဝေလဝဂ္ဂ၊ ပဌမသုတ်။
  2. -အံ၊၁၊၃၃၀-၁။ အံ၊မြန်၊၁၊၃၄၅-၆။ အံ၊ဋ္ဌ၊၂၊၂၆၆-၈။ အံ၊ဋီ၊၂၊၂၄၅-၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ပဌမပဏ္ဏာသက၊ ၃-ဥရုဝေလဝဂ္ဂ၊ ဒုတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ