ဥပါလိသုတ်

ဝီကီပီးဒီးယား မှ

(၄)သုတ် ရှိပါသည်။

[၁] ဘုရားရှင် နာဠန္ဒမြို့ ပါဝါရိကမ္ဗဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဤသုတ် ဖြစ်ပေါ်ခဲ့သည်၊ ဤသုတ်တွင် နိဂဏ္ဌနာဋပုတ္တ၏ဝါဒ၌ မကောင်းမှုဖြစ်ခြင်း, မကောင်းမှုပြုခြင်း၌ ကာယဒဏ်, ဝစီဒဏ်, မနောဒဏ်-ဟု ပညတ်ပုံ၊ ယင်းသုံးပါးတို့တွင် ကာယဒဏ်အပြစ်ကြီးပုံကို၎င်း၊ ဗုဒ္ဓဝါဒ၌ မကောင်းမှုပြုခြင်း, မကောင်းမှုပြုခြင်း၌ ကာယကံ, ဝစီကံ, မနောကံ သုံးပါးကို ဟောတော်မူပုံ၊ ယင်းတို့တွင် မနောကံသည် အပြစ်ကြီးပုံကို ဘုရားရှင်နှင့် ဒီဃတပဿီနိဂဏ္ဌတို့ စကားစမြည်ပြောဆိုကြပုံ၊ မိမိထံသို့ ရောက်လာသော ဒီဃတပဿီကို နာဋပုတ္တနိဂဏ္ဌ ချီးကျူးပုံ၊ ဥပါလိသူကြွယ်က မြတ်ဗုဒ္ဓထံ သွားရောက်ပြီး မိမိဆရာ၏ဝါဒဖြင့် အပြစ်တင်မည်ဖြစ်ကြောင်းကို အမွှေးရှည်သော သိုး ဥပမာ, သေတင်းကုတ်၌ခင်းထားသော ဖျာဥပမာ, သေသောက်ကြူး ဥပမာ, အသက်ခြောက်ဆယ်ရှိသော ဆင်ပြောင်ကြီး ဥပမာတို့ဖြင့် နိဂဏ္ဌနာဋပုတ္တအား ပြောကြားပုံ၊ ဒီဃတပဿီ၏ သုံးကြိမ်တိုင်တိုင် ကန့်ကွက်သော်လည်း နာဋပုတ္တနိဂဏ္ဌက ဥပါလိသူကြွယ်အား ဝါဒဖြင့်အပြစ်တင်ရန် စေလွှတ်ပုံ၊ ဥပါလိသူကြွယ်၏ ဝါဒဖြင့် အပြစ်တင်ရာဝယ် ဘုရားရှင်အား ရေအေးကိုမရ၍ သေသွားသော နိဂဏ္ဌဥပမာ, လမ်းလျှောက်ရာ၌ သတ္တဝါငယ်တို့ သေသောဥပမာ, နာဠန္ဒမြို့ရှိ သတ္တဝါများကို တခဏချင်း ပြောဖြစ်အောင်ပြုသည့် ဥပမာ, ဒဏ္ဍကီတိုင်း, ကာလိင်္ဂတိုင်း, မဇ္ဈတိုင်း, မာတင်္ဂတိုင်းတို့ တောအတိဖြစ်ခဲ့ပုံ စကားရပ်တို့ဖြင့် ပြန်လည်ဖြေရှင်းတော်မူပုံ၊ ဥပါလိသူကြွယ် သရဏဂုံဆောက်တည်၍ ဥပါသကာအဖြစ် သိမှတ်တော်မူပါရန် လျှောက်ထားပုံ၊ ဘုရားရှင်က ဥပါလိသူကြွယ်အား စဉ်းစဉ်းစားစား ပြုသင့်ပုံ သုံးကြိမ်တိုင် မိန့်ကြားတော်မူရာ ဥပါလိသူကြွယ်က သုံးကြိမ်တိုင်တိုင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု အသိအမှတ်ပြုတော်မူပါရန် လျှောက်ထားပုံ၊ ဘုရားရှင်က အနုပုဗ္ဗိကထာဒေသနာတော်ကိုဟောတော်မူရာ ဥပါလိသူကြွယ် သစ္စာသိမြင် သောတာပန် အရိယာသာဝကဖြစ်သွားပုံ၊ အိမ်ပြန်ရောက်သည့်အခါ တံခါးမှူးအား အမိန့်ပေးပုံ၊ နာဋပုတ္တနိဂဏ္ဌကိုယ်တိုင် ပရိသတ်ဖြင့်လာရောက်သည့်အခါ ဥပါလိသူကြွယ်က ဆက်ဆံပုံ၊ နာဋပုတ္တနိဂဏ္ဌအား ဘုရားရှင်၏ အာဝဋ္ဋနီယမာယာဖြင့် လှည့်ပတ်မှုကို ခံယူရသော သတ္တဝါအားလုံး ရှည်မြင့်စွာသောကာလပတ်လုံး စီးပွားချမ်းသာဖြစ်နိုင်ပုံ, မိန်းမငယ်ကိုယူထားသော ပုဏ္ဏားအိုကြီးဥပမာဖြင့် နိဂဏ္ဌဝါဒ၏ ပညာရှိတို့စိစစ်မှုကို မခံနိုင်ပုံ, ဗုဒ္ဓဝါဒ၏ ပညာရှိတို့၏စိစစ်မှုကို ခံနိုင်ရည်ရှိပုံ၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ဆယ်ဂါထာဖြင့် ချီးကျူးပြောဆိုရာ နိဂဏ္ဌနာဋပုတ္တ သွေးအံပုံတို့ကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌-ပါဝါရိကမ္ဗဝန်ကျောင်းတော် အကြောင်း၊ နိဂဏ္ဌဝါဒ၌ ပိဏ္ဍပါတ-ဟူသော ဝေါဟာရမရှိပုံ၊ ကာယဒဏ်, ဝစီဒဏ်တို့၌ စိတ်မရှိပုံ၊ မနောဒဏ်၌ စိတ်ရှိပုံ ဥပမာ၊ ဒီဃတပဿီနှင့် ကထာဝတ္ထုဖြစ်ပုံအကြောင်း၊ ကာယကံ, ဝစီကံ, မနောကံတို့၏ စေတနာများ၊ ကံသုံးပါး အကြောင်း၊ “ဗာလကိနီ”အဖွင့်၊ နာဋပုတ္တနိဂဏ္ဌ၏ တစ်မြို့တည်းအတူနေသော်လည်း ဘုရားရှင်နှင့် မတွေ့ဖူးပုံ၊၎င်းနှင့် ဒီဃတပဿီတို့ ဘုရားရှင်ဝါဒနှင့် ပတ်သက်၍ သိရှိနားလည်မှု မတူကြပုံ၊ ဒီဃတပဿီက ဥပါလိသူကြွယ် ဘုရားရှင်ထံ မလွှတ်သင့်ပုံကို ကန့်ကွက်သည့် အကြောင်း၊ မိမိတို့ နိဂဏ္ဌဝါဒ၏ အနိယျာနိကဖြစ်ပုံ၊ ရသေ့တို့၏ မနောပဒေါသကြောင့် နိုင်ငံများ ပျက်စီးခြင်း မဟုတ်ပုံ၊ ကလိင်္ဂတိုင်း ဒဏ္ဍကီမင်း၏ ကုမ္ဘာပူရမြို့၊ ကလိင်္ဂတိုင်း နာဠိကိရမင်း၏နိုင်ငံ ပျက်စီးပုံ၊ မဇ္ဈတိုင်း ပျက်စီးပုံတို့ကို အကျယ်ပြဆိုထားပါသည်၊ အနုပုဗ္ဗိကထာအကျယ်၊ မေးမြန်းစိစစ်မှု မခံနိုင်ပုံ ဥပမာ၊ စတုသစ္စကထာနှင့် ပညာရှိများ၊ နိဂဏ္ဌနာဋပုတ္တ သွေးအံပုံနှင့် ပါဝါမြို့၌ ကွယ်လွန်ပုံတို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌-တိုင်းနိုင်ငံများပျက်စီးရာ၌ ရွာသွန်းသော မိုးကိုးမျိုး၊ အနုပုဗ္ဗိကထာ အဖွင့်တို့ကို ကြည့်ရှုနိုင်ပါသည်။


[၂] ဝိနယပိဋကကို ဆောင်ထားကုန်သောရဟန်းတို့တွင် ဥပါလိထေရ်သည် အသာလွန်ဆုံး အမွန်မြတ်ဆုံးပေတည်း-ဟု ဟောကြားတော်မူသည့်သုတ်။

ဘာရုကစ္ဆကဝတ္ထု၊ အဇ္ဇုကဝတ္ထု၊ ကုမာရကဿပဝတ္ထုတို့ကို ဆုံးဖြတ်ချက်ပေးမှုကြောင့် အရှင်ဥပါလိမထေရ်သည် “ဝိနယဓရ ဧတဒဂ်ဘွဲ့ ရတော်မူသည်။ (ထေရ၊၂၆၆။ အပ၊၁၊၄၀။ ထေရ၊ဋ္ဌ၊၁၊၄၆၃-၄၇၆။ အပ၊ဋ္ဌ၊၁၊၃၀၈-၃၃၄။)


[၃] အရှင်ဥပါလိထေရ်၏ လျှောက်ထားချက်အရ သိက္ခာပုဒ်ပညတ်တော်မူခြင်း အကြောင်း (အကျိုး)ဆယ်မျိုးတို့ကို ဟောတော်မူသည့်သုတ်။


[၄] အရှင်ဥပါလိထေရ်၏ တောရကျောင်းတို့၌ နေလိုကြောင်း လျှောက်ထားမှုနှင့် ပတ်သက်၍ ၇-တောင်/၇-တောင်ထွာရှိသော ဆင်ကြီးနှင့် ယုန်ငယ်တို့၏ ရေအိုင် အတွင်း ဆင်းသက်၍ ကစားပုံဥပမာတို့ဖြင့် ခဲရင်းပုံ၊ ပက်လက်အိပ်နေသော ကလေးငယ် ဥပမာ, ကစားတတ်သည့် ကလေးငယ်အရွယ်မှ လူကြီးအရွယ်တို့၏ ကစားပျော်မြူးကြပုံ ဥပမာများ၊ ဘုရားရှင်ပွင့်တော်မူသည့်အချိန်မှစ၍ အမျိုးကောင်းသား၏ ရဟန်း ပြုပုံ, သီလနှင့် ပြည့်စုံပုံ, သတိသမ္ပဇဉ်ဖြစ်အောင် အားထုတ်ပုံ, သမာပတ် ၈-ပါး ရရှိ ပုံ-တို့ကို ဟောတော်မူပြီး သင်သည် သံဃာ၌နေလော့-ဟု မိန့်တော်မူသည်ကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌-အရှင်ဥပါလိထေရ်၏ သံဃာ့အလယ်၌ နေသင့်ပုံအစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၂၊၃၅-၄၉။ မ၊မြန်၊၂၊၄၀-၅၅။ မ၊ဋ္ဌ၊၃၊၃၆-၇၀။ မ၊ဋီ၊၃၊၂၇-၄၃။ ၂၇၂ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၁-ဂဟပတိဝဂ္ဂ၊ ၆-ခုမြောက်သုတ်။
  2. -အံ၊၁၊၂၅။ အံ၊မြန်၊၁၊၃၃။ အံ၊ဋ္ဌ၊၁၊၂၄၁-၂။ အံ၊ဋီ၊၁၊၁၈၅-၆။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ ၁၄-ဧတဒဂ္ဂ (စတုတ္ထ)ဝဂ်၊ ဒသမသုတ်။
  3. -အံ၊၃၊၃၁၁။ အံ၊မြန်၊၃၊၃၁၀။ အံ၊ဋ္ဌ၊၃၊၃၀၇-၉။ အံ၊ဋီ၊၃၊၃၂၉-၃၃၁။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ပဌမပဏ္ဏာသက၊ ၄-ဥပါလိဝဂ္ဂ၊ ပထမသုတ်။
  4. -အံ၊၃၊၄၂၀-၆။ အံ၊မြန်၊၃၊၄၁၂-၇။ အံ၊ဋ္ဌ၊၃၊၃၃၂-၃။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၁၀)၅-ဥပါလိဝဂ္ဂ၊ ကိုးခုမြောက်သုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ