ဥပါဒါပရိတဿနာသုတ်

ဝီကီပီးဒီးယား မှ

[၁] အရိယာသူတော်ကောင်းတို့ကို မဖူးမြင်ဘူးသော, အရိယာသူတော်ကောင်းတို့၏တရား၌ ကျွမ်းကျင်လိမ္မာခြင်းမရှိသော, အရိယာသူတော်ကောင်းတို့၏တရား၌ ဆုံးမမှုမရှိသော အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ရုပ်ကို အတ္တ-ဟု ရှု၏။ အတ္တကို ရုပ်ရှိ၏-ဟု ရှု၏၊ အတ္တ၌ ရုပ်-ဟု ရှု၏၊ ရုပ်၌ အတ္တ-ဟု ရှု၏၊ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တမျိုးတဖုံပြောင်းလဲ၍ဖြစ်ခြင်းကြောင့် ရုပ်၏ဖောက်ပြန် ခြင်းသို့ အစဉ်လိုက်သော ဝိညာဏ်သည် ဖြစ်၏။ ထိုသူအား ရုပ်၏ဖောက်ပြန်ခြင်းသို့ အစဉ်လိုက်သောဝိညာဏ်ဖြစ်ခြင်းကြောင့် တောင့်တမှု အကုသိုလ်တရားတို့၏ ဖြစ်ခြင်းတို့သည် ကုသိုလ်စိတ်ကို ကုန်စေ၍ တည်ကုန်၏၊ ကုသိုလ်စိတ်ကို ကုန်စေခြင်းကြောင့် ထိတ်လန့်ခြင်း, ပင်ပန်းခြင်း, ငဲ့ကွက်မှုမရှိခြင်းတို့ ဖြစ်ကုန်၏၊ တဏှာ ဒိဋ္ဌိတို့ဖြင့်စွဲလမ်း၍လည်း တောင့်တ၏-အစရှိသည်ဖြင့် ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၌ ဖြစ်ပုံကို အကျယ်ဝေဖန်၍ ဟောတော်မူပါသည်၊ ထိုမှပြန်၍ အကြားအမြင်များသော အရိယာသာဝကအား ခန္ဓာငါးပါးတို့၌ ဥပါဒါပရိတဿနာမရှိပုံကိုလည်း အကျယ် ဝေဖန်၍ တစ်ပါးစီ တစ်ပါးစီ ဟောကြားတော်မူသည့်သုတ်။

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၄-၆။ သံ၊မြန်၊၂၊၁၃-၅။ သံ၊ဋ္ဌ၊၁၊၂၄၁-၂။ သံ၊ဋီ၊၂၊၂၁၂။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၁-နကုလပိတုဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ