ဥပန်းငှက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဥပန်းငှက်သည် တင်ကျီးငှက်မျိုးတွင် ပါဝင်သည်။ ဥပန်းငှက်ကို အန်ဟင်ဂါ မြွေငှက်၊ အမေရိကန် ဥပန်းငှက်၊ ရေကြက်ဆင်ဟု ခေါ်ကြပြီး ရေနေပျော်ငှက် တစ်မျိုးဖြစ်ကာ အမေရိကားတိုက် ပူနွေးသောဒေသများတွင် ကျက်စားနေထိုင်ကြသည်။ အန်ဟင်ဂါဆိုသော စကားလုံးသည် ဘရာဇီးလူမျိုးတူပီဘာသာစကားမှ လာပြီး မကောင်းဆိုးဝါးငှက် (သို့) မြွေငှက်ဟု အဓိပ္ပါယ်ရသည်။

ကိုယ် အလျားမှာ သုံးပေရှိ၍ ရှည်လျား ပြီးလျှင် မြွေကဲ့သို့ တွန့်လိပ်လှုပ်ရှားနိုင်သောလည်တံရှိသည်။ နှုတ်သီးမှာ လှံနှင့်တူသည်။ ဥပန်းငှက်၏ မေး၊ လည်ချောင်းနှင့် ရင်ပတ်တို့သည် ဖြူနေသဖြင့် အခြားတင်ကြီး ငှက်များ နှင့် မမှားနိုင်ချေ။

နေထိုင်ရာ ဒေသ[ပြင်ဆင်ရန်]

ဥပန်းငှက်ကို ကမ္ဘာပေါ်တွင် ပူနွေးသော ရေတိမ်ပိုင်း ဒေသများတွင် တွေ့ရလေ့ ရှိသည်။ အမေရိကန် ဥပန်းငှက်ကို နေရာဒေသပေါ် မူတည်ပြီး နှစ်မျိုးခွဲခြားထားသည်။ ပထမတစ်မျိုးကို တောင်အမေရိကတိုက်အင်ဒီတောင်တန်း အရှေ့ဘက်နှင့် ထရီနီဒက်ကျွန်း နှင့် တိုဘက်ဂိုကျွန်းများတွင် တွေ့ရှိရပြီး နောက်တစ်မျိုးကို အမေရိကန်နိုင်ငံ တောင်ပိုင်း၊ မက္ကဆီကို၊ ကျူးဘားနှင့် ဂရင်နာဒါနိုင်ငံတို့တွင် တွေ့ရသည်။ ဥပန်းငှက်၏ အစောဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကို ဩစတြေးလျတိုက်၌ တွေ့ရှိခဲ့သည်။

ဥပန်းငှက်များသည် အပူချိန်နှင့် နေရောင်ခြည် ရရှိမှုအပေါ် မူတည်ပြီး တောင်ဘက်နှင့် မြောက်ဘက်ဒေသများကို ပြောင်းရွေ့နေထိုင်လေ့ရှိကြသည်။ ဆောင်းရာသီကာလများတွင် တောင်ဘက်အီကွေတာဒေသများသို့ ပြောင်းရွေ့နေထိုင်ပြီး နွေကာလများတွင် မြောက်ဘက်အအေးပိုင်း ဒေသများသို့ ပြန်လည်ပြောင်းရွေ့ နေထိုင်ကြပြန်သည်။ ဥပန်းငှက်၏ အရွယ်အစားမှာ ခန္ဓာကိုယ်အရှည် သုံးပေခန့်ရှိပြီး တောင်ပံအလျားမှာ ၃.၇' ခန့် ရှိသည်။ အလေးချိန်အားဖြင့် ၃-ပေါင်ခန့် ရှိပြီး ဘဲခြေကဲ့သို့ အရေပြားဆက်ထားသော အဝါရောင်ခြေထောက်များ ရှိသည်။

အထီးများတွင် တောက်ပြောင်ချောမွေ့သော အမည်းနှင့် အစိမ်းရောင် တောင်ပံများ ပါရှိပြီး အမြီးမှာ အမည်းနှင့် အပြာရောင်ရှိကာ အမြီးထိပ်ဖျားတွင် အဖြူရောင်အမွှေးပါရှိသည်။ ဦးခေါင်း၏ ကျောဘက်နှင့် လည်ပင်းတွင် အညိုရောင်နှင့် ခရမ်းဖြူရောင် သန်းနေသည့် ရှည်လျားသည့် အမွှေးများရှိပြီး ခန္ဓာကိုယ် အပေါ်ဘက်နှင့် တောင်ပံတို့တွင် အဖြူရောင် အစက်အပြောက် နှင့် အစင်းကြောင်းများ ပါရှိသည်။ ဥပန်းငှက် အမများသည်လည်း အထီးများနှင့် အများအားဖြင့် ဆင်တူပြီး ဦးခေါင်း လည်ပင်းနှင့် ရင်ဘတ်အထက်ပိုင်းတို့တွင်သာ မီးခိုးရောင် သို့မဟုတ် အညိုရောင်များ ပါရှိသည်။


ဥပန်းငှက်၏အော်သံမှာ စူးရှ၍ ဖားအော်သံမျိုးဖြစ်သည်။ ရေချိုကို ကြိုက်နှစ်သက်သောငှက်ဖြစ်သဖြင့် ဥပန်းငှက်သည် ရေနက်သည့် မြစ်နှင့်ထုံးအိုင်များသို့ မကြာခဏ သွားလေ့ရှိသည်။ မြေကြီးနှင့်၎င်း၊ ရေပြင်နှင့်၎င်း၊ ကပ်နေသောအခါများတွင် ဥပန်းငှက်သည် ကောင်းစွာ မပျံနိုင်ချေ။ အမြင့်တွင်မူ အခြား တင်ကျီးငှက် များကဲ့သို့ပင် ကောင်းစွာပျံသန်းနိုင်လေသည်။


ဥပန်းငှက်သည် ဆိုခဲ့သော မြစ်နှင့် ထုံးအိုင်မျိုးသို့ ရောက်သွား သောအခါတွင် ရေကူးနေလေ့ရှိသည်။ ရေကူး သောအခါ ကိုယ်ကို ရေတွင်နှစ်၍ ဦးခေါင်းနှင့်လည်တံ ကိုသာ ဖော်ထားလေ့ရှိသည်။ ရေကူးနေစဉ် လည်တံရှည်ကြီးကို ကောက်ကာကွေးကာ တွန့်လိမ်ကာနှင့် ဟိုဘက်သည်ဘက်လှည့်၍ ကြည့်လေ့ ရှိသည်။ ထိုသို့ လည်တံကို လှုပ်ရှားနေ စေသော အခါတွင် မြွေနှင့်လွန်စွာ တူသောကြောင့် တစ်ခါတစ်ရံ အင်္ဂလိပ်ဘာသာဖြင့် ထိုငှက်ကို စနိတ်ဗတ် (Snake Bird) ဟုခေါ်လေ့ရှိကြသည်။

ဥပန်းငှက်သည် ရေကူးနေစဉ် ရေတွင် မကြာမဏ ငုပ် လေ့ရှိသည်။ နားနေရာမှလည်း ရေထဲသို့ ထိုးချပြီးလျှင် ငုပ်သွားလေ့ရှိသည်။ ရေအောက်တွင် အတော်ကြာသည်အထိ နေလေ့ရှိသည်။ ငုပ်ရာတွင်လည်း ကိုက် ၁ဝဝ မျှအထိ ငုပ်သွားလေသည်။ အစာဖြစ်သော ငါးကို လိုက်ရာတွင် ကိုက်ချီထားသော ငါးကို ဦးခေါင်းဖက်မှစ၍ မျိုနိုင်စေရန် အပေါ်သို့မြှောက်တင်လေ့ရှိသည်။ ဥပန်းငှက်သည် အသိုက်များကို သစ်ပင်များပေါ်တွင် ပြုလုပ်သည်။ မြစ်ကျိုးစိမ့်အတွင်း၌ ဥပန်းငှက် အမြောက်အများကို တွေ့ရလေ့ရှိရာ တစ်ခုသောဩဂုတ်လ အတွင်းက သစ်ပင်ခပ်နိမ့်နိမ့်ပေါ်တွင် အသိုက် ပေါင်း ၂ဝဝ ခန့်ကို တွေ့ခဲ့ရဘူးသည်။


အသိုက်များအတွင်း၌ များသောအားဖြင့် ဥများကို တွေ့ရပြီးလျှင် အချို့ အသိုက်များတွင်မူ ရက် အနည်းငယ်အတွင်းကမှ ပေါက် လာခဲ့ကြသော ငှက်ငယ် ကလေးများကို တွေ့ရသည်။ ချင်းတွင်းမြစ်ကမ်းရှိ သစ်ပင်များပေါ်တွင်လည်း ဥပန်းငှက်ကလေးများ ပေါက်လျက်ရှိသည်ကို တွေ့ရသည်။ မြစ်ကြီးနားခရိုင်အတွင်းရှိ ထုံးအိုင်များတွင်လည်း သားပေါက်လျက်ရှိသော ဥပန်းငှက်အုပ်ကို တွေ့ရလေသည်။ သို့သော် ငှက်ငယ်ကလေးများမပေါက်မီ လူများက ဥပန်းဥများကို စားသောက်ရန် ယူသွားတတ်ကြလေသည်။ အသိုက်များကို သစ်ရွက်များ ရှိနေကြသေးသော သစ်ကိုင်းများဖြင့် အကြမ်းစားမျှသာ ပြုလုပ်ကြလေသည်။ ဥပန်းငှက်သည် ပယ်လီကန်နီဖေါမီး မျိုးစဉ်တွင် အန်ဟင်ဂီဒီး မျိုးရင်း၌ ပါဝင်ပြီးလျှင် ယင်းကို ပါဏ ဗေဒအလိုအရ အန်ဟင်ဂါ အန်ဟင်ဂါ မီလန်နိုဂက်စတား ဟုခေါ်လေသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  2. မန္တလေးနေ့စဉ်။ ၁၃.၂.၂၀၁၉၊ စာ-၂၄