မာတိကာသို့ ခုန်သွားရန်

ဥဒါန်းပါဠိတော်

ဝီကီပီးဒီးယား မှ

ဥဒါန်းပါဠိတော်သည် ထေရဝါဒဗုဒ္ဓဘာသာခုဒ္ဒကနိကာယ်တွင် ပါဝင်သော အရေးပါသော ကျမ်းတစ်ကျမ်းဖြစ်သည်။ ဥဒါနဟူသော စကားလုံးသည် ဝမ်းမြောက်ဝမ်းသာ အံ့ဩချီးမွမ်းသော စကားဟု အဓိပ္ပာယ်ရသည်။ ဤကျမ်းတွင် မြတ်စွာဘုရားနှင့် တပည့်သာဝကတို့၏ ဝမ်းမြောက်ဖွယ်စကားများ၊ အံ့ဩဖွယ်အကြောင်းအရာများနှင့် ဆက်စပ်သော တရားတော်များကို စုစည်းတင်ပြထားသည်။

ဥဒါန်း၏ အဓိပ္ပာယ်

[ပြင်ဆင်ရန်]

ဥဒါန်းစကား၊[] ဝမ်းမြောက်နှစ်သက် မြွက်ဆိုအပ်သော စကား၊ ပီတိအဟုန်ကြောင့် ကျူးရင့်မြွက်ဆိုအပ်သော စကား။ (ဆီခွက်မဆံ့၍ ဆီများလျှံထွက် လာသကဲ့သို့ နားထောင်မည်သူ တစ်ဦးဦးကို ပြောဟောရန် မရည်ရွယ်ဘဲ ပီတိအဟုန်ကြွ၍ မျိုသိပ်မရသဖြင့် စိတ်နှလုံးအတွင်းမှ လျှံထွက် ကျူးရင့် မြွက်ဆိုအပ်သောစကားကို ဥဒါန်း စကားဟုခေါ်၏။ ဤဥဒါန်းစကားသည် ဓမ္မသံဝေဂကြောင့် ကျူးရင့် မြွက်ဆိုအပ်သည်လည်း ရှိ၏။ အချို့နေရာ၌ ဂါထာဖြင် ကျူးရင်အပ်သော ဥဒါန်းဖြစ်၍ အချို့နေရာ၌ မူ “အညာသိ ဝတ ဘော ကောဏ္ဍညော” စသည်ဖြင့် စုဏ္ဏိယစကားပြေ ဝါကျဖြင့် ကျူးရင်အပ်သော ဥဒါန်းဖြစ်၏။ များသော အားဖြင့်မူ ဂါထာဖြင့်ကျူးရင်ပြီး ပီတိ သောမနဿကြောင့် ဖြစ်ပေါ်လာသော စကား ပင်တည်း။ မြတ်စွာဘုရား ကျူးရင့်တော်မူအပ်သော ဥဒါန်း ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကျုးရင့်အပ်သော ဥဒါန်း, ဘုရားတပည့် ထေရ ထေရီတို့ ကျူးရင်အပ်သော ဥဒါန်း ဟူ၍ သုံးမျိုးရှိ၏။ ထို့အပြင် “အဟောဒါနံ ပရမဒါနံ၊ ကဿပေ သုပ္ပတိဋ္ဌိတံ” စသည်ဖြင့် သိကြားနတ်မင်းတို့ ကျူးရင့်အပ်သော ဥဒါန်း၊ “နမော တဿ ဘဂဝတော” စသည်ဖြင့် အာရာမဒဏ္ဍပုဏ္ဏား စသော လူပုဂ္ဂိုလ်တို့ ကျူးရင့်အပ်သော ဥဒါန်းများလည်း ရှိ၏။[]

ဥဒါန်းပါဠိတော်၏ ပါဝင်မှု

[ပြင်ဆင်ရန်]

ဥဒါန်းပါဠိတော်၌ ဝဂ်အားဖြင့်ရှစ်ဝဂ်၊ သုတ်ပေါင်း ရှစ်ဆယ် ဂါထာပေါင်း ကိုးဆယ်ငါး၊ ဘာဏဝါရပေါင်း ရှစ်ဘာဏဝါရ ခွဲ၊ အနုသန္ဓေပေါင်း ရှစ်ဆယ့်တစ်၊ ပဒပေါင်း နှစ်သောင်း တစ်ထောင် တစ်ရာ(၂၁၁၀၀)၊ ဂါထာပါဒပေါင်း ရှစ်ထောင် လေးရာနှစ်ဆယ်သုံး (၈၄၂၃)၊ အက္ခရာပေါင်း ခြောက်သောင်းခုနစ်ထောင် သုံးရာရှစ်ဆယ် နှစ် (၆၇၃၈၂) ရှိ၏။[]

ဥဒါန်းပါဠိတော်လာ နမူနာ သုတ်များ

[ပြင်ဆင်ရန်]

သာဝတ္ထိပြည်သား ရဟန္တာအရှင် သင်္ဃာမဇိနှင့် ဘုရားရှင်၏ ဥဒါန်းများ: သာဝတ္ထိပြည်သား ရဟန္တာအရှင် သင်္ဃာမဇိသည် မိသားစုကို စွန့်ခွာ၍ ရဟန်းပြုခဲ့ပြီးနောက် ဘုရားရှင်ကို ဖူးမြော်ရန် ပြန်လာခဲ့သည်။ ထိုအခါ ဇနီးဟောင်းဖြစ်သူက လူဝတ်ပြန်လဲကာ မိသားစုကို ပြန်လည်စောင့်ရှောက်ရန် သုံးကြိမ်တိုင်တိုင် ပြောဆိုခဲ့သည်။ အရှင်မြတ်က မည်သည့်စကားမျှ ပြန်မပြောဘဲ တိတ်ဆိတ်စွာ နေသောအခါ ဇနီးဟောင်းသည် ကလေးကို အရှင်မြတ်ရှေ့တွင် ချထားခဲ့ပြီး ထွက်သွားကာ ခပ်လှမ်းလှမ်းမှ အကဲခတ်နေခဲ့သည်။ မထေရ်သည် ကလေးကို ကြည့်ရှုခြင်းမရှိဘဲ စကားတစ်ခွန်းမျှ ပြန်မပြောသောကြောင့် ဇနီးဟောင်းသည် ကလေးကို ပြန်ခေါ်၍ ထွက်ခွာသွားလေသည်။ ထိုအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူသောအခါ ဤဥဒါန်းကို ကျူးရင့်တော်မူခဲ့သည်။

“လာသွားသော မယားဟောင်းကို မနှစ်သက်၊ ပြန်သွားသည်ကို မစိုးရိမ်၊ ကပ်ငြိတွယ်တာခြင်းမှ လွတ်သော သင်္ဂါမဇိရဟန်းကို ဗြာဟ္မဏ (ရဟန္တာ) ဟု ငါဘုရားဟော၏။” (သင်္ဃာမသုတ်)

မြွေကို ရိုက်နှက်သော ကလေးငယ်များနှင့် ဒဏ္ဍသုတ်: မြတ်စွာဘုရားရှင်သည် ဆွမ်းခံကြွတော်မူရာ သာဝတ္ထိမြို့နှင့် ဇေတဝန်ကျောင်းတော်ကြား လမ်းမပေါ်တွင် မြွေကို တုတ်ဖြင့် ဝိုင်းရိုက်နှက်နေသော ကလေးငယ်တစ်သိုက်ကို တွေ့မြင်တော်မူခဲ့သည်။ ထိုအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူသောအခါ ဤဥဒါန်းကို ကျူးရင့်တော်မူခဲ့သည်။

“အကြင်သူသည် မိမိ၏ချမ်းသာကို ရှာမှီးသည်ဖြစ်၍ ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့ကို တုတ်၊ လှံ၊ ကန် စသည်တို့ဖြင့် ရိုက်နှက်ညှဉ်းဆဲ၏၊ ထိုသူသည် တမလွန်ဘဝ၌ ချမ်းသာကို မရနိုင်။” (ဒဏ္ဍသုတ်)

ငါးဖမ်းသော ကလေးငယ်များနှင့် ကုမာရိကသုတ်: တစ်ခါသော်လည်း ထိုလမ်းပေါ်၌ပင် ကလေးငယ်တစ်သိုက် ငါးဖမ်းနေကြသည်ကို မြတ်စွာဘုရားရှင် တွေ့မြင်တော်မူခဲ့သည်။ ထိုအခါ “သူငယ်တို့၊ သင်တို့သည် ဆင်းရဲကို မနှစ်သက်ကြသလော၊ ဆင်းရဲမှ ကြောက်ကြရဲ့လား” ဟု မေးတော်မူရာ ကလေးငယ်တို့က “မှန်ပါသည် အရှင်ဘုရား၊ အရှင်ဘုရားတပည့်တော်တို့သည် ဆင်းရဲကို မနှစ်သက်ကြပါ၊ ဆင်းရဲမှ ကြောက်ကြပါသည်” ဟု ပြန်လည်လျှောက်ထားကြသည်။ ထိုအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူသောအခါ ဤဥဒါန်းကို ကျူးရင့်တော်မူခဲ့သည်။

“သင်တို့သည် ဆင်းရဲမှ ကြောက်ကြကုန်မူ၊ ဆင်းရဲကို မနှစ်သက်ကြကုန်မူ မျက်မှောက်၌ဖြစ်စေ၊ မျက်ကွယ်၌ဖြစ်စေ မကောင်းမှုကို မပြုကြကုန်လင့်။ သင်တို့သည် ယုတ်မာသော မကောင်းမှုကံကို ယခုလည်း ပြု၊ နောင်လည်း ပြုမည်ဖြစ်ကြမူ ဖဲရှောင်ထွက်ပြေးကုန်သော်လည်း သင်တို့အား ဆင်းရဲမှ လွတ်မြောက်မှု မရှိနိုင်။” (ကုမာရိကသုတ်)

အရှင်နာဂသမာလနှင့် ဘုရားရှင်၏ ဥဒါန်း: မြတ်စွာဘုရားရှင်သည် တစ်ချိန်တွင် အရှင်နာဂသမာလနှင့်အတူ ကောသလတိုင်း၌ ခရီးကြွတော်မူရာ လမ်းခွဲတစ်ခုသို့ ရောက်ရှိခဲ့သည်။ ထိုအခါ အရှင်နာဂသမာလက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤကား လမ်းကောင်းပါတည်း၊ ဤလမ်းဖြင့် သွားပါကုန်အံ့” ဟု လျှောက်ထားခဲ့သည်။ မြတ်စွာဘုရားရှင်က သုံးကြိမ်တိုင်တိုင် မသွားရန် တားမြစ်ခဲ့သော်လည်း မထေရ်သည် စကားနားမထောင်ဘဲ မြတ်စွာဘုရားရှင်၏ သပိတ်နှင့် သင်္ကန်းကို မြေကြီးပေါ်တွင် ချထားခဲ့ပြီး ဇွတ်အတင်း ထွက်သွားလေသည်။ မထေရ်သည် ရှေ့တွင် လူဆိုးဓားပြများနှင့် တွေ့ဆုံကာ နှိပ်စက်ခံရပြီးမှ ပြန်ရောက်လာခဲ့သည်။ ထိုအကြောင်းကို မြတ်စွာဘုရားရှင် သိတော်မူသောအခါ ဤဥဒါန်းကို ကျူးရင့်တော်မူခဲ့သည်။

“ရေရောသော နို့ရည်ကို သောက်သော ကြိုးကြာသည် ရေကို စွန့်သကဲ့သို့ (သစ္စာတရားကို) သိခြင်းသို့ ရောက်သော ပညာရှိသည် အကျိုးရှိသည်၊ မရှိသည်ကို မသိသူနှင့် အတူတကွသွားသော်လည်းကောင်း၊ အတူတကွနေသော်လည်းကောင်း၊ ရောနှောသော်လည်းကောင်း မကောင်းမှုကို စွန့်၏။”ဟု ဤဥဒါန်းကို ကျူးရင့်တော်မူသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဥဒါန်း (ပု၊ န) [(၁) ဥ+အန+ဏ။ ဝိ၊ ပိ၊ ဓာန်။ (၂) ဥဒ+ယု။ နီတိ၊ဓာ၊၉၃။]
  2. ဥဒါန၊ဋ္ဌ၊၂၊၃။ သာရတ္ထ၊၁၊၉၈-၁၀၁။ သီ၊ဋီ၊သစ်၁၊၁၂၈-၁၃၀။ (က) ဥဒါနံ ဥဒါနေသီ (ဒီ၊၁၊၄၄။ မ၊၁၊၂၃၅။ သံ၊၁၊၁၉၊ ၂၀။ အံ၊၁၊၆၇။ အံ၊၂၊၂၀၈။)တိ ဥဒါဟာရံ ဥဒါဟရိ။ ယထာ ဟိ ယံ တေလံ —ဧဝမေဝ ယံ ပီတိဝစနံ ဟဒယံ ဂဟေတုံ န သက္ကောတိ၊ အဓိကံ ဟုတွာ အန္တော အသဏ္ဌဟိတွာ ဗဟိ နိက္ခမတိ၊ တံ ဥဒါနန္တိ ဝုစ္စတိ။ ဧဝရူပံ ပီတိမယံ ဝစနံ နိစ္ဆာရေသီတိ အတ္ထော။ ဒီ၊ဋ္ဌ၊၁၊၁၂၉။ မ၊ဋ္ဌ၊၂၊၁၀၂-၃။ သံ၊ဋ္ဌ၊၁၊၅၈။ အံ၊ဋ္ဌ၊၂၊၄၂-၃။ အံ၊ဋ္ဌ၊၃၊၇ဝ။ ဥဒါဟရီယတိ ဥဗ္ဗေဂပီတိဝသေနာတိ, တထာ ဝါ ဥဒါဟရဏံ ဥဒါနံ။ မ၊ဋီ၊၂၊၁၄၆။ အံ၊ဋီ၊၃၊၆၀။ ဥဒါနဒ္ဓိ ကေနဋ္ဌေန ဥဒါနံ။ ဥဒါနနဋ္ဌေန (ဥဒါနဋ္ဌေန)။ ကိမိဒံ ဥဒါနံ နာမ ပီတိဝေဂသမုဋ္ဌာပိတော ဥဒါဟာရော။ ဥဒါန၊ဋ္ဌ၊၂။ သာရတ္ထ၊၁၊၉၈။ သီ၊ဋီ၊သစ်၊၁၊၁၂၈။ အယမ္ပိ ဥဒါနော ဝုတ္တော ဘဂဝတာ။ ဥဒါန၊၈၇။ ဥဒါန၊ဋ္ဌ၊၄၂။ ဥဒါနာနိ သန္တိ ဧဝ။ ဥဒါန၊ဋ္ဌ၊၃။ သီ၊ဋီ၊သစ်၊၁၊၁၃၀။ ဥဒါနံ ဥဒါနဿ ပုဗ္ဗနိမိတ္တံ။ ဒီ၊ဋ္ဌ၊၂၊၃၃။ ဣမံ ဥဒါနံ ဥဒါနေသီ (ဝိ၊၃၊၂)တိ ဣမံ—ယဒါ ဟဝေ ပါတုဘဝန္တီတိအာဒိကံ သောမနဿယုတ္တညာဏသမုဋ္ဌာနံ ဥဒါနံ ဥဒါနေသိ၊ အတ္တမနဝါစံ နိစ္ဆာရေသီတိ ဝုတ္တံ ဟောတိ၊ ဝိ၊ဋ္ဌ၊၁၊၂၃၆။ ဥဒါနံ ဥဒါနေသီ (ဝိ၊၃၊၂၁)တိ သံဝေဂဝသေန ဥဒါနံ ဥဒါနေသိ၊ သံဝေဂဝသပဝတ္တံ ဝါစံ နိစ္ဆာရေသီတိ အတ္ထော။ သာရတ္ထ၊၃၊၁၉၂။ (သာရတ္ထ၊၁၊၉၉။ ဝိမတိ၊၂၊၉၃။ သီ၊ဋီ၊သစ်၊၁၊၁၂၉။)
  3. ဥဒါန၊ဋ္ဌ၊၂-၅။ သုတ္တံ ဂေယျံ —ဥဒါနံ ဣတိဝုတ္တကံ ။ မ၊၁၊၁၈၆။ အံ၊၁၊၃၁၃။ မဟာနိ၊၁၁၁။ သောမနဿညာဏ-မယိကဂါထာပဋိသံယုတ္တာ ဒွါသီတိ (ဒွေ အသီတိ) သုတ္တန္တာ ဥဒါနန္တိ ဝေဒိတဗ္ဗံ(ဗ္ဗာ)။ ဝိ၊ဋ္ဌ၊၁၊၂၂။ ဒီ၊ဋ္ဌ၊၁၊၂၅။ မ၊ဋ္ဌ၊၂၊၁၂။ အံ၊ဋ္ဌ၊၂၊၂၅၂။ အဘိ၊ဋ္ဌ၊၁၊၂၇။ မဟာနိ၊ဋ္ဌ၊၂၃၃။ ဣဒံ သုတ္တံ ဥဒါနေပိ သင်္ဂီတံ။ ဣတိဝုတ်၊ဋ္ဌ၊၁၅၄။
  4. ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀)။ ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းများမိတ်ဆက်)

ပြင်ပလင့်များ

[ပြင်ဆင်ရန်]