မာတိကာသို့ ခုန်သွားရန်

ဥတ္တရာ နန္ဒမာတာ

ဝီကီပီးဒီးယား မှ

ဥတ္တရာ နန္ဒမာတာ သည် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် ထင်ရှားသော ဥတ္တရာအမည်ရှိ ဒါယိကာမတစ်ဦးဖြစ်ပြီး ဈာန်အဘိညာဉ်၌ အလွန်ထူးချွန်သဖြင့် ဈာယီဧတဒဂ်ကို ရရှိခဲ့သည်။ ရာဇဂြိုဟ်မြို့မှ ပုဏ္ဏသူဌေး၏ သမီးဖြစ်ပြီး ငယ်စဉ်ကပင် မိဘများနှင့်အတူ သောတာပန်အရိယာသာဝက ဖြစ်ခဲ့သည်။ သူမကို နန္ဒမာတာ ဟုလည်း ခေါ်ဝေါ်ကြသည်။ ဝေဠုကဏ္ဍကီနန္ဒမာတာလည်းကြည့်။

အိမ်ထောင်ဘဝ

[ပြင်ဆင်ရန်]

အရွယ်ရောက်သောအခါ ဥတ္တရာသည် ရာဇဂြိုဟ်မြို့မှပင် မိစ္ဆာအယူရှိသော သူဌေးသားတစ်ဦးနှင့် လက်ထပ်ခဲ့ရသည်။ ထိုသူ၏ အယူဝါဒကြောင့် ဥတ္တရာသည် ဘုရားဖူးခွင့်၊ တရားနာခွင့်၊ လှူဒါန်းခွင့်နှင့် ဥပုသ်စောင့်ခွင့်တို့ကို မရရှိခဲ့ပေ။

သိရိမာနှင့် ပတ်သက်သော အဖြစ်အပျက်

[ပြင်ဆင်ရန်]

မိမိ၏ အိမ်ထောင်ရေးအခက်အခဲများကြားမှ ကုသိုလ်ကောင်းမှုများ ပြုလုပ်လိုသော ဆန္ဒပြင်းပြမှုကြောင့် ဥတ္တရာသည် မိဘများထံမှ အသပြာတစ်သောင်းငါးထောင်ကို ရယူကာ သိရိမာမည်သော ပြည့်တန်ဆာမကို ငှားရမ်းခဲ့သည်။ ထိုငွေဖြင့် သိရိမာအား သူမ၏ ယောက်ျားကို (၁၅) ရက်ပတ်လုံး ပြုစုစေပြီး ထိုကာလအတွင်း ဥတ္တရာသည် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်တို့အား အကြီးအကျယ် လှူဒါန်းပူဇော်မှုများ ပြုလုပ်ခဲ့သည်။

တစ်နေ့သောအခါ ဥတ္တရာ၏ ယောက်ျားသည် သိရိမာနှင့်အတူ ရှိနေစဉ် ပြူတင်းပေါက်မှ အပြင်သို့ ကြည့်လိုက်ရာ ချွေးများလိမ်းကျံကာ ပြာများပေကျံလျက် အစားအစာများ ချက်ပြုတ်စီမံနေသော ဥတ္တရာကို မြင်လေသည်။ ထိုအခါ သူသည် မိမိ၏ စည်းစိမ်ဥစ္စာများကို မသုံးစွဲဘဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်နေသော ဥတ္တရာကို မိုက်မဲသည်ဟု ထင်ကာ ပြုံးခဲ့သည်။ ဥတ္တရာကလည်း သူ့ယောက်ျားကို ကြည့်ကာ တမလွန်ဘဝအတွက် အကျိုးရှိမည့် ကုသိုလ်ကောင်းမှုများကို မပြုလုပ်သော သူ့ယောက်ျားကို မိုက်မဲသည်ဟု ကြံစည်ကာ ပြုံးခဲ့သည်။

ထိုအဖြစ်အပျက်ကို မြင်သော သိရိမာသည် မိမိကိုယ်ကို အိမ်ရှင်မဟု ထင်မှတ်ကာ ဥတ္တရာကို အမျက်ထွက်ပြီး ပြာသာဒ်အောက်သို့ ဆင်းလာခဲ့သည်။ ဥတ္တရာသည် သိရိမာကို မြင်သောအခါ မေတ္တာစိတ်ကို ပွားများစေခဲ့သည်။ သို့သော် သိရိမာသည် ဒေါသအလျောက် ကျိုက်ကျိုက်ဆူနေသော ထောပတ်ပူများကို ဥတ္တရာ၏ ဦးခေါင်းပေါ်သို့ လောင်းချလိုက်လေသည်။ အံ့ဩဖွယ်ကောင်းစွာပင် ဥတ္တရာ၏ မေတ္တာတန်ခိုးကြောင့် ထိုထောပတ်ပူများသည် အေးမြသောရေကဲ့သို့ လျှောကျသွားခဲ့သည်။

မိမိ၏ အမှားကို သိမြင်သွားသော သိရိမာသည် ဥတ္တရာထံမှ သည်းခံခွင့်ကို တောင်းပန်ခဲ့သည်။ ဥတ္တရာသည်လည်း သိရိမာအား မြတ်စွာဘုရားရှေ့တော်၌ တောင်းပန်စေပြီးနောက် သည်းခံခွင့်လွှတ်ခဲ့သည်။

မိသားစု၏ သာသနာဝင်ခြင်း

[ပြင်ဆင်ရန်]

ထို့နောက် ဥတ္တရာသည် သူမ၏ ယောက်ျားနှင့် ယောက္ခမများကို မြတ်စွာဘုရားထံသို့ ခေါ်ဆောင်သွားခဲ့သည်။ မြတ်စွာဘုရားသည် “အက္ကောဓေန ဇိနေ ကောဓံ” အစရှိသော တရားတော်ကို ဟောကြားတော်မူရာ ဥတ္တရာ၏ ယောက်ျား၊ ယောက္ခမများနှင့် သိရိမာအပါအဝင် အမျိုးသမီးငါးဦးတို့သည် သောတာပန်အရိယာသာဝကများ ဖြစ်သွားကြသည်။[]

နောက်ပိုင်းဘဝ

[ပြင်ဆင်ရန်]

ဂါထာ၏အဆုံး၌ ဥတ္တရာသည် သကဒါဂါမိဖိုလ်၌ တည်ခဲ့ပြီး ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဥတ္တရာအမည်ရှိသော နတ်သမီးတစ်ဦး ဖြစ်ခဲ့သည်ဟု ဝိမာနဝတ္ထုအဋ္ဌကထာတွင် ဆိုထားသည်။ ထို့ပြင် ဥတ္တရာ၏ မိခင် (ပုဏ္ဏသူဌေး၏ ဇနီး) ၏ အမည်မှာလည်း ဥတ္တရာပင်ဖြစ်သည်ဟု အင်္ဂုတ္တရနိကာယ်အဋ္ဌကထာတွင် ဖော်ပြထားသည်။[]

နန္ဒမာတာ ဟူသောအမည်သည် ဂေါတမမြတ်စွာဘုရား၏ မြတ်သောအလုပ်အကျွေး ဒါယိကာမများတွင် တစ်ဦးအပါအဝင်ဖြစ်သောကြောင့် ခေါ်တွင်ခြင်းဖြစ်နိုင်သည်။

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ပဋိသံ၊ဋ္ဌ၊၂၊၂၈၆-၇။
  2. အံ၊ဋ္ဌ၊၂၊၃၄၅-၇။ ဓမ္မ၊ဋ္ဌ၊၂၊၁၉၆၊ ၂၀၂ တို့လည်း ကြည့်။ ဈာယီနံ ယဒိဒံ ဥတ္တရာ နန္ဒမာတာ။ အံ၊၁၊၂၇။ ဥတ္တရာ ပန ဥပါသိကာ ရာဇဂဟေ မဟဒ္ဓနဿ ပုဏ္ဏဿ သေဋ္ဌိဿ ဓီတာ။ ပဋိသံ၊ဋ္ဌ၊၂၊၂၈၆။