နက္ခတ် ၂၇ လုံး
မြန်မာနက္ခတ်ကျမ်းများအရ ကောင်းကင်တွင် နက္ခတ် ၂၇ လုံးရှိသည်။ မြတ်စွာ ဘုရားလက်ထက် မတိုင်မီက အဘိဇိဟူသော နက္ခတ်တစ်လုံးပါ နက္ခတ် ၂၈ လုံးရှိခဲ့၍၊ နောင်တွင် အဘိဇိ နက္ခတ် ပျောက်ကွယ်သဖြင့်၊ နက္ခတ် ၂၇ လုံးသာ ကျန်သည်။
နက္ခတ် ၂၇ မှာ-
- အဿဝဏီနက္ခတ်
- ဘရဏီနက္ခတ်
- ကြတ္တိကာနက္ခတ်
- ရောဟဏီနက္ခတ်
- မိဂသီနက္ခတ်
- အဒြနက္ခတ်
- ပုဏ္ဏဖုသျှုနက္ခတ်
- ဖုသျှနက္ခတ်
- အသလိဿနက္ခတ်
- မာဃနက္ခတ်
- ပြုဗ္ဗာဘရဂုဏ္ဏီနက္ခတ်
- ဥတ္တရာဘရဂုဏ္ဏီနက္ခတ်
- ဟဿဒနက္ခတ်
- စိတြနက္ခတ်
- သွာတိနက္ခတ်
- ဝိသာခါနက္ခတ်
- အနုရာဓနက္ခတ်
- ဇေဋ္ဌနက္ခတ်
- မူလနက္ခတ်
- ပြုဗ္ဗာသဠ်နက္ခတ်
- ဥတ္တရာသဠ်နက္ခတ်
- သရဝဏ်နက္ခတ်
- ဓနသိဒ္ဓနက္ခတ်
- သတ္တဘိသျှနက္ခတ်
- ပြုဗ္ဗာပုရပိုက်နက္ခတ်
- ဥတ္တရာပုရပိုက်နက္ခတ်
- ရေဝတီနက္ခတ်ဟူ၍ ဖြစ်သည်။
ထိုနက္ခတ် ၂၇ လုံးနှင့် စပ်လျဉ်း၍၊ နက္ခတ်လုံးရေနှင့် ပုံပန်းသဏ္ဌာန်တို့မှာ တစ်ကျမ်းနှင့် တစ်ကျမ်း မတူညီသော်လည်း၊ အများအသိအမှတ်ပြုသော လုံးရေနှင့် ပုံပန်းသဏ္ဌာန်တို့ကို အောက်တွင် ဖော်ပြထားသည်။
ကျီးတာရာနှင့် ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]အဿဝဏီနက္ခတ်မှာ မြင်းခေါင်းသဏ္ဌာန် ခြောက်လုံးရှိ၍၊ တူရာသီစန်းယှဉ် နက္ခတ်ဖြစ်သည်။ အဿိ မည်သောနတ် အစိုးရသည်။ ဘရဏီနက္ခတ်မှာ ခုံလောက်သဏ္ဌာန် ၃ လုံး၊ ဗီရဏီနတ်သမီး၏ ဘုံဗိမာန်ဖြစ်သည် ဆိုသည်။ ထိုနက္ခတ်ကို ယမမင်း အစိုးရကြောင်းလည်း ဆိုသည်။ ကြတ္တိကာ နက္ခတ်မှာ ကြယ်ငယ်စု သဏ္ဌာန် ၇ လုံးရှိသည်။ ဖျောက်ဆိပ်ကြယ်ဟုလည်းကောင်း၊ သူခိုးနက္ခတ် ဟူ၍လည်းကောင်း ခေါ်သည်။ ယင်းနက္ခတ်ကို မီးနတ်မင်း အစိုးရကြောင်း ဆို၏။ဤနက္ခတ်သုံးလုံးသည် ကျီးတာရာနှင့် ယှဉ်၍ သွား၏။
ဟင်္သာတာရာနှင့် ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]ရောဟဏီ နက္ခတ်မှာ ငါးကြင်းသဏ္ဌာန် ၁ဝ လုံးရှိသည်။ ထိုနက္ခတ်ကို ဗြဟ္မာနတ် အစိုးရကြောင်းဆိုသည်။ မိဂသီ နက္ခတ်မှာ လိပ်ခေါင်းသဏ္ဌာန် ၃ လုံးရှိသည်။ ထိုနက္ခတ်ကို သသီ အမည်ရှိသော လနတ်သား စောင့်ကြောင်းဆိုသည်။ အဒြနက္ခတ်မှာ လိပ်လက်သဏ္ဌာန် ၁ လုံး ရှိသည်။ ထိုနက္ခတ်ကို ပရိမိသွာနတ်မင်း အစိုးရကြောင်း ဆိုသည်။ အထက်ပါ နက္ခတ်သုံးလုံးကား ဟင်္သာတာရာနှင့် ယှဉ်၍ သွား၏။
ပုစွန်တာရာနှင့် ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]ပုဏ္ဏဖုသျှုနက္ခတ်မှာ အဖန်တလဲလဲ မိုးကို ရွာစေတတ် သောကြောင့် ထိုသို့ ခေါ်သည်။ လုံးရေ ၅ လုံးရှိ၍၊ ပုံသဏ္ဌာန်မှာ သင်္ဘောသဏ္ဌာန် ဖြစ်၏။ ထိုနက္ခတ်ကို အဒိတိ နတ်သမီးအစိုးရကြောင့် ဆိုသည်။ ဖုသျှနက္ခတ်မှာ ကျွေးမွေးခြင်း၊ ပွားများခြင်းအနက်ကို စွဲ၍၊ ဖုဿ၊ ဖုသျှဟု ခေါ်ဆိုခြင်း ဖြစ်သည်။ နက္ခတ်လုံးရေ ၁ဝ လုံး ရှိ၍၊ ငှက်ချေးခံသဏ္ဌာန်ကို ဖြစ်၏။ ထိုနက္ခတ်ကို ဇီဝဂြိုဟ် နတ်မင်းအစိုးရကြောင်း ဆိုသည်။ အသလိဿ နက္ခတ်မှာ ခက်ရင်းသဏ္ဌာန် ၄ လုံးရှိ၏။ ထိုနက္ခတ်ကို ဖဏိမည်သော မြွေနတ်မင်းအစိုးရကြောင်း ဆိုသည်။ ဤနက္ခတ်သုံးလုံးကား ပုစွန်တာရာနှင့် ယှဉ်၍ သွား၏။
ချိန်တာရာနှင့် ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]မာဃနက္ခတ်မှာ သံကောက်သဏ္ဌာန် ၄ လုံးရှိသည်။ ထိုနက္ခတ်ကို ပီတရာနတ်မင်း အစိုးရကြောင်း ဆိုသည်။ ပြုဗ္ဗာဘရဂုဏ္ဏီ နက္ခတ်မှာ ဥတ္တရာဘရဂုဏ္ဏီနက္ခတ်နှင့် ပေါင်း၍၊ ညောင်စောင်းသဏ္ဌာန် ၄ လုံးရှိသည်။ ထိုနက္ခတ်ကို ယောနိနတ် အစိုးရကြောင်း ဆိုသည်။ ဥတ္တရာဘရဂုဏ္ဏီနက္ခတ်မှာ ပြုဗ္ဗာဘရဂုဏ္ဏီနက္ခတ်နှင့် ပေါင်း၍၊ ညောင်စောင်းသဏ္ဌာန် ၄ လုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အယမနတ် အစိုးရကြောင်းလည် ဆိုသည်။ ဤနက္ခတ် သုံးလုံးကား ချိန်တာရာနှင့် ယှဉ်၍သွား၏။
ဆံကျင်တာရာနှင့် ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]ဟဿဒနက္ခတ်မှာ လက်ဝါးနှင့်တူ၍ ခေါ်ခြင်းဖြစ်သည်။ လက်ငါးချောင်း သဏ္ဌာန် ၅ လုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို နေနတ်မင်း အစိုးရကြောင်းလည်း ဆိုသည်။ စိတြနက္ခတ်မှာ ပုလဲသဏ္ဌာန် ၁ လုံးရှိသည်။ ထိုနက္ခတ်ကို တဗ္ဗနတ် အစိုးရသည်ဟု ဆိုသည်။ သွာတိ နက္ခတ်မှာ ကသစ်ပွင့် သဏ္ဌာန် ၂ လုံးရှိသည်။ ထိုနက္ခတ်ကို ပဝနမည်သော လေနတ်မင်း အစိုးရသည်ဟု ဆိုသည်။ ယင်းနက္ခတ် သုံးလုံးကား ဆံကျင်တာရာနှင့် ယှဉ်၍ သွား၏။
တံငါတာရာနှင့် ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]ဝိသာခါ နက္ခတ်မှာ ပတ်ဆိုင်းဝိုင်းသဏ္ဌာန် ၁၄ လုံး ရှိသည်။ ထိုနက္ခတ်ကို သက္ကာနီမည်သော သိကြား မိဖုရား သုဇိတာ အစိုးရကြောင်း ဆိုသည်။ အနုရာဓ နက္ခတ်မှာ နဂါးလည်ဆစ်သဏ္ဌာန် ၁၅ လုံး ရှိသည်။ ထိုနက္ခတ်ကို မိတ္တမည်သော နတ်အစိုးရကြောင်း ဆိုသည်။ ဇေဋ္ဌနက္ခတ်မှာ နဂါးချက်မဟု ခေါ်၍၊ ၅ လုံးရှိ၏။ ထိုနက္ခတ်ကို သိကြားမင်း အစိုးရကြောင်း ဆိုသည်။ ဤနက္ခတ်သုံးလုံးကား တံငါတာရာနှင့် ယှဉ်၍သွား၏။
ဆင်တာရာနှင့်နေ ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]မူလနက္ခတ်မှာ ၄ လုံး ရှိ၍၊ နဂါးအမြီးဟု ခေါ်သည်။ ထိုနက္ခတ်ကို နိရတိ ရက္ခိုသ် အစိုးရကြောင်း ဆိုသည်။ ပြုဗ္ဗာသဠ် နက္ခတ်မှာ ဥတ္တရာသဠ် နက္ခတ်နှင့် ပေါင်း၍၊ ဆင်မလှမ်းဟန် ၄ လုံး ရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို တောယရေနတ် အစိုးရကြောင်းလည်း ဆိုသည်။ ဥတ္တရာသဠ်နက္ခတ်မှာ ပြုဗ္ဗာသဠ်နက္ခတ်နှင့် ပေါင်း၍၊ ဆင်မလှမ်းဟန် ၄ လုံး ရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အဿိဒေဝနတ် အစိုးရကြောင်းလည်း ဆိုသည်။ ဤနက္ခတ်သုံးလုံးကား ဆင်တာရာနှင့် ယှဉ်၍ သွား၏။
မြင်းတာရာနှင့် ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]သရဝဏ်နက္ခတ်မှာ မြားသဏ္ဌာန် (ဝါ) မောင်ရင်ဆိုင်းထမ်း သဏ္ဌာန် သုံးလုံးတန်းလျက် ရှိသည်။ ထိုနက္ခတ်ကို ဟရိ မည်သော ပိဿနိုးနတ်မင်း အစိုးရကြောင်း ဆိုသည်။ ဓနသိဒ္ဓနက္ခတ်မှာ အင်ကြင်းသီးသဏ္ဌာန် ၄ လုံးရှိသည်။ ထိုနက္ခတ်ကို ဝသုနတ်မင်း အစိုးရကြောင်း ဆိုသည်။ သတ္တဘိသျနက္ခတ်မှာ ဆုံကြီးသဏ္ဌာန် ၆ လုံး ရှိသည်။ ထိုနက္ခတ်ကို ဝရုဏနတ်မင်း အစိုးရကြောင်း ဆိုသည်။ ယင်းနက္ခတ်သုံးလုံးကား မြင်းတာရာနှင့် ယှဉ်၍သွားလေသည်။
ဗျိုင်းတာရာနှင့် ယှဉ်သော နက္ခတ်များ
[ပြင်ဆင်ရန်]ပြုဗ္ဗပုရပိုက်နက္ခတ်မှာ နွားခြေ နွားလက်နှင့် တူ၍ ခေါ်ဆိုခြင်းဖြစ်သည်။ ဥတ္တရာ ပုရပိုက်နက္ခတ်နှင့် ပေါင်း၍၊ အင်းပျဉ် သဏ္ဌာန် ၄ လုံးရှိသည်ဟုဆိုသည်။ ထိုနက္ခတ်ကို အဇဒေဝနတ်မင်း အစိုးရကြောင်းလည်း ဆိုသည်။ ဥတ္တရာပုရပိုက်နက္ခတ်မှာ ပြုဗ္ဗာပုရပိုက်နက္ခတ်နှင့် ပေါင်း၍၊ အင်းပျဉ်သဏ္ဌာန် ၄ လုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အဟိပြနနတ်မင်း သို့မဟုတ်၊ အဟိဗုဓနတ်မင်း အစိုးကြောင်း လည်း ဆိုသည်။ ရေဝတီနက္ခတ်မှာ မြှုံးသဏ္ဌာန် ၉ လုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်မှာ အဿဝဏီမှစ၍ ရေသော် ၂၇ လုံးမြောက် နောက်ဆုံး နက္ခတ်ဖြစ်သည်။ ထိုနက္ခတ်ကို ပုမာနတ်အစိုးရ ကြောင်းဆိုသည်။ ဤနက္ခတ် သုံးလုံးကား ဗျိုင်းတာရာနှင့် ယှဉ်၍ သွား၏။
နက္ခတ် ၂၇ လုံးတို့သည် ရာသီစက်လှည့်၍၊ အစဉ်အတိုင်း တစ်ရာသီမှ တစ်ရာသီသို့ ကူးဝင်ကြရာ၊ တစ်ရာသီလျှင် ၂ လုံး တစ်ပါဒ်အားဖြင့်၊ ၁၂ ရာသီတွင် နက္ခတ်စက်တစ်ပတ်လည်မိ၍၊ တစ်နှစ်ဟု ခေါ်သည်။ ၁၂ ရာသီ စန်းယှဉ်နက္ခတ်များမှာ ရာသီ အလိုက် ၁၂ လုံးရှိသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )