ဥတ္တရထေရ်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
ဥတ္တရထေရ်သည် ဗုဒ္ဓဘာသာတွင် ထင်ရှားသော ရဟန်းတော်တစ်ပါးဖြစ်ပြီး အရှင်သာရိပုတ္တရာ၏ တပည့်ဖြစ်သည်။ ဥတ္တရလည်း ကြည့်။
ဘဝအစ
[ပြင်ဆင်ရန်]ဤဥတ္တရထေရ်သည် သုမေဓမြတ်စွာဘုရား ပွင့်တော်မူစဉ်အခါက ဝိဇ္ဇာဓိုရ်တစ်ဦးဖြစ်ခဲ့သည်။ ကောင်းကင်ခရီးဖြင့် လှည့်လည်သွားလာစဉ် မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ ကြည်ညိုသဒ္ဓါပွားကာ မဟာလှေကားပန်းတို့ဖြင့် ပူဇော်ခဲ့သည်။ ထိုကုသိုလ်ကောင်းမှုကြောင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့သည်။ ထိုနတ်ဘဝမှ စုတေပြီးနောက် လူ့ပြည်နှင့် နတ်ပြည်တို့၌ ကျင်လည်ခဲ့သည်။ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ ရာဇဂြိုဟ်မြို့ငယ်တွင် ပစ္စည်းဥစ္စာပေါများကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖွားမြင်ခဲ့ပြီး ဥတ္တရဟု အမည်တွင်ခဲ့သည်။
အရွယ်ရောက်သောအခါ ပုဏ္ဏားတို့၏ အတတ်ပညာများကို အပြီးတိုင် တတ်မြောက်ခဲ့သည်။ ဇာတ်မြင့်ခြင်း၊ အဆင်းလှခြင်း၊ အဝတ်အစားပညာ တတ်ကျွမ်းခြင်း၊ အရွယ်ကောင်းခြင်းနှင့် အကျင့်သီလ မြင့်မြတ်ခြင်းတို့ကြောင့် လူအများ၏ ချီးကျူးမှုကို ခံယူရရှိခဲ့သည်။ ထိုသို့ ပြည့်စုံသော ဂုဏ်သတင်းကြောင့် ဝဿကာရမည်သော မဂဓအမတ်ကြီးက သူ၏သမီးနှင့် ထိမ်းမြားလက်ထပ်လိုကြောင်း ကမ်းလှမ်းပြောဆိုခဲ့သော်လည်း ဥတ္တရသည် ဝဋ်ဒုက္ခမှ လွတ်မြောက်လိုသော အလိုဆန္ဒ ကြီးမားသူဖြစ်သောကြောင့် လက်မခံခဲ့ပေ။
ရဟန်းဘဝ
[ပြင်ဆင်ရန်]ရံဖန်ရံခါ အရှင်သာရိပုတ္တရာထံ ချဉ်းကပ်လျက် တရားနာယူရသဖြင့် သဒ္ဓါတရားတိုးပွားကာ သာမဏေပြုခဲ့သည်။ ထို့နောက် အရှင်သာရိပုတ္တရာကို ဝတ္တရားကျေပြွန်စွာ ပြုစု လုပ်ကျွေးခဲ့သည်။
တစ်နေ့သောအခါ အရှင်သာရိပုတ္တရာသည် အနာရောဂါဖြစ်၍ ဆေးအလို့ငှါ သွားစဉ် လမ်းခရီးတွင် ရေကန်တစ်ခု၏ ကမ်း၌ သပိတ်ကို ထားခဲ့ကာ မျက်နှာသစ်နေခိုက် သူခိုးတစ်ယောက်ကို အစောင့်တို့က လိုက်ဖမ်းရာ ထိုသူခိုးသည် ခိုးယူလာသော ပစ္စည်းဥစ္စာထုပ်ကို ဥတ္တရသာမဏေ၏ သပိတ်တွင် ထည့်၍ ထွက်ပြေးလေ၏။ သာမဏေသည် မိမိသပိတ်ရှိရာသို့ အလာတွင် အစောင့်တို့က သာမဏေကို ဖမ်း၍ ဝဿကာရအမတ်ကြီးထံ ပြကြသည်။
ရှေးက မိမိသမီးနှင့် လက်ထပ်ရန် စေ့စပ်စဉ်က ငြင်းပယ်ပြီး ရဟန်းပြုသွားခဲ့သည်ကို မကျေနပ်၍ ရန်ငြိုးရှိခဲ့ဘူးသော ထိုအမတ်ကြီးသည် ဥတ္တရကို သူခိုးဟု ဆုံးဖြတ်ကာ အရှင်လတ်လတ် တံကျင်လျှိုသွင်းစေခဲ့သည်။
ရဟန္တာဖြစ်ခြင်း
[ပြင်ဆင်ရန်]ထိုနေရာသို့ မြတ်စွာဘုရား ရောက်ရှိလာတော်မူပြီး တရားဟောတော်မူရာ ဥတ္တရသည် ထိုနေရာ၌ပင် ဆဠဘိညရဟန္တာ ဖြစ်တော်မူခဲ့သည်။ တံကျင်လျှိုထားရာမှ လွတ်မြောက်ပြီးနောက် လူအပေါင်းတို့အား တန်ခိုးပြာဋိဟာများကို ပြတော်မူသည်။ ထိုအခါ၌ တံကျင်ကြောင့် ဖြစ်ပေါ်ခဲ့သော အနာသည်လည်း အသားနုတက်ကာ ပျောက်ကင်းသွားလေသည်။
အရှင်ဥတ္တရထေရ်သည် ထိုသို့သော အံ့ဖွယ်ဖြစ်ရပ်များ ကြုံတွေ့ခဲ့ပြီးနောက် ဂါထာအချို့ကိုလည်း မိန့်ကြားတော်မူခဲ့သည်။[၁]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ ထေရ၊ဋ္ဌ၊၁၊၃၀၄-၅-၈။ ဣတ္ထိ သုဒံ အာယသ္မာ ဥတ္တရော ထေရော ဣမာ ဂါထာယော အဘာသိတ္ထ။ အပ၊၂၊၁၇၆။ အာယသ္မတာ ဥတ္တရထေရဿ ဂါထာ။ ...ဥတ္တရော သာမဏေရော ပါတောဝ ပတ္တစီဝရမာဒါယ။ ထေရ၊ဋ္ဌ၊၁၊၃၄။