အေးမြင့်၊ မောင် (မြန်မာမှုဒီဇိုင်း သုတေသီ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆရာ ဦးအေးမြင့်သည် သူရေးဆွဲသော မြန်မာမှုဒီဇိုင်းပုံများတွင် လက်မှတ်ထိုးသောအခါ မောင်အေးမြင့်(မြန်မာမှုဒီဇိုင်းသုတေသီ) ဟု ရေးထိုးပါသည်။ ထို့ကြောင့် ခေါင်းစဉ်တွင် မောင်အေးမြင့်(မြန်မာမှုဒီဇိုင်း သုတေသီ)ဟု တပ်ခြင်း ဖြစ်ပါသည်။ မလေးစားလို့ မဟုတ်ပါ။ မြန်မာနိုင်ငံအတွက် ဒီဇိုင်းပညာနှင့် ပတ်သက်၍ အလွန်လေးစား ဂုဏ်ယူထိုက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မောင်အေးမြင့်ကို ၁၉၃၀-ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ၂၈-လမ်း၊ လမ်း(၈၀)နှင့်(၈၁)လမ်းကြား(ယခု-မြို့မရုပ်ရှင်ရုံ၏ မျက်နှာချင်းဆိုင်နေရာ) မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ အဖ ဦးကျောက် နှင့် အမိဒေါ်စံ(ဒေါ်မမလေး)တို့မှ ဖွားမြင်သော မွေးချင်း ခုနှစ်ယောက် အနက် တတိယမြောက် သားဖြစ်သည်။

ကိုယ်ရေးကိုယ်တာ[ပြင်ဆင်ရန်]

ငယ်စဉ်က မန္တလေး၊ သာသနာပြုကျောင်း တက်ခဲ့ရသည်။ ဂျပန်ခေတ်တွင် ဂျပန်ကျောင်း တက်ခဲ့သည်။

ပန်းချီပညာကို ၁၉၄၆-ခုနှစ်မှာ စတင်လေ့လာသင်ကြားခဲ့ပြီး ဦးကြွယ်လေး(မန္တလေး)နှင့် ဦးခင်မောင်(ဘဏ်)တို့သည် သင်ဆရာ၊ မြင်ဆရာများ ဖြစ်ကြသည်။

၁၉၆၃-ခုနှစ်မှာ မစမ်းအေးနှင့် အိမ်ထောင်ကျသည်။ သားသမီး(၄)ယောက်၊မြေး(၃)ယောက် ထွန်းကားခဲ့သည်။

၂၀၀၀-ခုနှစ်မှ စတင်ပြီး ယခုအချိန်ထိ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းမြောက်ဘက်၊ အိမ်အမှတ်(၁၁၀)ပန်းပဲတန်းလမ်း၊ ဆင်စွယ်ပွတ်ရပ်ကွက်တွင် နေထိုင်ရင်း မြန်မာမှုဒီဇိုင်းများကို အာရုံထား သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။

အနုပညာလုပ်ငန်း[ပြင်ဆင်ရန်]

၁၉၅၄-ခုနှစ် ၌ အမရပူရမြို့၊ဆောင်းဒါး ရက်ကန်းကျောင်း တွင် ပန်းချီနည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။

၁၉၆၆-ခုနှစ်တွင် အီတလီ-မီလန်ပြပွဲ ပြခန်းပြင်ဆင်ရေး တာဝန်ဖြင့် အီတလီသို့ သွားခဲ့ရလေသည်။

၁၉၇၀-ခုနှစ်တွင် ငွေကြေးဒီဇိုင်း တာဝန်နှင့် အင်္ဂလန်နှင့် ဂျာမနီသို့ သွားရသည်။ ထိုနှစ်မှာပင် ဂျပန်နိုင်ငံမှာ ကျင်းပသော Exop70 ကုန်စည်ပြပွဲ တာဝန်နှင့် ဂျပန်သို့ သွားရပြန်သည်။

၁၉၇၂-ခုနှစ်မှ ၁၉၇၇-ခုနှစ်အထိ ဝါဇီစီမံကိန်း စက်ရုံတွင်တံဆိပ်ခေါင်းဒီဇိုင်းများ၊ ထီလက်မှတ်နှင့် အခြား လုံခြုံရေးဆိုင်ရာ ဒီဇိုင်းများ ရေးဆွဲရန်အတွက် တာဝန်ထမ်းဆောင်ခဲ့ရလေသည်။

၁၉၇၉-ခုနှစ်မှာ ပန်းရိုးမ ပြက္ခဒိန်အတွက် ပန်းချီကားများ စတင်ရေးဆွဲခဲ့ပါသည်။

၁၉၈၀-ခုနှစ်မှ ၂၀၀၆-ခုနှစ်အထိ စာနယ်ဇင်းဆိုင်ရာ မြန်မာမှု ဒီဇိုင်းများဖြစ်သော ရတနာမွန်၊ မြတ်ဆုမွန်၊ သစ္စာရောင်ခြည်နှင့် အခြားဘာသာရေး မျက်နှာဖုံးများကို ရေးဆွဲခဲ့ပြီး ပုဂံမှ ရွှေဇဝါယွန်းပန်းချီကားများကို ရေးဆွဲခဲ့သည်။ [၁]

ရေးသားခဲ့သောစာပေများ[ပြင်ဆင်ရန်]

  1. BurmeseDesignThroughDrawing (ရေးပုံတွေနှင့်ပြသော မြန်မာ့ဒီဇိုင်းများ) စာအုပ်ကို တိုယိုတာ ဖောင်ဒေးရှင်း (Toyota Foundation)မှ ၁၉၉၃-ခုနှစ်၊ ဂျပန်နိုင်ငံတွင် ပုံနှိပ် ထုတ်ဝေခဲ့သည်။
  2. Ancient MyanmarDesign ဟူသော စာအုပ်လည်း ထွက်ရှိမည်ဟု သိရသည်။
  3. ရတနာမွန်၊ မြတ်ဆုမွန် စသော စာအုပ်များတွင် ရေးဆွဲခဲ့သော ဆရာ၏ လက်ရာများကို စုစည်း၍ ပုံ(၁၀၀)စာ(၁၀၀)စာအုပ်အဖြစ် လူထုတိုက် မန္တလေးမှ ထုတ်မည်ဟု ကြားသိရ၏။ [၂]



စာကိုး[ပြင်ဆင်ရန်]

  1. လျှပ်တစ်ပြက် ဂျာနယ် အတွဲ(၂)အမှတ်(၁၆)
  2. နွယ်နီမဂ္ဂဇင်း(၂၀၀၉၊ ဧပြီ)