အောင်ပွင့်

ဝီကီပီးဒီးယား မှ
(အောင်ပွင့်၊ မောင် မှ ပြန်ညွှန်းထားသည်)
မောင်အောင်ပွင့်
မွေးဖွားမောင်အောင်ပွင့်
(11-11-1945)နိုဝင်ဘာ ၁၁၊ ၁၉၄၅
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်းရွာ
ကွယ်လွန်နိုဝင်ဘာ ၃၀၊ ၂၀၁၈(2018-11-30) (အသက် ၇၃)
ပုသိမ်
အလုပ်အကိုင်ကဗျာဆရာ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူ
နိုင်ငံလူမျိုး မြန်မာ
လူမျိုးဗမာ
မိဘထွန်းမှီ (ဖခင်)
စာမ (မိခင်)
ကိုးကွယ်မှုဗုဒ္ဓဘာသာ

မောင်အောင်ပွင့် (၁၉၄၅-၂၀၁၈) သည် မြန်မာလူမျိုး ကဗျာဆရာနှင့် ငြိမ်းချမ်းရေး လှုပ်ရှားသူ ဖြစ်သည်။ ယုံကြည်ချက်ကြောင့် ထောင် ၃ ကြိမ် ကျခဲ့ပြီး ၂၀ဝ၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဟဲလ်မင်းဟမ်း မက်ဂရန့်ဆု၊ ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံတကာသတင်းသမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆုတို့ ရသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၄၅ ခု၊ နိုဝင်ဘာလ ၁၁ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဘုရားကုန်းရွာနေ ဦးထွန်းမှိန်၊ ဒေါ်စာမတို့က မွေးသည်။ ငယ်မည်မှာ အောင်ပွင့် ဖြစ်သည်။

အသက် ၅ နှစ်အရွယ် ဒုတိယကမ္ဘာစစ်အတွင်း ဈေးရောင်းသွားသော မိခင် ပြန်မလာတော့။ မိခင်မရှိသည့်နောက် ဖခင်က နောက်အိမ်ထောင်ပြုသည်။ သုံးနှစ်အရွယ် ညီဖြစ်သူနှင့် အောင်ပွင့်တို့ မိခင်၏ မိဘအိမ်၌ နေကြသည်။

ကဗျာဆရာ ဖြစ်လာခြင်း[ပြင်ဆင်ရန်]

၁၉၆၈ ခုတွင် မိုးဝေမဂ္ဂဇင်း၊ အမှတ် (၄) တွင် ညီမျှရန် ဟူသော မောင်အောင်ပွင့်လက်ရာကဗျာ ပါလာသည်။ [၁] ကဗျာကို အဓိကရေးသော်လည်း ကဗျာနှင့် ပတ်သက်သောဆောင်းပါးများလည်း ရေးသေးသည်။

သုံးထောင်ပြန်ဘဝ[ပြင်ဆင်ရန်]

၁၉၆၇ ခုတွင် နိုင်ငံရေးဆူပူရန် ရေးသားသည်ဟူ၍ ပုသိမ်ထောင်၌ ထောင် ၁ နှစ် ကျခံရသည်။

၁၉၇၈ ခု၊ ဩဂုတ်လ ၆ ရက်တွင် အင်းစိန်ထောင်၌ ထောင် ၂ နှစ် ကျသည်။ ၁၇ လနှင့် ပြန်လွတ်ခဲ့သည်။

၁၉၈၈ ခု၊ ဩဂုတ်လတွင် ပုသိမ် လူထုဆန္ဒဖော်ထုတ်ပွဲကော်မတီဖွဲ့ရာ အတွင်းရေးမှူး ဖြစ်လာသည်။ သို့သော် ဆိုင်ရာမှ လိုက်လံဖမ်းဆီးသဖြင့် ရန်ကုန်သို့ ရှောင်လာပြီး မိတ်ဆွေများအိမ်၌ လှည့်နေသည်။ ရန်ကုန်ရှိ အဖြစ်အပျက်များကြောင့် ကဗျာထက် ဗီဒီယိုက လူထုထံ ပိုရောက်နိုင်သည်ဟု တွေးမိသဖြင့် တဖက်တွင် စာအုပ်ဟောင်းရောင်းကာ တဖက်၌လည်း ရုပ်သံမှတ်တမ်း (Documentary) ရိုက်သည့်အလုပ်ကို လုပ်သည်။

၁၉၉၇ ခုတွင် ကဗျာဆရာ ငြိမ်းသစ်နှင့်အတူ တံတားဦးရဲစခန်း၌ စာပို့စက် (Fax) တရားမဝင် လက်ဝယ်ထားမှု၊ မတရားအသင်းများနှင့်ဆက်သွယ်မှုတို့ဖြင့် အချုပ်ကျပြီး အတန်ကြာ အမှုရင်ဆိုင်ရသည်။ နောက် ၁၉၉၉ ခုတွင် အမိန့်ချရာ ထောင် ၈ နှစ် ကျပြီး အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် နေရသည်။ ၂၀၀၅ ခု၊ ဇူလိုင်လတွင် လွတ်သည်။ [၂]

မိသားစုဘဝ[ပြင်ဆင်ရန်]

အသက် ၂၇ နှစ်အရွယ်တွင် ကျောင်းဆရာမ နန်းညွန့်ရွှေနှင့် အိမ်ထောင်ပြုသည်။ ငြိမ်းချမ်းနှင့် လုံမငြိမ်းချမ်းဟူ၍ သားသမီး ၂ ယောက် ရသည်။ ဇနီးဖြစ်သူမှာ ၂၀၁၈ ခု၊ ဩဂုတ်လ ၁၁ ရက်တွင် ဆုံးသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

အသက်ရချိန်၌ အကျဉ်းကျခြင်းကြောင့် ကျန်းမာရေးချို့ယွင်းသည့်ပြင် ဇနီးမှာလည်း တိမ်းပါးသဖြင့် စိတ်ကိုယ်မခိုင်ဘဲ ၂၀၁၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကွယ်လွန်သည်။ ဇနီးဖြစ်သူနှင့်အတူ ပုသိမ်မြို့ သရောင်းချောင်းသုဿာန်တွင် မြုပ်နှံထားသည်။

ရေးသားသော စာအုပ်များ[ပြင်ဆင်ရန်]

ခေါင်းစီး ထုတ်ဝေနှစ် ပုံနှိပ်တိုက် မှတ်ချက်
အလွမ်းပင်တော ၁၉၇၂
ဝါကျင့်ကျင့်နေ့ခင်းရှည် ၁၉၇၂ အောင်ငြိမ်း၊ ကျော်ကျော်ဆင့်တို့နှင့် တွဲ၍
မိုးရိပ်လေရိပ် မတ်လရိပ် ၁၉၇၄
ဘဝမာတိကာ
နိုင်ငံတော်သစ် မွေးဖွားခြင်း
ဥတုကျော်ဝေဒနာတမ်းချင်း
ငရဲဟီသံ
လုံမငြိမ်းချမ်းဖတ်ဖို့ *
ကောင်းကင်တော်တမ်းချင်း ၁၉၉၄
ကောင်းကင်တော်တမ်းချင်း ၁၉၉၅
ဧကစာမီးခိုးများ ၁၉၉၆ အခြား ၃ ဦးနှင့် တွဲ၍
ငြိမ်းချမ်းရေးညစာ ၂၀၁၂

* ကဗျာစာအုပ် မဟုတ်။

ဆုတံဆိပ်များ[ပြင်ဆင်ရန်]

၂၀ဝ၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဟဲလ်မင်းဟမ်း မက်ဂရန့်ဆု၊ ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံတကာသတင်းသမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆုတို့ ရသည်။

၂၀၁၂-ခု ဆဋ္ဌမအကြိမ်မြောက် တော်ဘုရားလေး(အောင်ဇေ)စာပေဆုတွင် ငြိမ်းချမ်းရေးညစာ အမည်ဖြင့် ကဗျာပေါင်းချုပ်ဆု ရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သာမည (ဇူလိုင် ၂၀၁၇) "ဂုဏ်သိက္ခာဖြင့် စီးဆင်းနေသော မြစ်တစင်း"။ မိုးမခ။
  2. ဆလိုင်းသန့်စင် (၂၀၁၉ ဇန်နဝါရီ ၁၂) "မောင်အောင်ပွင့် သို့မဟုတ် ငြိမ်းချမ်းရေးကို ဆာလောင်ငတ်မွတ်ခဲ့သူ"။ ဧရာဝတီ။