အောက်ဂုစ်တုစ်
အင်ပေရာတောရ် ခိုင်ဆာရ် ဒီဗီ ဖီလီအုစ် အောက်ဂုစ်တုစ်(လက်တင်: Imperator Caesar divi filius Augustus, ၂၃ စက်တင်ဘာ ဘီစီ ၆၃ ~ ၁၉ ဩဂုတ် အေဒီ ၁၄)သည် ရောမ ဧကရာဇ်နိုင်ငံ၏ ပထမဆုံး ဧကရာဇ်(နန်းစံ: ဘီစီ ၂၇ ~ အေဒီ ၁၄)ဖြစ်သည်။ ရောမ အင်ပါယာ၏ ပထမဆုံး ဧကရာဇ်မင်းဆက် ယုလိအုစ်-ကလောက်ဒိအုစ် မင်းဆက်၏ ပထမဆုံး ဧကရာဇ်လည်း ဖြစ်သည်။ မူလအမည်မှာ ဂါယုစ် အော့က်တာဗျုစ် သူရီနုစ်(လက်တင်: Gaius Octavius Thurinus)ဖြစ်သော်လည်း ခိုင်ဆာရ်၏ မွေးစားသားအဖြစ် အသိအမှတ်ပြု ခံရပြီးနောက် ဂါယုစ် ယူလျုစ် ခိုင်ဆာရ် အော့က်တာဗျာနုစ်(လက်တင်: Gaius Julius Caesar Octavianus)ဟု ခေါ်တွင်သည်။
| အောက်ဂုစ်တုစ် (Augustus) | |
|---|---|
| ရောမဧကရာဇ် | |
ပရီမာ ပေါ်တာရှိ အောက်ဂုစ်တုစ် ရုပ်တု (အေဒီ ၁ ရာစု) | |
| ရောမအင်ပါယာ၏ ပထမဆုံး ဧကရာဇ် | |
| နန်းသက် | ၁၆ ဇန်နဝါရီ ၂၇ ဘီစီ – ၁၉ ဩဂုတ် အေဒီ ၁၄ |
| ရှေ့မင်းဆက် | မရှိ (သမ္မတနိုင်ငံမှ ပြောင်းလဲခြင်း) |
| နောက်မင်းဆက် | တီဗဲရိယုစ် (Tiberius) |
| မွေးဖွား | ဂါယုစ် အော့က်တာဗျုစ် သူရီနုစ် ၂၃ စက်တင်ဘာ ၆၃ ဘီစီ ရောမမြို့ |
| ကွယ်လွန် | ၁၉ ဩဂုတ် အေဒီ ၁၄ (အသက် ၇၅ နှစ်) နိုလာ (Nola)၊ အီတလီယာ |
| ထာဝရ အိပ်စက်ရာ နေရာ | အောက်ဂုစ်တုစ် ဂူဗိမာန်၊ ရောမမြို့ |
| အိမ်ထောင်ဖက် |
|
| သားသမီးများ | ယူလီယာ (အကြီး) |
| စံအိမ် | ယုလိအုစ်-ကလောက်ဒိအုစ် မင်းဆက် |
| ခမည်းတော် | ဂါယုစ် အော့က်တာဗျုစ် ယုလိယုစ် ခိုင်ဆာရ် (မွေးစား) |
| မယ်တော် | အာတီယာ (Atia) |
| ကိုးကွယ်မှု | ရှေးဟောင်းရောမရိုးရာဘာသာ |
၎င်းအစပျိုးခဲ့သည့် ရောမအင်ပါယာသည် နောင်နှစ်ပေါင်း ၂၀၀ ခန့်တိုင်အောင် "ရောမငြိမ်းချမ်းရေးခေတ်" (Pax Romana) အဖြစ် အင်အားကြီးမားခြင်း၊ ကြွယ်ဝခြင်းနှင့် တည်ငြိမ်အေးချမ်းခြင်း အကျိုးကျေးဇူးများကို ခံစားခဲ့ရသည်။
ငယ်ဘဝနှင့် အာဏာရရှိခြင်း
[ပြင်ဆင်ရန်]အောက်ဂုစ်တုစ်ကို ဘီစီ ၆၃ တွင် ရောမမြို့၌ ဖွားမြင်သည်။ ၎င်းသည် ယုလိယုစ် ခိုင်ဆာရ်၏ တူမတော် အာတီယာ၏ သားဖြစ်သဖြင့် ခိုင်ဆာရ်၏ မြေးတော်စပ်သူဖြစ်သည်။ ခိုင်ဆာရ်သည် ၎င်း၏အရည်အချင်းကို သဘောကျသဖြင့် သားအဖြစ်မွေးစားကာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပညာရပ်များကို သင်ကြားစေခဲ့သည်။
ဘီစီ ၄၄ တွင် ခိုင်ဆာရ် လုပ်ကြံခံရပြီးနောက် ရောမသို့ ပြန်လာကာ အမွေဆက်ခံသူအဖြစ် ရပ်တည်ခဲ့သည်။ ထိုအချိန်တွင် ဆယ်ကျော်သက်အရွယ်သာ ရှိသေးသော်လည်း ခိုင်ဆာရ်၏ တပ်သားဟောင်းများ (Legions) ၏ ထောက်ခံမှုကို ရယူနိုင်ခဲ့သည်။ ဘီစီ ၄၃ တွင် မာကုစ် အန်တိုနီယုစ် (Mark Antony)၊ မာကုစ် အေမီလီယုစ် လေပီဒုစ် တို့နှင့်အတူ "ဒုတိယ သုံးဦးအုပ်ချုပ်ရေးအဖွဲ့" (Second Triumvirate) ကို ဖွဲ့စည်းကာ ပြိုင်ဘက်များကို နှိမ်နင်းခဲ့သည်။[၁]
အန်တိုနီယုစ်နှင့် တိုက်ခိုက်ခြင်း
[ပြင်ဆင်ရန်]အရှေ့ဘက်ခြမ်းကို အုပ်ချုပ်သော မာကုစ် အန်တိုနီယုစ်သည် အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာနှင့် ပတ်သက်နေစဉ်အတွင်း အောက်ဂုစ်တုစ်သည် မိမိ၏ အာဏာကို ခိုင်မာအောင် တည်ဆောက်ခဲ့သည်။ ဘီစီ ၃၁ တွင် ဖြစ်ပွားသော အက်တီယမ်တိုက်ပွဲ (Battle of Actium) ၌ အန်တိုနီယုစ်နှင့် ကလီယိုပတ်ထရာတို့၏ တပ်များကို အပြတ်အသတ် အောင်နိုင်ခဲ့သည်။ ထိုအောင်ပွဲဖြင့် အောက်ဂုစ်တုစ်သည် ရောမကမ္ဘာ၏ တစ်ဦးတည်းသော အရှင်သခင် ဖြစ်လာခဲ့သည်။
အုပ်ချုပ်သူဘဝနှင့် စွမ်းဆောင်ချက်များ
[ပြင်ဆင်ရန်]ဘီစီ ၂၇ တွင် အောက်ဂုစ်တုစ်သည် မိမိရရှိထားသော အာဏာများကို လွှတ်တော် (Senate) သို့ ပြန်လည်အပ်နှံဟန်ပြုကာ သမ္မတနိုင်ငံကို ပြန်လည်ထူထောင်ပေးမည်ဟု ကြေညာခဲ့သည်။ သို့သော် လွှတ်တော်က ၎င်းအား "အောက်ဂုစ်တုစ်" (Augustus - ဘုန်းတန်ခိုးကြီးမားသူ) ဘွဲ့နှင့် "ပရင်ကက်ပ်စ်" (Princeps - ထိပ်ဆုံးက ပြည်သူ) ဘွဲ့များကို အပ်နှင်းခဲ့သဖြင့် အမည်ခံသမ္မတစနစ်အောက်တွင် တစ်ဦးတည်းသော အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သည်။
၎င်း၏ အဓိက စွမ်းဆောင်ချက်များမှာ-
- ပြည်သူ့ဝန်ထမ်းစနစ်: အခွန်ကောက်ခံပုံနှင့် ဘဏ္ဍာရေးစနစ်ကို ပြုပြင်ပြောင်းလဲကာ ခိုင်မာသော အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ခဲ့သည်။
- အမြဲတမ်းစစ်တပ်: ရောမစစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီး ဧကရာဇ်၏ ကိုံယ်ရံတော်တပ်ဖွဲ့ (Praetorian Guard) ကို ဖွဲ့စည်းခဲ့သည်။
- အခြေခံအဆောက်အအုံ: လမ်းမကြီးများ၊ ရေသွယ်ပြွန်များနှင့် တံတားများစွာကို ဖောက်လုပ်ခဲ့သည်။ "အုတ်ဖြင့်တည်ဆောက်ထားသော ရောမမြို့ကို ကျောက်စိမ်းဖြင့် မွမ်းမံခဲ့သည်" ဟုပင် ဆိုစမှတ်ပြုကြသည်။
- စာပေနှင့်အနုပညာ: ဗာဂျေး (Virgil)၊ ဟောရေ့စ် (Horace) နှင့် လီဗီ (Livy) ကဲ့သို့သော ကျော်ကြားသော စာဆိုများ ပေါ်ထွန်းခဲ့ပြီး ရောမစာပေ၏ ရွှေခေတ်ကို ထူထောင်နိုင်ခဲ့သည်။[၂]
ဘဝနိဂုံး
[ပြင်ဆင်ရန်]အောက်ဂုစ်တုစ်သည် အေဒီ ၁၄ တွင် အီတလီယာ၊ နိုလာမြို့၌ ကွယ်လွန်ခဲ့သည်။ ၎င်းတွင် သားယောက်ျား မရှိသဖြင့် ဇနီးဖြစ်သူ လိဗီယာ၏ သားဖြစ်သော တီဗဲရိယုစ် (Tiberius) ကို မွေးစားကာ အရိုက်အရာ ဆက်ခံစေခဲ့သည်။ ၎င်းစတင်ခဲ့သော အင်ပါယာစနစ်သည် နောင်ရာစုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့သည်။ အောက်ဂုစ်တုစ် လက်ထက်တွင် ပါလက်စတိုင်းဒေသ၌ ခရစ်တော် ယေရှု ဖွားမြင်ခဲ့သည်မှာလည်း ထူးခြားချက်တစ်ရပ် ဖြစ်သည်။[၃]
ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]- ↑ Augustus Caesar။ History.com။ 2026-05-02 တွင် ပြန်စစ်ပြီး။
- ↑ သန်းထွန်း၊ ဒေါက်တာ (၂၀၀၂)။ ကျော်စွာ ၁၀၀။ ရာပြည့်စာအုပ်တိုက်။
- ↑ မြန်မာ့စွယ်စုံကျမ်း။ ၁၅။ စာပေဗိမာန်။