မာတိကာသို့ ခုန်သွားရန်

အေဂျီးယန် ယဉ်ကျေးမှု

ဝီကီပီးဒီးယား မှ
အေဂျီးယန်ယဉ်ကျေးမှု
Aegean civilization
အေဂျီးယန် ပင်လယ်ဒေသနှင့် ဆက်စပ်နေသော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
တည်နေရာအေဂျီးယန်ပင်လယ်ကရိကျွန်း၊ ဂရိကျွန်းဆွယ်၊ အာရှမိုင်းနား
ဒေသမြေထဲပင်လယ် အရှေ့မြောက်ပိုင်း
အမျိုးအစားရှေးဟောင်းမြို့ပြ ယဉ်ကျေးမှုနယ်မြေ
တစ်စိတ်တစ်ပိုင်း ဖြစ်သည်မှာဥရောပတိုက် ယဉ်ကျေးမှု၏ မူလအစ
သမိုင်းကြောင်း
တည်ဆောက်သူကရိကျွန်းသားများ၊ မီနိုယန်နှင့် မိုင်စီးနီးယန်း အနွယ်များ
တည်ဆောက်ပစ္စည်းထုံးကျောက်၊ ဂျစ်ပဆမ်ကျောက်၊ နေလှန်းအုတ်
စွန့်ခွာခြင်းဘီစီ ၁ဝဝဝ ခန့် (ရှေးဦးဂရိလူမျိုးများ ကျူးကျော်မှုကြောင့် ပျက်သုဉ်း)
ကာလအပိုင်းအခြားကြေးသတ္တုခေတ် (Bronze Age)
ယဉ်ကျေးမှုများမီနိုယန်ယဉ်ကျေးမှု (Minoan)၊ မိုင်စီးနီးယန်းယဉ်ကျေးမှု (Mycenaean)
ဖြစ်ရပ်များဂျာမန်အမျိုးသား ဟိုင်းနရစ် ရှလီးမန်း (၁၈၇ဝ) နှင့် အင်္ဂလိပ်အမျိုးသား ဆာအာသာ အက်ဗင် (၁၉ဝဝ) တို့က ပြန်လည်တူးဖော်ခဲ့သည်။
ဆိုဒ်မှတ်ချက်များ
တူးဖော်သည့်ရက်နော့ဆပ် (Knossos)၊ မိုင်စီးနီး (Mycenae)၊ ထရွိုင်း (Troy)၊ တိုင်ရင်း (Tiryns)
ဥရောပတိုက်တွင် ရေပိုက်စနစ်နှင့် အုတ်တိုက်များကို ကနဦးဆုံး အသုံးပြုခဲ့သည့် အဆင့်မြင့်ရှေးဟောင်းယဉ်ကျေးမှု ဖြစ်သည်။

အေဂျီးယန်ယဉ်ကျေးမှု (အင်္ဂလိပ်: Aegean civilization) သည် မြေထဲပင်လယ် အရှေ့မြောက်ပိုင်း အေဂျီးယန်ပင်လယ်အတွင်းရှိ ကျွန်းများနှင့် ဝန်းကျင်ဒေသများတွင် ထွန်းကားခဲ့သော ယဉ်ကျေးမှုတစ်ခု ဖြစ်ပြီး၊ ၎င်းသည် ဥရောပတိုက် ယဉ်ကျေးမှု စတင်ပေါက်ပွားရာ မူလဒေသလည်း ဖြစ်သည်။ အေဂျီးယန်ပင်လယ်တွင်းရှိ ကျွန်းကြီးကျွန်းငယ်တို့သည် အာရှတိုက်နှင့် ဥရောပတိုက်တို့အကြားတွင် သဘာဝပေါင်းကူးတံတားသဖွယ် တည်ရှိနေကြသဖြင့်၊ လွန်ခဲ့သော နှစ်ပေါင်း ၅,ဝဝဝ ကျော်ကတည်းက ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက်တို့နှင့် ကူးသန်းရောင်းဝယ်ရေးအပြင် သမိုင်းကြောင်းအရပါ နက်ရှိုင်းစွာ ဆက်စပ်လျက် ရှိခဲ့သည်။

ကရိကျွန်းနှင့် သတ္တုခေတ် ကုန်သွယ်ရေး

[ပြင်ဆင်ရန်]

အေဂျီးယန်ပင်လယ်အတွင်းရှိ ကျွန်းများအနက် ကရိကျွန်း (Crete) သည် အကြီးဆုံးကျွန်း ဖြစ်သည်။ ကရိကျွန်းတွင် ရှေးဦးနေထိုင်သော တိုင်းရင်းသားတို့သည် အရပ်ပု၍ အသားညိုကြပြီး ပင်လယ်တွင်း၌ လှေ၊ သင်္ဘောများဖြင့် လှည့်လည်သွားလာကာ ပတ်ဝန်းကျင်တိုင်းပြည်များနှင့် ကူးလူးဆက်ဆံခဲ့ကြသည်။ ၎င်းတို့သည် တိုးတက်လျက်ရှိသော အီဂျစ်ပြည်နှင့် ကုန်သွယ်မှုပြုရာမှတစ်ဆင့် ဘီစီ ၃,ဝဝဝ ပြည့်နှစ်ခန့်မှစ၍ အီဂျစ်ယဉ်ကျေးမှုကို လက်ခံရရှိခဲ့ပြီး၊ ဘီစီ ၂,ဝဝဝ ပြည့်နှစ်သို့ ရောက်သောအခါ အဆင့်အတန်းမြင့်မားသော ယဉ်ကျေးမှုအဆင့်သို့ ရောက်ရှိလာခဲ့ကြသည်။

კရိကျွန်းသားတို့သည် ဘီစီ ၃,၅ဝဝ ပြည့်နှစ်ခန့်ကတည်းက ကြေးနီနှင့် ကြေးညိုသတ္တုများကို အသုံးချတတ်နေပြီ ဖြစ်သည်။ ၎င်းတို့သည် အနီးအနားရှိ စိုက်ပရပ်ကျွန်းမှ ကြေးနီကိုလည်းကောင်း၊ ဥရောပတိုက်ဘက်မှ သံဖြူကိုလည်းကောင်း ရရှိကြသဖြင့် ကရိကျွန်းသည် သတ္တုကုန်သွယ်ရေးအတွက် ဗဟိုဌာန ဖြစ်လာခဲ့သည်။ ထို့ပြင် လှော်တက်နှင့် ရွက်နှစ်မျိုးစလုံးပါဝင်သည့် "ဂယ်လီ" (Galley) ခေါ် သင်္ဘောများကို တီထွင်ခဲ့ကြပြီး၊ မိမိတို့၏ ကုန်သွယ်မှုကို ကာကွယ်ရန် သင်္ဘောတပ်များကိုပါ တည်ဆောက်ခဲ့ကြသည်။

နေထိုင်မှုအဆင့်အတန်းနှင့် မီနိုဘုရင်များ ခေတ်

[ပြင်ဆင်ရန်]

ရှေးနှစ်ပေါင်း ၅,ဝဝဝ ကျော်က ဥရောပတိုက်သားအများစု လူနေမှုအောက်ကျနောက်ကျ ရှိနေချိန်တွင် ဂရိကျွန်းသားများသည် ပြတင်းပေါက်များပါဝင်သည့် နေလှန်းအုတ်တိုက်များဖြင့် နေထိုင်နေကြပြီ ဖြစ်သည်။ ကြီးကျယ်သော အဆောက်အအုံများကို ထုံးကျောက် သို့မဟုတ် ဂျစ်ပဆမ်ကျောက်တို့ဖြင့် ဆောက်လုပ်ခဲ့ကြပြီး နန်းတော်များတွင် ရေပိုက်များပင် တပ်ဆင်ခဲ့ကြသည်။ အထူးသဖြင့် မီနိုဘုရင်များ (Minoan) ခေတ်တွင် ကရိယဉ်ကျေးမှုသည် အေဂျီးယန်ပင်လယ်တစ်ခုလုံးတွင် လွှမ်းမိုးပြန့်နှံ့ခဲ့ပြီး အခြားလက်အောက်ခံနယ်များက ထိုဘုရင်များထံ အခွန်ဘဏ္ဍာ ဆက်သခဲ့ကြရသည်။

ဂရိကျွန်းဆွယ်နှင့် အာရှမိုင်းနားသို့ ပြန့်ပွားခြင်း

[ပြင်ဆင်ရန်]

ဘီစီ ၁,၆ဝဝ ပြည့်နှစ်တွင် အေဂျီးယန်ယဉ်ကျေးမှုသည် ဂရိကျွန်းဆွယ်ပေါ်သို့ စတင်ရောက်ရှိလာခဲ့သည်။ အစဦး၌ အားဂေါ့၊ မိုင်စီးနီး နှင့် တိုင်ရင်း စသည့် ဂရိမြို့များသည် ဂရိကုန်သည်များထံမှ ကုန်ပစ္စည်းများကို ဝယ်ယူခဲ့ကြရာမှ၊ နောက်ပိုင်းတွင် အတုယူကာ မိမိတို့၏ အိုးခွက်နှင့် နေအိမ်အဆောက်အအုံများကို တိုးတက်အောင် တီထွင်လာခဲ့ကြသည်။ မိုင်စီးနီးနှင့် တိုင်ရင်းမြို့များ ကြီးပွားစည်ကားခဲ့သော ဘီစီ ၁,၅ဝဝ မှ ၁,၂ဝဝ အချိန်ကာလကို "မိုင်စီးနီးယန်းခေတ်" (Mycenaean period) ဟု ခေါ်ဆိုကြသည်။ ထိုယဉ်ကျေးမှုသည် ဂရိကျွန်းဆွယ်တစ်ခုလုံးအပြင် အနောက်ဘက် စစ္စလီကျွန်းအီတလီနှင့် စပိန်နိုင်ငံများသို့အထိ ပြန့်နှံ့သွားခဲ့သည်။

အာရှမိုင်းနား (Asia Minor) ဘက်တွင်လည်း အလားတူယဉ်ကျေးမှုမျိုး ထွန်းကားခဲ့ရာ အနောက်မြောက်ထောင့်ရှိ ထရွိုင်းမြို့ (Troy) သည် အချက်အချာဌာန ဖြစ်ခဲ့သည်။ ထရွိုင်းမြို့သည် ဘီစီ ၂,၅ဝဝ ပြည့်နှစ်တွင် ကရိကျွန်း၏မြို့တော် နော့ဆပ် (Knossos) မြို့နှင့်အပြိုင် စည်ကားခဲ့ပြီး၊ နောင်နှစ်ပေါင်း ၁,ဝဝဝ အတွင်း ကျယ်ပြန့်သောနိုင်ငံကို ကြီးစိုးသည့် မြို့တော်ကြီး ဖြစ်လာခဲ့သည်။

ယဉ်ကျေးမှု ပျက်သုဉ်းခြင်းနှင့် ပြန်လည်ဖော်ထုတ်နိုင်မှု

[ပြင်ဆင်ရန်]

ဘီစီ ၁,ဝဝဝ ခန့် တွင် သံသတ္တုကို အသုံးချတတ်သည့် ရှေးဦးဂရိလူမျိုးများ မြောက်ဘက်မှ တစ်သုတ်ပြီးတစ်သုတ် ဆင်းလာခဲ့ကြသည်။ ထိုသူတို့သည် အရိုင်းအစိုင်းဘဝတွင် ရှိကြသေးသဖြင့် ၎င်းတို့၏ လက်ချက်ကြောင့် ခန်းနားကြီးကျယ်ခဲ့သော မိုင်စီးနီး၊ ထရွိုင်းနှင့် နော့ဆပ်နိုင်ငံကြီးများနှင့်အတူ အေဂျီးယန်ယဉ်ကျေးမှုသည်လည်း ပျက်သုဉ်းကာ မထင်မရှားသာ ကျန်ရစ်ခဲ့တော့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ ဝန်းကျင်ခန့်မှသာ အေဂျီးယန်ယဉ်ကျေးမှုကို အေဒီ ၁၈၇ဝ ဂျာမန်အမျိုးသား ဟိုင်းနရစ် ရှလီးမန်း (Heinrich Schliemann) က ထရွိုင်းမြို့ဟောင်းနေရာ၊ မိုင်စီးနီးမြို့နှင့် တိုင်ရင်းမြို့တို့ကို တူးဖော်ပြီး ယဉ်ကျေးမှုလက်ရာများကို စတင်ဖော်ထုတ်ခဲ့သည်။အေဒီ ၁၉ဝဝ အင်္ဂလိပ်အမျိုးသား ဆာအာသာ အက်ဗင် (Sir Arthur Evans) က ကရိကျွန်းရှိ နော့ဆပ်မြို့တော်နှင့် ဖီးစတပ်မြို့ဟောင်းနေရာများကို တူးဖော်ခဲ့သည်။

ရှေးဟောင်းသုတေသန တွေ့ရှိချက်များ

[ပြင်ဆင်ရန်]

တူးဖော်မှုများအရ ကျောက်လမ်းခင်းမြို့ကြီးများ၊ ခံတပ်များ၊ ရေပိုက်၊ ရေဆင်းမြောင်းနှင့် ရေချိုးခန်းများကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် ရုပ်တုများ၊ လက်နက်များ၊ အိုးခွက်များနှင့်အတူ နံရံဆေးရေးပန်းချီများတွင် လူနှင့်နွား ယှဉ်ပြိုင်ကစားပုံ၊ ပွဲလမ်းသဘင် ချီတက်ပုံနှင့် ဘားဂျွန်းကစားပုံ စသည့် အဆင့်မြင့်အနုပညာ လက်ရာများကို တွေ့ရှိခဲ့ရသည်။ ရွှံ့ပြားပေါ်တွင် ရေးသားထားသော စာများကိုလည်း တူးဖော်ရရှိခဲ့သော်လည်း ယနေ့တိုင် ထိုစာများကို ဖတ်ရှုနိုင်ခြင်း မရှိသေးပေ။

ကိုးကား

[ပြင်ဆင်ရန်]