အုန်းခင်၊ ဦး (မိုးကြိုး)

ဝီကီပီးဒီးယား မှ
သတင်းစာဆရာကြီး မိုးကြိုး ဦးအုန်းခင် (၁၉၀၃-၁၉၈၉)

သတင်းစာဆရာကြီး မိုးကြိုးဦးအုန်းခင် (ခရစ် ၁၉၀၃-၁၉၈၉) ကို ၁၉၀၃ ခုနှစ်စက်တင်ဘာလ (၂၀) နေ့တွင် ပန်းတနော်မြို့နယ် မင်းတစုရွာ၌အဖ ဦးဖိုးလှိုင်၊ အမိ ဒေါ်စံပယ် တို့မှ မွေးဖွားသည်။ မအူပင်မြို့ အစိုးရအထက်တန်းကျောင်းမှ ၁၉၂၀ ပြည့်နှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ ယင်းကျောင်းမှ ဆယ်တန်းကိုအောင်မြင်ခဲ့ရာ အစိုးရစကောလားရှစ်ဆုရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဥပစာသိပ္ပံအထက်တန်းအထိ ပညာသင်ယူခဲ့သည်။

၁၉၃၀ ပြည့်နှစ် တို့ဗမာအစည်းအရုံးတွင် သခင်ဘသောင်း၊ သခင်လှဘော်တို့နှင့်အတူ တာဝန်ယူခဲ့သည်။ ၁၉၃၂ခုနှစ်တွင် ကာယဗလဦးရှိန်၊ ဦးဇော်ဝိတ်တို့နှင့်အတူ ကျန်းမာရေးအတွက် ခြေလျင်လျှောက်ခြင်း ပြုလုပ်ကြရန် နှိုးဆော်ရာ၌ပါဝင်ခဲ့၍ ခြေလျင် ဦးအုန်းခင် ဟု အမည်တွင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် နဂါးနီစာအုပ်တိုက်၌ မန်နေးဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် ‘ဗမာ့ခေတ်’ သတင်းစာကို စတင်တည်ထောင်ပြီး ၁၉၆၁ ခုနှစ်အထိ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဗမာ့ခေတ်ဦးအုန်းခင် ဟုလည်း လူသိများခဲ့သည်။

၁၉၆၁ ခုနှစ်ထွက် ‘မိုးကြိုး’ သတင်းစာကို စတင်တည်ထောင်ပြီး ၁၉၆၄ ခုနှစ်အထိအယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ မိုးကြိုးဦးအုန်းခင်သည် ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ ၁၉⁠၉၀