အုတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
A single brick
A wall constructed in glazed-headed Flemish bond with bricks of various shades and lengths
Raw (green) Indian brick

ရှေးခေတ်က အဆောက်အအုံဆောက်လုပ်ရာ၌ အသုံးပြုခဲ့သော အုတ်များကို ယခုခေတ်မှာ ကဲ့သို့ပင် မြေစေးမှ ဖုတ်လုပ်ခဲ့ကြသည်။ သို့သော် ထိုခေတ်က အုတ်များမှာ ရှည်၍ ပါးပြီးလျှင် မျက်နှာပြင်မညီညာသည့်အပြင် များသောအားဖြင့် ကောင်းစွာလည်း မကျက်ချေ။ ယခုခေတ်တွင် ကျွနု်ပ်တို့ အသုံးပြုလျက်ရှိသော အုတ်များမှာမူ အမျိုးမျိုး အစားစားရှိကြ သော်လည်း ဖုတ်ရာ၌ ကောင်းစွာကျက်ရုံမက သတ္တိအားဖြင့် လည်းကောင်း ခိုင်ခံ့သည်။ အရွယ်အားဖြင့်လည်းကောင်း တညီ တည်းဖြစ်ကြလေသည်။

အုတ်လုပ်ရန် အသုံးပြုသည့်မြေစေးမှာ မြေစေးချည်း သက်သက်မဟုတ်ချေ။ မြေစေးသက်သက်တွင် မီးနှင့်တွေ့က အရည်ပျော်သောပစ္စည်းမျိုးအလုံအလောက်မပါသဖြင့် အုတ်ဖုတ် သောအခါ အုတ်ကောင်းကို မရနိုင်ပေ။ မြေစေး၊ သဲနှင့် အခြားတွင်းထွက်ပစ္စည်းများ ရောနှောပါရှိသော အုတ်မြေမျိုးမှ သာလျှင် အုတ်ကောင်းကိုရနိုင်သည်။ အုတ်မြေတွင် ထုံး ကျောက်ပါရှိလျှင် အုတ်ဖြစ်ပြီးသောအခါ ကြွေလွယ်တတ်၏။ မြေဖြူပါရှိပါမူကား မြေဖြူသည် မီးဖုတ်စဉ် အရည်ပျော်ပြီး နောက် မြေစေးနှင့်ပေါင်းစပ်သွားသည့်အတွက် အလွန်ခိုင်မာ သော အုတ်မျိုးကို ရရှိနိုင်သည်။ အုတ်မြေသည် တစ်ခါတစ်ရံ သာမန်မြေကြီးနှင့်ဆင်တူ၍၊ တစ်ခါတစ်ရံ ရွှံ့ကဲ့သို့ ပျော့ပျောင်း စေးကပ်နေတတ်သည်။ တစ်ခါတစ်ရံတွင်လည်း ကျောက်နှင့် မခြား မာကျော၍နေတတ်ပေသည်။ သို့ရာတွင် သင့်တော်သော အုတ်မြေကို ကမ္ဘာပေါ်၌ နေရာအနှံ့အပြားမှာ တွေ့ရှိရသည့် အတိုင်း အနိုင်နိုင်ငံမှာပင် ကုမ္ပဏီပေါင်းမြောက်မြားစွာ တည် ထောင်ပြီးနောက် အုတ်လုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင် လျက် ရှိကြပေသည်။

အုတ်သည် သာမန်အဆောက်အအုံသုံး ပစ္စည်းမျှသာ ဖြစ်သည်ဟုဆိုရသော်လည်း သမိုင်းအရလည်းကောင်း၊ အတတ် ပညာအရလည်းကောင်း၊ သုခုမပညာအရလည်းကောင်း အလွန် မှတ်သားဖွယ်ကောင်းသော ပစ္စည်းတစ်ခုဖြစ်၏။ ကမ္ဘာ့သမိုင်းကို နောက်ကြောင်းပြန်ကြည့်လျှင် အုတ်ကို လူတို့သည် ယဉ်ကျေးမှု အစပျိုးသည့် အချိန်က စတင်သုံးစွဲခဲ့ ကြောင်းတွေ့ရ၍ ရှေးက အဆောက်အအုံတည်ဆောက်ခဲ့သော အုတ်များပေါ်၌ စာများကိုပင် ထွင်းထုရေးမှတ်ထားခဲ့ကြသဖြင့် အလွန်အဖိုးတန်လေသည်။ ဘက်ဘီလုံးနီးယားနိုင်ငံမှ တူးဖော် ရရှိသော အုတ်ချပ်များပေါ်၌ ရှေးနှစ်ပေါင်း ၆ဝဝဝ ကျော်က နေထိုင်ခဲ့ကြသည့် ဘက်ဘီလုံးလူမျိုးတို့၏ မှတ်တမ်းများကိုတွေ့ ရ၏။ ရှေးက ဆူးမားနိုင်ငံနှင့်တကွ အဆီးရီးယား၊ အီဂျစ် နိုင်ငံတို့မှလည်းရှေးနှစ်ပေါင်း ၅ယဝဝဝ ကျော် ၆ယဝဝဝ နီးပါးက ပြုလုပ်တည်ဆောက်ခဲ့ကြသော အုတ်များကို တွေ့ရသည်။

ထိုအုတ်များနှင့်စာသော် ခရစ်နှစ်အစနားလောက်တွင် ရောမလူမျိုးတို့ တည်ဆောက်ရာ၌ အသုံးပြုခဲ့သော အုတ်များ နှင့် တရုတ်နိုင်ငံရှိ တံတိုင်းကြီးအတွက် တရုတ်လူမျိုးတို့ ပြုလုပ်ခဲ့သော အုတ်များမှာ အတော်ပင် ခေတ်နောက်ကျ၍ နေပေသေးသည်။ ထိုကဲ့သို့ ယဉ်ကျေးမှုစချိန်မှ ရောမခေတ် အထိ အလွန်တိုးတက်ခဲ့သော အုတ်လုပ်ငန်းမှာ ရောမခေတ် ပျက်သုဉ်းသွားသောအခါ ဥရောပတိုက်မှ ကွယ်ပျောက်သွားခဲ့ လေသည်။

ရှေးက အုတ်များကို အမျိုးမျိုးပြုလုပ်အသုံးချခဲ့ကြ သော်လည်း အုတ်များကို မီးနှင့်မဖုတ်ဘဲ နေတွင် အခြောက် လှမ်းနည်းဖြင့် သာလျှင် ပြုလုပ်လေ့ရှိကြသည်။ ပြုလုပ်ရာတွင် မြေစေးကို ရှေးဦးစွာ သင့်တော်အောင် ပြုပြင်ပြီးနောက် အုတ်ပုံ သွင်း၍ ပထမလေသလပ်ခံပေးသည်။ အနည်းငယ် ခြောက်သွား သောအခါကျမှသာ နေတွင် အခြောက်လှမ်းပေးရသည်။ ဤသို့ နေလှမ်းသောအခါ ကျုံ့ဝင်သည့်အတွက် များသောအားဖြင့် အက်သွားလေ့ရှိသည်။ ထို့ကြောင့် ဤသို့အက် မသွားစေရန် အီဂျစ်လူမျိုးတို့က မြေစေးတွင် ကျူ၊ သို့မဟုတ် ကောက်ရိုးများ ကိုစင်း၍ ရောပေးလေ့ရှိကြ၏။ နေလှမ်းအုတ်များတွင် မြေစေး မှုန့်တို့သည် တစ်ခုနှင့်တစ်ခု ခိုင်ခန့်စွာဖွဲ့စည်း နေခြင်းမရှိ သဖြင့် စိုထိုင်းသောရာသီဥတုဒဏ်ကို တာရှည်မခံနိုင်ဘဲ ကြေမွ ၍သွားတတ်သည်။ ထို့ကြောင့် အီဂျစ်နိုင်ငံ နိုင်းမြစ်ကမ်းပေါ်၌ ဆောက်လုပ်ထားခဲ့သော အဆောက်အအုံများသည် ယနေ့အထိ တည်တံ့ခိုင်မြဲခြင်းမရှိပဲ ပြိုလဲပျက်စီးခဲ့ကြရလေသည်။ ဘက်ဘီ လုံး တံတိုင်းကြီးနှင့်တကွ အခြားအဆောက် အအုံများတွင်မူ မီးဖုတ်အုတ်ရော၊ နေလှမ်းအုတ်များကိုပါ အသုံးပြုခဲ့သည်။ ထို့ကြောင့် ဘက်ဘီလုံးမြို့တော်ကြီး ပျက်စီး သွားသည့်တိုင် အောင် အကောင်းပကတိ ကျန်နေခဲ့သော မီးဖုတ်အုတ်များကို ထုတ်ယူ၍ ခေတ်မီမြို့ပြများကို တည်ဆောက်နိုင်ခဲ့ လေသည်။ ရှေးက အုတ်တစ်ချပ်စီကို သစ်သားပုံစံခွက်တွင် လက်ဖြင့် ပုံသွင်းပြုလုပ်ခဲ့ကြရာမှ ၁၉ ရာစုနှစ် အလယ်လောက်သို့ ရောက်သောအခါ စက်ဖြင့် လျှင်မြန်စွာပြုလုပ်နိုင်သော ခေတ်မီ နည်းများ ပေါ်ပေါက်လာသည်။ အထူးသဖြင့် အင်္ဂလန်ပြည်တွင် အဆောက်အအုံများဆောက်လုပ်ရန် သစ်ဝါးလည်းမလုံလောက်၊ ကျောက်များလည်း ရှားပါးသည့်အတွက် အုတ်လုပ်ငန်းမှာ အကြီးအကျယ် တိုးတက်ခဲ့လေသည်။

အုတ်လုပ်နိုင်သည့် အုတ်မြေမျိုးကို ကမ္ဘာအနှံ့အပြား မှာပင် တွေ့နိုင်သော်လည်း ထိုမြေကို အစိမ်းအတိုင်း အုတ်လုပ် ၍မရသေး။ သင့်တော်အောင် ပထမပြုပင်ပေးရန် လိုပေသည်။ ယခုခေတ် ကြီးကျယ်သော အုတ်လုပ်ငန်းများတွင် အုတ်မြေများ ကို ရှေးဦးစွာ ကျင်းများမှ မြေတူးစက်ကြီးများဖြင့် တူးဖော်ယူ သည်။ ထို့နောက် အုတ်မြေတွင် ရေနှင့်သဲကို လိုသမျှရောထည့် ၍ ရွှံ့နယ်စက်များဖြင့် သမအောင်နယ်ပေးရ၏။ တစ်ခါ တစ်ရံတွင်မူ အုတ်မြေမှာ စေးကပ်လွန်းသည့်အတွက် ရွှံ့နယ် စက်ဖြင့် လွယ်ကူစွာနယ်၍မရအောင် ရှိတတ်ရာ ထိုအခါမျိုး တွင် အုတ်မြေကို ကြိတ်စက်များဖြင့် ပထမကြိတ်ပေးရလေ သည်။ မြေစေးသမလာသောအခါ ရွှံ့နယ်စက်တွင် အုတ်ချပ်၏ အနံနှင့် ပြက်အရွယ်အတိုင်း ဖောက်ထားသောအပေါက်မှ မြေစေးတုံးအတောင့်ရှည်ကြီးများကို စက်ဖြင့်ည|စ်ထုတ်ပေးသည်။ ထိုမြေစေးတောင့်ကို တစ်ဖန် နန်းကြိုးများတပ်ဆင်ထားသော ဖြတ်စက်ဖြင့် အရွယ်တော်အုတ်ချပ်များရအောင် ဖြတ်တောက် ပေးရပြန်သည်။

အခြားသောအုတ်လုပ်နည်း တစ်နည်းတွင်မူ မြေစေးတွင် ရေကိုစိုစွတ်ရုံလောက် အနည်းငယ်သာရောပေးရ၍ အထက်တွင် ဖော်ပြထားသည့်အတိုင်း သမအောင်နယ်ပြီးသောအခါ သံမဏိ ပုံစံခွက်များတွင် ကြီးမားသောဖိအားဖြင့် ပုံသွင်း ပြုလုပ်ယူ လေသည်။ အချို့စက်မှာအလွန်လျင်မြန်၍ တစ်နေ့ အတွင်း အုတ်ချပ်ရေ သုံးသိန်းအထိပင် ပြုလုပ်နိုင်သည်ဟု သိရလေ သည်။

အဆိုပါအုတ်စိမ်းများကို မီးဖုတ်၍မရသေးချေ။ အစိမ်းလိုက် မီးဖုတ်က အက်ကွဲသွားတတ်သည်။ ထို့ကြောင့် မီးမဖုတ်မီ အနေတော်ခြောက်သွေ့အောင် အခြောက်ခံပေးရသေး၏။ ထို့အတွက် အချို့က ရေနွေးငွေ့နှင့်ဖြစ်စေ အပူတိုက်ပေး ထားသော အခြောက်ခံရုံကြီးများတွင်ဖြစ်စေ ရက်အနည်းငယ်မျှ အခြောက်ခံပေးသည်။ အချို့က အုတ်စိမ်းများကို အုတ်တင်ခုံ အရှင်ပေါ်တွင်တင်၍ အပူတိုက်ပေးထားသော ဥမင်အတွင်း ဖြတ်သွားစေသည်။ ဒုတိယနည်းမှာ ပထမနည်းထက်မြန်၍ ၂၄ နာရီမှ နာရီ ၄ဝ အတွင်း ပြီးစီးနိုင်သည်။ တစ်ခါတစ်ရံ အကာအရံမရှိသော ကွင်းပြင်တွင် လေသလပ်ခံ၊ နေပူခံ၍ အခြောက်ခံပေးသည့် အခါမျိုးလည်းရှိ၏။ ထို့နောက်တွင်ကား အုတ်ဖုတ်သည့်ဖိုကြီးများ၌ အုတ်များကို အစီအရီထပ်ဆင့်၍ ဖုတ်ပေးရန်သာ ကျန်တော့သည်။

အုတ်ဖုတ်သည့်ဖိုများမှာ အမျိုးမျိုးရှိ၍ အုတ်ဖုတ်ရာ၌ ဖာရင်ဟိုက်ဒီဂရီ အပူချိန် ၂ဝဝဝ ခန့်လောက်အထိ ပူလာ အောင် တဖြည်းဖြည်း အပူတိုက်ပေးရသည်။ ဖုတ်ပြီးလျှင်လည်း တဖြည်းဖြည်းအေးစေရသည်။ သာမန်အုတ်မျိုးဖြစ်က နီရဲလာ သည်အထိ အပူတိုက်ပေးရ၍ မီးခံအုတ်မျိုးဖြစ်က အဖြူရောင် ထွက်လာသည်အထိ အပူတိုက်ပေးရလေသည်။ အုတ်တို့၏အရောင်မှာ အုတ်မြေတွင်ပါဝင်သောပစ္စည်း များကိုလိုက်၍ ကွဲပြားတတ်လေသည်။ မြေဖြူပါရှိသောအုတ် ဖြစ်က ဖြူနေတတ်၍ သံဓာတ်ပါရှိသောအုတ်ဖြစ်က တစ်ခါ တစ်ရံ အနီရောင်သော်လည်းကောင်း၊ နက်ပြာရောင်သော်လည်း ကောင်း ဖြစ်နေတတ်သည်။ ကျောက်မီးသွေးကြောမှ တူးဖော် ရရှိသော မြေစေးဖြင့် ပြုလုပ်သည့် အုတ်တစ်မျိုးမှာမူ အဝါ ရောင်ဖြစ်လေသည်။

အုတ်များတွင် သာမန်အဆောက်အအုံသုံး ရိုးရိုးအုတ် မျိုးအပြင် မီးခံအုတ်၊ လမ်းခင်းအုတ်၊ ကြွေရောင်တင်အုတ်၊ မျက်နှာစာအုတ်စသည်ဖြင့် အမျိုးမျိုးရှိသေး၏။ မီးခံအုတ်သည် ပြင်းထန်သောဒဏ်ကိုခံနိုင်၍ ယင်းတို့ကို လေပြင်းဖိုကဲ့သို့သော မီးဖိုများဆောက်လုပ်ရာ၌ အသုံးပြုသည်။ လမ်းခင်းအုတ်များ သည် အလွန်ခိုင်ခံ့မာကျော၍ ကြီးမားသောဖိအားကို ခံနိုင်ရည် ရှိသည်။ မျက်နှာစာအုတ်သည် ရိုးရိုးအုတ်မျိုးထက် အရွယ် လည်းညီညာ၊ အရောင်လည်းသာလွန်ကောင်းမွန်၍ ယင်းတို့ကို များသောအားဖြင့် အဆောက်အအုံ အပြင်ဘက်မျက်နှာစာတွင် စီခင်းရန် အသုံးပြုရသည်။ ကြွေရောင်တင်အုတ်တွင် ကြွေ ရောင်တင်လိုသည့် မျက်နှာပေါ်၌ ကြွေဆေးမှုန့်တစ်မျိုးကို ဖြူးပေးပြီးမှ ဖုတ်ယူသည်။ မီးနှင့်တွေ့သောအခါ ကြွေဆေးမှုန့် အရည်ပျော်၍ အုတ်ချပ်၏မျက်နှာပြင်ပေါ်၌ ကြွေရောင်စွဲထင် သွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)