အီးဆင်းမ်

eSIM (Embedded Subscriber Identity Module) ဆိုသည်မှာ ကိရိယာတစ်ခု၏ eUICC ချစ်ပ်ပြားပေါ်တွင် ထည့်သွင်းထားသော ဆော့ဖ်ဝဲပုံစံ ဆင်းမ်ကတ် အမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းသည် အဝေးထိန်းစနစ်ဖြင့် SIM ဝန်ဆောင်မှုပေးခြင်းမှတဆင့် မိုဘိုင်းလ်ကွန်ရက် အော်ပရေတာများနှင့် ချိတ်ဆက်ပေးသည်။ အသုံးပြုသူများသည် မိမိတို့၏ ကိရိယာအတွင်းရှိ ဆက်တင်များမှတစ်ဆင့် မိုဘိုင်းလ်ကွန်ရက် အော်ပရေတာများကို ချိတ်ဆက်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းများကို ပြုလုပ်နိုင်ပြီး၊ ဆင်းမ်ကတ်ကို ကိုယ်တိုင်ကိုယ်ကျ ထည့်သွင်းရန် သို့မဟုတ် လဲလှယ်ရန် မလိုအပ်ပေ။ ဝန်ဆောင်မှုပေးသူ တစ်ခုတည်းနှင့်သာ ချိတ်ဆက်ထားသည့် အသုံးပြုသူ အမှတ်အသား တစ်ခုတည်းကိုသာ သိမ်းဆည်းနိုင်သော ရုပ်ဝတ္ထုအခြေပြု ဆင်းမ်ကတ်များနှင့် မတူသည်မှာ၊ eSIM သည် အော်ပရေတာ အများအပြားနှင့် ချိတ်ဆက်နိုင်ပြီး ကိရိယာများတွင် eSIM အစီအစဉ် အမြောက်အမြားကို တစ်ပြိုင်နက် သိမ်းဆည်းထားနိုင်သည်။[၁][၂][၃][၄][၅] သို့သော်လည်း ဈေးနှုန်းသက်သာစေရန်အတွက် eSIM အစီအစဉ် အများစုသည် ဒေတာဝန်ဆောင်မှုကိုသာ ပေးဆောင်ကြပြီး ဖုန်းနံပါတ်များ ပါဝင်ခြင်း မရှိကြပေ။[၆]
၂၀၁၈ ခုနှစ် သို့မဟုတ် ၎င်းနောက်ပိုင်းတွင် ထွက်ရှိခဲ့သော ဖုန်းများနှင့် တက်ဘလက် အများစုသည် eSIM နည်းပညာကို အသုံးပြုနိုင်ကြသည်။[၇]
eSIM စတင်အသုံးပြုခဲ့သော ကိရိယာများ
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် Samsung သည် eSIM ကို ပထမဆုံး စတင်အသုံးပြုသည့် Samsung Gear S2 Classic 3G စမတ်နာရီကို ထုတ်လုပ်ခဲ့သည်။[၈]
Apple ၏ ပထမဆုံး eSIM နည်းပညာသုံး ကိရိယာမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ထွက်ရှိခဲ့သော Apple Watch Series 3 ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် iPhone XS[၉]၊ iPhone XR[၁၀] နှင့် iPad Pro (တတိယမျိုးဆက်)[၁၁] တို့၌ eSIM ကို စတင်မိတ်ဆက်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကြေညာခဲ့သော အမေရိကန်ပြည်ထောင်စု၌ ရောင်းချသည့် iPhone 14 နှင့် iPhone 14 Pro တို့သည် SIM ကတ် အပေါက်မပါဘဲ eSIM သီးသန့် အသုံးပြုရသည့် ပထမဆုံး iPhone မော်ဒယ်များ ဖြစ်လာခဲ့သည်။ အမေရိကန် ပြင်ပတွင်မူ iPhone မော်ဒယ်အားလုံးသည် ဖုန်းဆင်းမ်ကတ် (Physical SIM) ကို ဆက်လက် အသုံးပြုနိုင်သော်လည်း ၂၀၂၄ ခုနှစ်တွင် ထွက်ရှိသော iPad Air (၆ ခုမြောက် မျိုးဆက်)၊ iPad Pro (၇ ခုမြောက် မျိုးဆက်) နှင့် iPad Mini (၇ ခုမြောက် မျိုးဆက်) တို့မှာ eSIM တစ်မျိုးတည်းဖြင့်သာ အလုပ်လုပ်ပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစ၍ iPhone 17 နှင့် iPhone 17 Pro တို့သည် နိုင်ငံအတော်များများတွင် eSIM သီးသန့်ဖြစ်လာခဲ့ပြီး ၎င်းဖွဲ့စည်းပုံကြောင့် ဘက်ထရီပမာဏ ပိုမိုကြီးမားလာခဲ့သည်။ ထို့ပြင် iPhone Air သည်လည်း မည်သည့်နိုင်ငံတွင်မဆို ဖုန်းဆင်းမ်ကတ် အပေါက် လုံးဝမပါဝင်တော့သော Apple ၏ ပထမဆုံး ကိရိယာ ဖြစ်လာခဲ့သည်။[၁၂]
၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် Google သည် Google Fi Wireless ဝန်ဆောင်မှုမှတစ်ဆင့် အသုံးပြုနိုင်သော eSIM သုံး ပထမဆုံး မိုဘိုင်းဖုန်း Pixel 2 ကို မိတ်ဆက်ခဲ့သည်။ [၁၃]၂၀၁၈ ခုနှစ်တွင် Pixel 3 နှင့် Pixel 3 XL၊ ၂၀၁၉ ခုနှစ် မေလတွင် Pixel 3a နှင့် Pixel 3a XL တို့ကို အခြား အော်ပရေတာများအတွက်ပါ eSIM အထောက်အပံ့ပေး၍ ထုတ်လုပ်ခဲ့သည်။ Pixel 3 စီးရီးသည် ဆင်းမ်ကတ် တစ်ခုတည်းကိုသာ (ရိုးရိုးဆင်းမ် သို့မဟုတ် eSIM) အသုံးပြုနိုင်သော်လည်း Pixel 3a စီးရီးမှစ၍ ရိုးရိုးဆင်းမ်ကတ် တစ်ခုနှင့် eSIM တစ်ခု ပါဝင်သော Dual-SIM စနစ်ကို အသုံးပြုနိုင်ခဲ့သည်။ Pixel 7 မှစတင်၍ Dual eSIM ကို အသုံးပြုနိုင်ခဲ့သော်လည်း ရိုးရိုးဆင်းမ်ကတ်ကိုလည်း ဆက်လက်သုံးစွဲနိုင်ခဲ့သည်။ အမေရိကန်တွင် ရောင်းချသော Pixel 10 စီးရီး (Pixel 10 Pro Fold မပါဝင်) များမှာမူ Google ၏ ရိုးရိုးဆင်းမ်ကတ် အပေါက် မပါဝင်သော ပထမဆုံး ကိရိယာများ ဖြစ်လာခဲ့ပြီး eSIM သီးသန့်သာ အသုံးပြုနိုင်တော့သည်။[၁၄]
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် Microsoft သည် ၎င်း၏ ပထမဆုံး eSIM ပါဝင်သော Microsoft Surface Pro LTE ကို ထုတ်လုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် Windows 10 Operating System ၌ eSIM စနစ်ကို စတင်ထည့်သွင်းခဲ့သည်။[၁၅]
Motorola သည် ၂၀၂၀ ခုနှစ်တွင် eSIM တစ်မျိုးတည်းသာ အသုံးပြုနိုင်သော ခေါက်ဖုန်း (Foldable Smartphone) အမျိုးအစားဖြစ်သည့် Motorola Razr ကို ထုတ်လုပ်ခဲ့သည်။[၁၆]
Samsung သည် မြောက်အမေရိကတွင် ရောင်းချသော Samsung Galaxy S21 နှင့် S20 တို့၌ eSIM Hardware များ ထည့်သွင်းထားသော်လည်း စတင်ထုတ်လုပ်ချိန်တွင် Software အထောက်အပံ့ မပါဝင်ခဲ့ပေ။ ယင်းလုပ်ဆောင်ချက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ထွက်ရှိသော One UI version 4 update မှတစ်ဆင့် စတင်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ What Does eSIM Mean for IoT?။
- ↑ Lunn၊ Emma။ "A Guide To eSIMS"၊ Forbes၊ 24 March 2022။
- ↑ Remote SIM Provisioning: How it Works။ GSMA။ 25 April 2017။
- ↑ O'Halloran၊ Joe။ "eSIM set to be next mobile industry disruptor"၊ Computer Weekly၊ 7 June 2024။
- ↑ Semma၊ Joe။ "eSIM adoption: A game-changer for the telecommunications market"၊ AlixPartners၊ 30 October 2024။
- ↑ Whitley၊ Alisha။ "How To Make a Phone Call With a Data-Only eSIM"၊ Airalo၊ December 3, 2024။
- ↑ What is eSIM?။ T-Mobile US။
- ↑ Vincent၊ James။ "Samsung's Gear S2 has the first certified eSIM that lets you choose carriers"၊ The Verge၊ Vox Media၊ 18 February 2016။
- ↑ "iPhone Xs and iPhone Xs Max bring the best and biggest displays to iPhone" (သတင်းထုတ်ပြန်ချက်)။ Apple Inc.။ 12 September 2018။
- ↑ "Apple introduces iPhone XR" (သတင်းထုတ်ပြန်ချက်)။ Apple Inc.။ 12 September 2018။
- ↑ "New iPad Pro with all-screen design Is most advanced, powerful iPad ever" (သတင်းထုတ်ပြန်ချက်)။ Apple Inc.။ 30 October 2018။
- ↑ "Introducing iPhone Air, a powerful new iPhone with a breakthrough design"။ Apple Inc. (သတင်းထုတ်ပြန်ချက်)။
- ↑ Statt၊ Nick။ "Google's Pixel 2 phones are the first to use built-in eSIM technology"၊ The Verge၊ 4 October 2017။
- ↑ Radochia၊ Stephen။ "The downsides of eSIM-only phones like the Google Pixel 10"၊ Android Authority၊ 24 Aug 2025။
- ↑ "IDEMIA to partner with Microsoft to facilitate eSIM management for Windows 10 Enterprise Devices" (သတင်းထုတ်ပြန်ချက်)။ IDEMIA။ 26 September 2018။
- ↑ Using an eSIM with the Motorola Razr။ EE။
| ဤ နည်းပညာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |